“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

ဓာတ်ပုံ - PLA, DNPDF

နိုင်ငံတဝှမ်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ဆယ်ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ ကိုးကန့်တပ် MNDAA ကို တရုတ် ခေါ်တွေ့

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်နဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းတို့ ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ ဘီဘီစီက ဒီကနေ့မှာ သတင်းဖော်ပြထား ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကို နှစ်ဘက်လုံးက မထုတ်ပြန်ခဲ့ပေမဲ့ လားရှိုးကနေ ကိုးကန့်တပ်ဆုတ်ခွာဖို့၊ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ တရုတ်ဘက်က ဖိအားပေးနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြောင်းလည်း ဘီဘီစီက ‌ရေးသားထားပါတယ်။ ကိုးကန့်တပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ကြောင်းနဲ့ မန္တလေးမြို့ကိုလည်း ဝင်မတိုက်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

၂။ ရှမ်းမြောက်စစ်ဆင်ရေးကနေ ပြန်လာတဲ့ PLA ရဲဘော်တွေကို ပြည်သူလူထု ကြိုဆို

ရှမ်းပြည်မြောက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲရ ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲဘော်တွေကို အညာဒေသတနေရာမှာ ပြည်သူလူထုက ကြိုဆိုနေတဲ့ မြင်ကွင်းကို PLA က အခုလ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA ၊ AA တို့နဲ့ PLAဟာ ပူပေါင်းလက်တွဲပြီး မြို့သိမ်းတိုက်ပွဲနဲ့ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ PLAဟာ ၁၀၂၇ ပထမပိုင်းနဲ့ ဒုတိယပိုင်း စစ်ဆင်ရေးအတွင်း သန္နီ၊ လားရှိုး၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သလို TNLA နဲ့အတူ သီပေါမြို့ သိမ်းပိုက်တိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

၃။ တိုက်ပွဲကျရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သီတင်းကျွတ်ကန်တော့

၁၀၂၇ စစ်ဆင်ရေး အတွင်းနဲ့ တစ်ခြားတိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တဲ့ ဒေါင်းနီပြည်သူ့ ကာကွယ်ရေးတပ်(DNPDF) တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို သီတင်းကျွတ်မှာ DNPDF အဖွဲ့ဝင်တွေက လိုက်လံကန်တော့ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်းမန်း စစ်ဆင်ရေးအတွင်းမှာ DNPDF က ဒုစစ်ရေးတာဝန်ခံ တစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး၊ တပ်စိတ်မှူး တစ်ဦးနဲ့ ရဲဘော် ငါးဦး စုစုပေါင်းတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ပါတယ်။ ရဲဘော်အားလုံးရဲ့ မိသားစုဝင်တွေကို ငွေတစ်သိန်းကျပ်စီ ကူညီပေးခဲ့တယ်လို့ DNPDF တပ်ဖွဲ့ရဲ့ တပ်ရေးဗိုလ် ကိုလေးလုံးက ‌‌‌ရွှေဖီမြေသတင်းဌာနကို ပြောပါတယ်။ “အဓိကရည်ရွယ်ချက်ကတော့ အာဇာနည်ရဲဘော်တွေမွေးထုတ်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်းနဲ့ နောက်ထပ်သားတွေက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တာဝန်တွေ ကျေပွန် ထမ်းဆောင်နေကြရင်း မိသားစုကိုလည်း အားမငယ်ဖို့ပါပဲ”လို့ ကိုလေးလုံးက ပြောပါတယ်။ DNPDF ဟာ စစ်ကိုင်းတိုင်း ဝက်လက်မမြို့နယ်မှာ အခြေစိုက်ပြီး တိုင်းအတွင်းက တိုက်ပွဲတွေအပြင် ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

၄။ မန္တလေးကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ဖော်ထုတ်အရေးယူဖို့ တရုတ်တောင်းဆို

မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ ၁၈ ရက်နေ့က တိုက်ခိုက်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ “တိုက်ခိုက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ကျုးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီအရေးယူဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကောင်စစ်ဝန် အရာရှိတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နောက်နောင် အလားတူထပ်မဖြစ်အောင် မြန်မာကို တောင်းဆိုထားပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာ ၂၁ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နှစ်ထပ်ဆောင် ခေါင်မိုးအနည်းအကျဉ်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူနဲ့တခြားထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၅။ မြိတ်ကျွန်းစုနားမှာ စစ်ကောင်စီနဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီးဟာ မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို အခုလ ၂၀ ရက်နေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေကို မြိတ်ကျွန်းစုနားမှာ ငါးရက်ကြာပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ပူးတွဲလေးကျင့်မှုကို အခုလ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရုရှားစစ်တပ်က အရာရှိ စစ်သည်တွေနဲ့အတူ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့ ဧရိယာနဲ့ ငါးမိုင်အတွင်း သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ၊ စက်လှေနဲ့ ငါးဖမ်းလှေတွေ၊ ရေယာဉ် ရဟတ်ယာဉ်တွေ ဖြတ်သန်းမသွားဖို့လည်း စစ်ကောင်စီက သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုက ရုရှားရေတပ်နဲ့ မြန်မာရေတပ်အကြား ဒုတိယအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်တာပါ။ ပထမအကြိမ်လေ့ကျင့်မှုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက မြိတ်ကျွန်းစုဘက်မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်၊

၆။ ကန်ပိုက်တီက နယ်ခြားစောင့်တပ် (၁၀၀၃) ကို KIA နဲ့ ပူးပေါင်းတပ် သိမ်းပိုက်

ကချင်ပြည်နယ် ကန်ပိုက်တီမြို့အနီးက နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၃) ကို KIA နဲ့ ပူးပေါင်းတပ်တွေက အခုလ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမှာ ရှိတဲ့ နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၂) ကို အခုလ ၁၅ ရက်နေ့ကတည်းက သိမ်းထားတာပါ။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ အခုလ ၁၆ရက်နေ့က စတင်ပြီး တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၃) ကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ KIA က အခုလ ၁၈ရက်နေ့မှာလည်း ပန်ဝါမြို့ကို သိမ်းယူထားပြီး နယ်မြေရှင်းလင်းရေးနဲ့ ပြည်သူတွေအတွက် လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်နေတယ်လို့ KIA က ဗိုလ်မှုးကြီးနော်ဘူက မီဒီယာတွေကို ပြောထားပါတယ်။

၇။ KNLA (ဗဟို)ဌာနချုပ်ကို စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပူးပေါင်းတပ်တွေ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေချိန်မှာပဲ KNLA (ဗဟို)ဌာနချုပ်ကို အခုလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်က Suicide Drone အမျိုးအစားကို အသုံးပြုကာ တပ်မဟာ (၇)ရှိ ဌာနချုပ်အပေါ် ဗုံးလေးလုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတစ်ခု အနည်းငယ်ထိခိုက်မှု ရှိခဲ့ပြီး ရဲဘော်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ကော့ကရိတ် ကျုံဒိုးဘက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ရှိနေပြီး မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း လေးခုလောက်ကို KNLAနဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

၈။ လားရှိုးမြို့က စစ်သုံ့ပန်း မိသားစုဝင် ၃၁ယောက်ကို ကိုးကန့်တပ် ပြန်လွှတ်ပေး

လားရှိုးမြို့အခြေစိုက် အကျဥ်းထောင်ထဲမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အခုလ၂၀ ရက်နေ့ရက်စွဲနဲ့ ကိုးကန့်တပ်(MNDAA)က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အဲ့ဒီစစ်သုံ့ပန်း မိသားစုဝင်တွေကို လူသားချင်း စာနာထောက်ထားမှုနဲ့ ကိုးကန့်တပ်ရဲ့ လားရှိုးမြို့ရှိ နိုင်ငံရေးဌာနမှ ဦးစီးပြီး နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်သုံ့ပန်း မိသားစုဝင်တွေကို နေရပ်အသီးသီးကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည်ရောက်ရှိနိုင်ဖို့ မော်တော်ယာဥ်တွေကိုပြင်ဆင်ပေးခဲ့သလို လမ်းခရီးစရိတ်ဖြစ်တဲ့ စားနပ်ရိက္ခာတွေအပြင် တည်းခိုစရိတ်တွေကိုပါ တစ်ပါးတည်း ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

၉။ အာဆီယံရဲချုပ်တွေနဲ့ စစ်ကောင်စီဥက္ကဌတွေ့ဆုံ

နေပြည်တော်မှာ ရောက်နေတဲ့ အာဆီယံနိုင်ငံတွေက ရဲချုပ်တွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အာဆီယံရဲချုပ်တွေဟာ မြန်မာက အိမ်ရှင်အဖြစ် နေပြည်တော်မှာ အခုလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပခဲ့တဲ့ (၄၂) ကြိမ်မြောက် အာဆီယံရဲတပ်ဖွဲ့ညီလာခံကို တက်ရောက်ဖို့ ရောက်နေကြတာပါ။ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံပွဲကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့က ရဲချုပ်တွေနဲ့ အဆင့်မြင့်ရဲအရာရှိကြီးတွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ၎င်းတို့ တွေ့ဆုံချိန်မှာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းချတာနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တားဆီး နှိမ်နင်းမယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့၊ လာအိုနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းတော်ဝင်ရဲအဖွဲ့တို့နဲ့ မြန်မာရဲတပ်ဖွဲ့က သီးခြားစီတွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာလည်း ရှိတယ်လို့ သိရပါတယ်။ ညီလာခံကို အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတွေသာမကဘဲ ဆွေးနွေးဖက်နိုင်ငံနဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)နဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

၁၀။ မြန်မာနယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်း တင်သွင်းခွင့် တရုတ်ဘက်က ပိတ်ပင်

ရှမ်းပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မိုင်းလား - တာလော့ဂိတ်၊ မူဆယ် - ကျယ်ခေါင် ဂိတ်အပြင် နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ကုန်စည်တင်သွင်းခွင့်တွေ ပိတ်ပင်ထားပါတယ်။ အခုလ၂၂ ရက်နေ့က စတင်ပိတ်ပင်ခဲ့တာ ဖြစ်ပြီး လူအဝင်အထွက်တွေကိုပါ တင်းကြပ်ထားတယ်လို့ မူဆယ်မြို့နေ ဒေသခံတစ်ဦးက ရွှေဖီမြေ သတင်းဌာနကို ပြောပါတယ်။ တရုတ်ပြည်ဘက်ကနေ စားသောက်ကုန်အမျိုးမျိုး၊ စက်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။ ရှမ်းအရှေ့ကျိုင်းတုံ - မိုင်းလားဘက်က တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ တာ့လော့ဂိတ်မှာလည်း ကုန်စည်တင်သွင်းခွင့်တွေကို ပိတ် ထားတယ်လို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ ရှမ်းမြောက်က နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ပင်ထားခဲ့သလို စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ မူဆယ်ဂိတ်တွေကိုပါ ပိတ်ပင်ထားတာပါ။ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ ရှမ်းမြောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းဂိတ်တွေကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ကချင်ပြည်နယ် လွယ်ဂျယ်က နယ်စပ်ဂိတ်ကိုလည်း KIA က သိမ်းယူထားပါတယ်။

The Tanintharyi Times