ဘုတလင်မှာ အရပ်သားတွေ ခုတ်ထစ်သတ်ဖြတ်ခံရမှုကို ကုလညီလာခံမှာ ဦးကျော်မိုးထွန်း တင်ပြ
ဘုတလင်မှာ အရပ်သားတွေ ခုတ်ထစ်သတ်ဖြတ်ခံရမှုကို ကုလညီလာခံမှာ ဦးကျော်မိုးထွန်း တင်ပြ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က အရပ်သားတွေကို စစ်ကောင်စီတပ်က အဆိုးရွားဆုံး လူမဆန်တဲ့ ပုံစံနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုခဲ့ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ကုလအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု ဆွေးနွေးတဲ့ အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ အဆိုးရွားဆုံး လူမဆန်မှုကို ထပ်လောင်းပြသခဲ့သလို သတ်ဖြတ်ခံရသူတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ခုတ်ထစ်ခံထားရပြီး ဦးခေါင်းတွေကိုလည်း ခြံစည်းရိုးတွေပေါ် ချိတ်ဆွဲထားခဲ့ကြောင်း၊ ဒီဖြစ်စဉ်ကို အခု ပြောကြားရတာကိုပင် ထိတ်လန့်ဖွယ်ကောင်းနေပြီး ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
ဘုတလင်မှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကတော့ အောက်တိုဘာ ၁၂ ရက်ကနေ ၂၁ ရက်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အင်အား ၁၀၀ ကျော် စစ်ကြောင်းဟာ ပြည်သူ ၂၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး စီပါကျေးရွာ ဒေသခံ ၈ ဦးတို့ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးခဲ့ရတဲ့ စီပါကျေးရွာနေ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ခေါင်းဖြတ်ထားတာ၊ ခြေလက်တွေ ဖြတ်ထားတာ၊ အရေခွံစုတ်ထားတာ၊ အမျိုးသားလိင်အင်္ဂါကို ဖြတ်ပြီး အမျိုးသမီး ရုပ်အလောင်းရဲ့ ပါးစပ်တွင်းထည့်ထားတာ၊ ဦးခေါင်းတွေကို ထန်းလျက်ကာ ခြံစည်းရိုးပေါ် စိုက်ထူထားတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ထားပါတယ်။
ယင်းအခြေအနေတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလအစည်းအဝေးရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု ဆွေးနွေးမှာ တင်ပြခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်လူ့အခွင့်အရေးအခြေအနေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီလို့ ပြောခဲ့ပါတယ်။
ဒါအပြင့် စစ်ကောင်စီဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ ရက်စက်တဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တာကြောင့် လူထောင်ပေါင်းများစွာ အသက်သေကြေတာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပြီး ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အချိုးမညီမျှစွာ အကျိုးသက်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်နေခြင်းကနေ အကာအကွယ်ပေးဖို့ အင်သစ်အားသစ်နဲ့ အာရုံစိုက်ပေးဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။
စစ်တပ်ဟာ သူတို့အတွက် အရေးပါတဲ့ လက်နက်ခဲယမ်း၊ လေယာဉ်ဆီ၊ နိုင်ငံခြားငွေ လက်ခံရရှိနေခြင်းတွေကို ပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့တားမြစ်ဖို့ လိုအပ်နေပြီး လက်နက်နဲ့ စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေကို ဆက်လက်ပံ့ပိုးနေတဲ့ နိုင်ငံတချို့ကြောင့် အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူတွေ သတ်ဖြတ်ခံရနိုင်တယ်ဆိုတာကို သတိချပ်ကြဖို့ကိုလည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူ ၅,၈၀၀ ကျော် သတ်ဖြတ်ခံရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ပြည်သူ ၂၆,၀၀၀ ကျော်အထိ ရှိကာ လူဦးရေ ၃ ဒသမ ၄ သန်းကျော်ကလည်း နေရပ်စွန့်ခွာနေထိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times