ထောက်ပို့တပ်သားကောင်း ဘကြီးရဲ့ တော်လှန်သောကန်တော့ခံနည်း
ထောက်ပို့တပ်သားကောင်း ဘကြီးရဲ့ တော်လှန်သောကန်တော့ခံနည်း
ကန်တော့ချင်ရင် ဒီနှစ်ချက်ဆောင် ဆိုတဲ့ ခေါင်းစဉ်ကို မြင်လိုက်တော့ အလိုလိုပြုံးမိသွားတယ်။ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ ၂ရက်၊ဘကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်လိုက်တဲ့ ပို့စ်။
(၁) ကန်တော့ရမယ့်အချိန်ကို ရက်ချိန်းကြိုယူရန်(၂)ငွေသာ ကန်တော့ကြရန်တဲ့။ ကဲ၊ဘယ်လောက်ထိ ကြီးကျယ်လှတဲ့ ကန်တော့ခံနည်းလဲ။
ဘကြီးရဲ့ အဲဒီပို့စ်အောက်မှာ လိုက်ခ်တွေက ရာကျော်။ မန့်တွေကလည်း မနည်း။ မန့် အများစုက ဘကြီးရဲ့ အရင်းအချာတူ၊ တူမတွေ။ဟိုး…ငယ်ငယ်ကစလို့ တူ၊ တူမတွေ အကုန်လုံးဘကြီးကို မကြောက်၊ ဘကြီးကို မချစ်တဲ့ တူ၊တူမတွေလည်း မရှိကြတာမို့ ပြန်နောက်ပြောင်ထားတဲ့ မန့်တွေ ဝေဝေဆာဆာ။
တူအရင်းတစ်ယောက်က “သတိ၊ ကန်တော့ခံချင်ရင် ဒီနှစ်ချက်ဆောင်”တဲ့။ (၁)ကန်တော့ခံလိုရင် မုန့် ဖိုးဘယ်လောက်ပေးမလဲဆိုတာ ကြိုတင်ပြောရန် (၂)လာကန်တော့မယ့် တူ၊ တူမတွေက တောအရက်မကြိုက်တာကြောင့် ဘလက်လေဘယ် တိုက်နိုင်၊ မတိုက်နိုင် ကြိုပြောရန်တဲ့။
အဲဒီမန့်အောက်မှာ ဘကြီးက reply ထပ်ပြန်ထားလိုက်သေး။ “ ဆောရီးပါ ငါ့တူကြီး၊ ကန်တော့ခံရောဂါရနေတဲ့သူတွေထဲ ဘကြီး မပါ၊ ဘကြီးသည် ပေါတောတောဘကြီးမဟုတ်”တဲ့။
ဘကြီးရဲ့ အဲဒီ reply အောက်မှာလည်း ပြန်ဝုန်းထားကြတဲ့တူ၊ တူမတွေ မနည်း။ “အသက်ကြီးပြီ၊ စောင်းမပြောရ”၊ “ ရန်ဖြစ်ချင်ပြန်ပြီလား”၊ “အားကစားလုပ်တယ်၊ ကျန်းမာတယ်ဆိုပြီး စိန်ခေါ်တာလား”၊ “အသက်၈၀ကျော်မှ ရဲစခန်းရောက်ချင်သလား”၊ စသဖြင့်။
ဘကြီး ပြောလိုတဲ့ ကန်တော့ခံရောဂါရနေတဲ့သူတွေဆိုတာက ဘကြီးတို့လမ်းထဲက အငြိမ်းစားရဲအုပ်ကို ဆိုလိုတာမှန်း တူ၊တူမတွေက သိကြတာမို့ အချင်းချင်းသိတဲ့အသုံးတွေနဲ့ ပြန်ဝုန်းကြတာ။ အဲဒီအငြိမ်းစားရဲအုပ်ရဲ့အဖေက ဖဆပလခေတ်နဲ့ မဆလခေတ်တုန်းက သေနတ်အားကိုးနဲ့ ရပ်ရွာပြည်သူတွေအပေါ် ဗိုလ်ကျခဲ့တဲ့ ပြည်သူစစ်ခေါင်းဆောင်။ သူ့သားအငြိမ်းစားရဲအုပ်ကလည်း ငယ်ငယ်ကတည်းက အဖေအားကိုးနဲ့ မိုက်ဂုဏ်ကြွ လူပါးဝခဲ့တဲ့သူ။ ဘကြီးနဲ့ အသက်တူ၊အတန်းတူပေမဲ့ ငယ်ငယ်ကတည်းက အဆက်အဆံ ခပ်ပြတ်ပြတ်။
အငြိမ်းစားရဲအုပ်က ၉တန်း နှစ်ခါကျပြီးတော့ စစ်တပ်ထဲဝင်။ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးဖြစ်လာပြီးနောက် ရဲတပ်ဖွဲ့ဘက် အသွင်ပြောင်းတော့ ဒုရဲအုပ်ဖြစ်။ ပင်စင်ယူခါနီး ၄-၅နှစ်
လောက်မှာ ရဲအုပ်အဖြစ်နဲ့ ဇာတိမြို့ကို ပြောင်းရွှေ့လာ။ လာဘ်စားလိုက်တာကလည်း ရွာကျော်မြို့ကျော်။ လက်အောက်ငယ်သားတွေအပေါ် လည်း မသထာ၊ ဖြတ်စားလတ်စား၊အာဏာပြ၊အနိုင်ကျင့်။ ပြီးတော့ အခါကြီးရက်ကြီးတွေမှာလည်း ကန်တော့ခံ ချင်တာ ရူးမတတ်။ လာမကန်တော့တဲ့ လက်အောက်ငယ်သားကို နည်းပေါင်းစုံနဲ့ ပညာပြလိုက်တာလွန်ရော။
ဆိုတော့ သူအာဏာရှိစဉ်က ကြောက်ပြီး လာကန်တော့ကြတဲ့ လက်အောက်ငယ်သားတွေက သူပင်စင်လည်းယူရော လာကန်တော့ဖို့ဝေးစွ၊အဖက်တောင် မလုပ်။ဒါနဲ့ ကန်တော့ခံရာသီရောက်ရင် သူ့ဆီ ဘယ်သူ လာကန်တော့မလဲ တမျှော်မျှော်ပေါ့။
ဘကြီးရဲ့ ပညာအရည်အချင်းက ၁၀တန်း။ သူတို့ခေတ်အခေါ် တန်းမြင့်ကျောင်းထွက်။အဲဒီရဲအုပ်ထက် တစ်တန်းသာတာမို့ “၉တန်းကျတဲ့ကောင်တောင် ရဲအုပ်ဖြစ်သေးတာ။ဘကြီးလည်းရဲထဲဝင်ရင် ရဲမှူး လောက်တော့ ဖြစ်တယ်”လို့ တစ်ခါတစ်ရံ အဲဒီလို ခပ်ရိရိပြောတတ်လို့ ကျနော်တို့ တူ၊ တူမတွေ ပွဲကျခဲ့သေး။
တကယ့် ဘကြီးရဲ့ ဝါသနာက စိုက်ပျိုးရေး။ယိမ်းနွဲ့နေတဲ့ စပါးခင်းကိုမြင်ရရင် အလိုလိုပျော်ရွှင်နေသူမို့ ၁၀တန်းတစ်နှစ်ကျပြီးကတည်းက မိဘပိုင်လယ်ဧက၃၀ကျော်ကို ဝင်ဦးစီးလုပ်ကိုင်ခဲ့တာ ၁၀နှစ်ကြာတဲ့အချိန် လယ်ဧကပိုင်ဆိုင်မှု ၂ဆ တိုးပွား။
ဘကြီးရဲ့ နောက်ဝါသနာစာမဖတ်ရ မနေနိုင်
သူမို့ သမားရိုးကျစိုက်ပျိုးရေးကို ခေတ်အမြင်နည်းပညာနဲ့ ပေါင်းစပ်နိုင်ရုံတင်မက ကျနော်တို့မြို့ရဲ့ ပထမဆုံး စက်မှုလယ်ယာအပြောင်းအလဲ စတင်ခဲ့သူအဖြစ် နာမည်ကျော်။ပြီးတော့ ဆန်စက်ကြီးထောင်။စပါးပွဲစားလည်းလုပ်။ပြီးတော့ ခြံ တွေဝယ်ကာ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နဲ့ ကျွဲကော စီးပွားဖြစ်စိုက်ပျိုးတော့လည်း တကယ့်ကို စီးပွားဖြစ်လို့။
ကျနော်တို့ တောမြို့မှာကောင်းရောင်းကောင်းဝယ်နဲ့ ချမ်းသာလာရုံတင်မက ပေးထွက်ကျွေးထွက် မြို့ရေး ရွာရေး ပရဟိတ ငွေအထပ်လိုက်ထွက်သူမို့ အခါကြီးရက်ကြီးဆို လာကန်တော့ကြသူတွေကအခုထိ မနည်းမနော။
ဘကြီးက အခုအသက်၈၀ကျော်။ လွန်ခဲ့တဲ့နှစ်၃၀လောက်ကတည်းက သူ့ကို လာကန်တော့မယ်ဆို ဘယ်နေ့မှာ ဘယ်နှစ်ယောက်လာကန်တော့မလဲဆိုတာ ကြိုအကြောင်းကြား။လာကန်တော့သူအားလုံးကို ညနေစာထမင်းကျွေးသလို သိပ်အဆင်မပြေတဲ့သူတွေကို ဆန်
အိတ်ပေး၊ ကလေးတွေကို မုန့်ဖိုးနိုင်နိုင်နင်းနင်းပေး။ အဲဒါကို ဘကြီးအပေါ် မနာလိုစိတ်ကြီးတဲ့ အငြိမ်းစားရဲအုပ်က လာကန်တော့ချင်အောင် ပေးကမ်းနေတာလို့ စောင်းမြောင်းပြောတာကြောင့် လွန်ခဲ့တဲ့ နှစ်၂၀လောက်က စကားများခဲ့သေးသမို့ အခုတူ၊ တူမတွေက ဝိုင်းပြောကြတာပ။
တူတစ်ယောက်က တောအရက်မကြိုက်၊ဘလက်လေဘယ်တိုက်လို့ မန့်တာကျတော့ ဘကြီးက ရာသက်ပန်ထန်းလျက်ချက်အရက်ကို စွဲစွဲလန်းလန်းသောက်ရုံတင်မက သူ့ဆီလာတဲ့ဧည့်တွေကိုလည်း သူ့ ချက်အရက်ကို အညွှန်းကြီးညွှန်းပြီး တိုက်တာကြောင့်။
ဘကြီးက အခု အသက်၈၀ကျော်တဲ့အထိ ချက်အရက်ကို တစ်ပတ် အလွန်ဆုံး ၂ရက် အမြည်းတွေ ဖွယ်ဖွယ်ရာရာနဲ့ ဇိမ်ခံသောက်နေတုန်း။ တောသူဌေးဆိုပေမဲ့ ဘယ်တုန်းကမှ ဝီစကီမသောက်။ရန်ကုန်လာရင်တောင်သူ့ကိုယ်ပိုင်ကားပေါ် ချက်အရက်ကို ပုံးနဲ့ထည့်
သယ်ကာ ချက်အရက်မှ ချက်အရက်။တူတွေ အရွယ်ရောက်လာပြီးနောက် ရပ်ဝေးက တူတွေ ဇာတိပြန်လာပြီဆိုလည်း အမြည်းတွေဖွယ်ဖွယ်ရာရာလုပ်ကာ ချက်အရက်နဲ့ တစ်ပွဲတစ်လမ်း။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစလို့ ဘကြီးက ကန်တော့ခံရာမှာ စည်းကမ်းတစ်မျိုးထပ်တိုးပြန်တယ်။ အရင့်အရင်တုန်းက လာကန်တော့မယ့်ရက်နဲ့ ကန်တော့မယ့် လူအရေအတွက်ကြိုပြောခိုင်းရာကနေ ထပ်ပြီး ဘာနဲ့ကန်တော့မလဲ ကြိုပြောခိုင်းပြီး တတ်နိုင်ရင် ငွေသားကန်တော့ဖို့ တောင်းဆိုခြင်းပါပဲ။
တစ်သက်လုံး ဘကြီးကို ကန်တော့ပြီး မုန့်ဖိုးမြိုးမြိုးမြက်မြက်ရခဲ့ကြသူအများစုက ထူထူထောင်ထောင်ဖြစ်နေကြပြီမို့ မုန့်ဖိုးပေးစရာမလိုတော့။ ဘကြီးက သူဌေးမို့လာကန်တော့တဲ့ တတ်နိုင်သူတွေက ကောင်းပေ့မုန့်တွေဘာတွေနဲ့သာ လာကန်တော့ကြတာမို့ မုန့်မလိုတဲ့ဘကြီး ပိုက်ဆံသာ ကန်တော့ဖို့ တောင်းဆိုလိုက်တာ။
ဒါနဲ့ တတ်နိုင်သူတွေက ကန်တော့နိုင်သလောက် ပိုက်ဆံကန်တော့ကြပြီး ဘကြီးက မတတ်နိုင်သူ တွေ လာကန်တော့တဲ့အခါ ပြန်လည်မျှဝေ။ပြီးတော့ ပိုတာတွေကို ကျနော်တို့မြို့ရဲ့ နာရေးကူညီမှုအသင်းရန် ပုံငွေအဖြစ် ထည့်ဝင်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကစလို့ ထောက်ပို့တပ်သားကောင်းဖြစ်လာတဲ့ ဘကြီးက တတ်နိုင်တဲ့ဆွေမျိုးမိတ်ဆွေ အရင်းအချာမှန်သမျှကို လစဉ် မထည့်မနေရ ငွေတောင်းခံ၊ လစဉ် ဘကြီးထည့်ဝင်တဲ့ငွေနဲ့ ပေါင်းလို့တော်လှန်ရေးအတွက် တိုးတိုးတိတ်တိတ် လှူ။
အခုလို ရက်ကြီးအခါကြီးတိုင်း လာကန်တော့တဲ့ငွေတွေအကုန် တော်လှန်ရေးအတွက်။ဒါ့ကြောင့် ငွေနဲ့သာ လာကန်တော့ကြ။တတ်နိုင်ရင် တတ်နိုင်သလို ငွေများများကန်တော့ကြ။အဝေးရောက် တပည့်သားချင်းတွေအားလုံး လူမလာနိုင်လည်း ကေပေးကနေ ငွေပို့ကန်တော့ကြ။
တခြားအချိန်တွေမှာ မတော်လှန်နိုင်ရင်နေ၊လစာထုတ်ပြီးရင်တော့ မမေ့မလျော့ တော်လှန်ကြတဲ့။ ဘကြီး မကြာခဏ ရေရွတ်လေ့ရှိတဲ့ စကား။
သူမသေခင် ကိုမင်းကိုနိုင် ဒီမိုကရေစီအလံတော်ကိုင်ကာ ရန်ကုန်ဝင်လာတာကို မြင်ချင်သေး၊ အမေစုအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်မှာ နေချင်သေးသမို့ ကိုယ်စီတနိုင် ဇွဲခတ်လို့သာ ရုန်းကြ။သီတင်းကျွတ်လည်း တော်လှန်၊ အခါကြီးရက်ကြီးတိုင်းလည်း အသပြာတတ်နိုင်၊ အသပြာနဲ့တော်လှန်ကြ ပါတဲ့။အသက်၈၀ ကျော်နေပေမဲ့ ဘကြီးကလက်တို့ပြီးတော့ ဆိုပုံ အဲဒီလို။
ဘကြီးဟာ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ထောက်ပို့တပ်သားကောင်းကြီး၊ ကတ္တီပါစွပ်ထားတဲ့ သံလက်သီး။
ထွန်းလင်း
The Tanintharyi Times
