အိမ်အိုကြီးရဲ့ အကျိုးအကြောင်း
အိမ်အိုကြီးရဲ့ အကျိုးအကြောင်း
အခုရက်ထဲ အဲဒီအကြောင်းကို ခေါင်းထဲတွေးနေမိတယ်။ အဲ့ဒီအကြောင်းဆိုတာ အချိုမှုန့်အကြောင်းပါ။ ကျွန်တော် တို့တတွေ နေ့စဉ်စားသုံးနေကြတဲ့ ဟင်းခတ်အချိုမှုန့်ပေါ့။
တကယ်တော့ အချိုမှုန့်ဆိုတာ ကျွန်တော်တို့မမွေးခင် ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက အိမ်မီးဖိုချောင်မှာ အခန့်သားတက်ထိုင် နေရာယူနေခဲ့ပြီးသားဖြစ်တဲ့ အရာပါပဲ။
ဟင်းလျာတွေထဲ သူမပါရင်မဖြစ်သလို မာန် တလွှားနဲ့ ကျွန်တော်တို့ကိုယ်တိုင် စားသုံးဖြတ်သန်းခဲ့ရတာပေါ့။ ။ တချို့ဆို အချိုမှုန့်မပါရင်ကို ခံတွင်းမလိုက် ၊ အရ သာ မရှိတော့သလို မှတ်ယူခံစားတဲ့အထိပါပဲ။
ကျွန်တော့်အဘွားဆိုရင် မနက်ဈေးသွားခါနီး အိမ်မီးဖိုချောင်အတွက် ဝယ်ဖို့လိုအပ်တဲ့ပစ္စည်းကို စစ်ဆေးတဲ့အခါတိုင်း ပထမဦးဆုံး စစ်ဆေးတဲ့အရာက အချိုမှုန့်ထည့်တဲ့ ဖန်ပုလင်းပါပဲ။
ဝယ်လာပြီဆိုရင်လည်း ဂျပန်ခေတ် ပစ္စည်း ရှားပါးပြတ်လတ်မှုနဲ့ မဆလမှောင်ခိုသမခေတ်ကို ကြုံခဲ့ရဖူးသူမို့ ပေါင်ထုတ်လိုက် လချီသုံးလို့ရအောင် ဝယ်ခဲ့တာမျိုးပါပဲ။ အဘွားဝယ်ထည့်ထားတဲ့ မီးဖိုချောင်ဖန်ပုလင်းထဲက အချိုမှုန့်ကို အသုံးပြုပြီး ချက်ပြုတ်ထားသမျှ ဟင်းလျာတွေကို ကျွန်တော်တို့ သားမြေးတွေ စားသုံးရင်း ကြီးပြင်းလာခဲ့ရတာပါပဲ။
ဒါပေမဲ့ အရွယ်ရလာ၊ ကျိုးကြောင်းဆင်ခြင်သိမှုနဲ့ ဗဟုသုတအသိလေး ရှိလာတော့ အချိုမှုန့်ဟာ ဘေးထွက်ဆိုးကျိုးများတဲ့ အရာတစ်ခုလို့ သိမှတ်လာရတယ်။ ခက်တာက ဒါက အချိန်အတော် နောက်ကျပြီးမှ ဖြစ်လာတဲ့သိမှုတစ်ခု ဖြစ်နေခဲ့တယ်။ သဘောကတော့ ဘေးထွက်ဆိုးကျိုးကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမယ်ဆို ထိခိုက်နစ်နာပြီး လို့ အချိန်များစွာလွန်မှ သိလာတဲ့ အသိမျိုးပေါ့။
အချိုမှုန့်ရဲ့ ဘေးထွက်ဆိုးကျိုးကို သိလာကြသူတွေက အချိုမှုန့် စားသုံးမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့နဲ့ အချို့ မှုန့်ကို အမြစ်ဖြတ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အရာကို အစားထိုးဖို့ ကြိုးစားလာကြတယ်။ တစ်ဖက် မှာ အချိုမှုန့်ပါမှ အရသာရှိတယ်ဆိုကြသူတွေကလည်း ပုံမှန်အတိုင်းပဲ အချိုမှုန့်ကို ဆက်လက်စားသုံးမြဲ ရှိနေခဲ့ကြ တယ်။
ဒါနဲ့ပတ်သက်လို့ မိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြဖူးတယ်။ သူက တစ်ကိုယ်တည်းသမားမို့ မနက်ခင်းဆိုရင် သူ့ရုံးအနီးက လက်ဖက်ရည်ဆိုင်မှာပဲ မနက်စာ စားလေ့ရှိတယ်။ သူမှာစားတဲ့ မနက်စာတိုင်းကို အ ချိုမှုန့်မထည့်ဖို့ စားပွဲထိုးကို မှာလေ့ရှိတယ်။ စားပွဲထိုးကလည်း ဟုတ်ကဲ့ဆိုပြီး မှာပေး ၊ စားစရာ လာချပေးတယ်။
တစ်ရက်တော့ စားပွဲထိုးလာချပေးတဲ့ မနက်စာအသုပ်ထဲမှာ အချိုမှုန့်အတုံးတွေ ပါလာခဲ့တယ်။ မိတ်ဆွေလည်း ဒေါသထွက်ပြီး စားပွဲထိုးကို ခေါ်၊ ဘယ်လိုဖြစ်တာလဲ မေးတယ်။ မေးတော့ စားပွဲထိုးက ပြောတယ်။ သူလည်း သေသေချာချာမှာပေမဲ့ အသုပ် သုပ်ပေးတဲ့ အဒေါ်ကြီးက အချိုမှုန့်မပါရင် ဘယ်စားကောင်းမှာလဲဆိုပြီး ထည့်သုပ်ပေးတာ ပါတဲ့။
အချိုမှုန့်မထည့်ဖို့ မှာထားတဲ့အတွက် အချိုမှုန့်မပါဘူးဘဲထင်ပြီး စားမှာပဲမို့ ဘာမှမပြောတာလို့ ဆိုတယ်။
‘ကျုပ်မှာ ရယ်ရခက် ငိုရခက်ဗျာ’ တဲ့ ။ မိတ်ဆွေက ဆိုတယ်။
အချိုမှုန့်ရှောင်လို့ ဆိုထားတာမို့ အချိုမှုန့် မပါဘူး ထင်ပြီး အချိုမှုန့်ပါတဲ့ မနက်စာတွေကို ဘယ်လောက်များများ သူစားမိတယ်မသိဘူးလို့ မိတ်ဆွေက ဆိုတယ်။
မိတ်ဆွေရဲ့ အဖြစ်လိုမျိုး ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်မှာ မဟုတ်ပါဘူး။ အသိလင်မယားရဲ့အိမ်မှာကြုံရတာပါ။
အသိလင်မယားက ကျန်းမာရေး ဗဟုသုတရှိကြတယ်။ အမျိုးသားကဆို အိမ်မှာအချိုမှုန့်မသုံးဖို့ ရာဇသံထုတ်ထားတယ်။ အချို့မှုန့်လည်း ရှောင်ကြတယ်။ တစ်ရက် အဲဒီအသိ လင်မယားရဲ့အိမ်မှာဝိုင်းဖွဲ့ဖြစ်တော့ အိမ်ရှင်မက သူကိုယ်တိုင်ထောင်းထားတဲ့ လက်ဖက်နှပ်ထောင်းကလေးနဲ့ ဧည့်ခံတယ်။
သူကိုယ်တိုင်လည်း ကျွန်တော်တို့နဲ့ အတူဝင်ထိုင်ရင်း စကားစမြည်ပြောတယ်။ ဟိုရောက်ဒီရောက် စကားပြောဆိုကြရင်းက လက်ဖက်ထောင်းစားကောင်းတဲ့အကြောင်းရောက်သွားတော့ အိမ်ရှင်မကလက်ဖက်ကိုဘယ်လိုထောင်း ဖြစ်ကြောင်း ပြောပြလာတယ်။
ကိုယ်တိုင်လုပ်ထားတဲ့ စားစရာအကြောင်း တခြားသူကို ပြောပြတဲ့အခါ ဖြစ်လေ့ရှိတတ်တဲ့အတိုင်း သူ့လက်ဖက်ထောင်းအကြောင်း အိမ်ရှင်မလည်း ပြောရင်းအားပါလာတော့ အချိုမှုန့်ထည့်ထောင်းထားတဲ့အကြောင်း ပါလာခဲ့တယ်။ အိမ်ရှင်မလည်း အချိုမှုန့်အကြောင်းပြောပြီးမှ ပါးစပ်ကိုလက်ဝါးနဲ့ အမြန်အုပ်ပေမဲ့ အချိန်ကမမီတော့ ။
တစ်ယောက်က အချိုမှုန့်မသုံးဖို့ ရာဇသံပေးထားသူ၊ တစ်ယောက်က ကျန်အရာအားလုံးမှာ အချိုမှုန့်ရှောင်ပေမဲ့ လက်ဖက်နှပ်ထောင်းကျ အချိုမှုန့်ပါမှ စားကောင်းတယ်ဖြစ်လေတော့ ကြားသုံးကြား ဝင်မကောင်းတာမို့ ကျွန် တော်လည်း နှုတ်ဆက်ပြီး သူတို့အိမ်က ထပြန်ခဲ့ရတယ်။
ဒီနေရာမှာ ခေတ်ပြောင်း ၊ စနစ်ပြောင်းနဲ့ ပိုမိုပွင့်လင်းလာတဲ့ အခြေအနေတချို့ကြောင့် ကြက်သားမှုန့်လို အချိုမှုန့် အစားထိုး အရာဝတ္တုတွေ ပေါ်ပေါက်လာခဲ့ပေမဲ့ ရွေးချယ်စရာများများစားစားရှိမနေတဲ့ တိုင်းပြည်မို့ အချိုမှုန့်ဟာ လက်ရှိအချိန်ထိ ပန်းပန်ထားနိုင်ဆဲ အရာတစ်ခုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ခုရက်ထဲ အချို့မှုန့်အကြောင်း ခေါင်းထဲရောက်နေတယ်ဆိုတာကလည်း အဲဒါပါပဲ။ တကယ်ဆို အချိုမှုန့်ကို စနစ် တစ်ခု၊ ဝါဒတစ်ခု၊ လူတစ်ခု၊ Boycott တစ်ခုလို့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ စွဲလမ်းခြင်းနဲ့ မှီခိုယုံကြည်ခြင်းကို ဆုပ်ကိုင်ထားသလိုပါပဲ။
ဥပမာ- စစ်အာဏာရှင်စနစ် ၊ လူမျိုးကြီးဝါဒ၊ ဘာသာရေး၊ ချစ်ခင်စွဲလမ်းမှု၊ လူစွမ်းကောင်းမင်းလောင်းမျှော်ခြင်း စတာမျိုးပေါ့။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ အစဉ်အလာကို စေ့ငုလေ့လာကြည့်ရင် အထက်က ဆိုခဲ့သလို စွဲလမ်းခြင်းနဲ့ မှီခို ယုံကြည်ခြင်းတွေဟာ လူ့အဖွဲ့အစည်း၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အပါအဝင် တော်လှန်ရေးအင် အားစု အဖွဲ့အစည်းတွေကြားမှာ ရောပြွန်းနေပြီး စစ်မှန်ပြတ်သားတဲ့ စနစ်တစ်ခုကို ကျိုးကြောင်းဆီလျော်စွာတည် ဆောက်ယူဖို့ အားနည်းခဲ့ကြတာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်ဟာ အိမ်မီးဖိုချောင်မှာ အခန့်သား ဝင်ထိုင်တဲ့ အချိုမှုန့်လို သူ့ကိုယ်သူနဲ့စစ်တပ်ကို အရာဝင်အောင် လူ့အဖွဲ့အစည်းအတွင်း နည်းမျိုးစုံနဲ့ (ဖိနှိပ်) ပုံစံသွင်းခဲ့တာပါပဲ။
လူ့အဖွဲ့အစည်းရဲ့ စိတ်သဏ္ဌာန်မှာ အချိုမှုန့်ပါမှစားကောင်းတယ်ဆိုတဲ့ အတွေးစိတ်မျိုး ကိန်းအောင်းပျော်ဝင်နေအောင် စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ဆိုတဲ့အရာကိုလည်း အာဏာမှိုင်း ၊ဝါဒမှိုင်း၊ ဘာသာရေးမှိုင်း၊ ခွဲခြားသပ်လျှို ခြင်းမှိုင်းစတဲ့ မှိုင်းပေါင်းများစွာအသုံးပြုပြီး တည်မြဲအောင်လုပ်ဆောင်ခဲ့တာ လက်ရှိကာလအထိပါပဲ။
ဒီနေရာမှာ အထက်ကပြောခဲ့တဲ့ အချိုမှုန့်အစားထိုးလိုအရာအဖြစ် အရပ်သားအစိုးရ၊ လွှတ်တော်နိုင်ငံရေးနဲ့ ပင်လုံညီလာခံလို အခင်းအကျင်းမျိုးတွေ ရှိလာခဲ့ပေမဲ့ လိုဘနဲ့အကျိုးစီးပွားတွေကြားမှာ ရွေးချယ်စရာက အများကြီး ရှိမနေခဲ့ပြန်ပါဘူး။
ဒါကြောင့် အထက်က ဆိုခဲ့သလို စစ်အာဏာရှင်စနစ် အမြတ်ပြတ်အောင် တော်လှန်နေကြတဲ့ အင်အားစုအဖွဲ့ အ စည်းတွေရဲ့ စွဲလမ်းခြင်းနဲ့ မှီခိုယုံကြည်ခြင်းမှာ ဆုပ်ကိုင်ထားမှုတွေက လိုအပ်နေတဲ့ ဖက်
ဒရယ်ဒီမိုကရေစီဆိုတဲ့ အသစ်တစ်ခုဆီကို မရောက်နိုင်ဘဲ အဖန်ဖန်ဖြစ်သော စစ်အာဏာသိမ်းမှုနဲ့ဒီမိုကရေစီအရေးတိုက်ပွဲ သံသရာမှာဝဲ လည်နေဆဲ ရှိခဲ့တာပါပဲ။
ဒီနေရာမှာ boycott လို အကြောင်းအရာမျိုးနဲ့ လူ့အဖွဲ့အစည်းရဲ့ စွဲလမ်းဆုပ်ကိုင်ထားခြင်းကို ကြည့်မယ်ဆိုရင်လည်း မကောင်းမှန်းသိရဲ့သားကိစ္စတစ်ရပ်အပေါ်မှာ ဆန့်ကျင်ပါဝင်ခြင်းဆိုတဲ့ အားလုံးရဲ့ ပြတ်သားမှုက ရှိမနေခဲ့တာ ထင်ထင်ရှားရှားမြင်သာနေရတာမျိုးပဲဖြစ်ပါတယ်။
ဒါက လက်နက်ကိုင်လမ်းစဉ်အပါအဝင် နိုင်ငံရေးနည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်တော်လှန်ရေး လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲပေမဲ့ လက်ရှိအချိန်နှစ်ပေါင်း ၇၀ နီးပါးကြာတဲ့ထိ ပြတ်ပြတ်သားသားဖြစ်တဲ့အဖြေ ရှိမနေသေးတာ၊ စစ်အာဏာတည်မြဲနေသေးတာရဲ့ အမှန်တရားသက်သေပါပဲ။
လက်ရှိ နွေဦးတော်လှန်ရေးအပါအဝင် စစ်အာဏာရှင် အမြစ်ပြတ်ရေး စစ်ဆင်ရေးတိုက်ပွဲတွေနဲ့အတူ အောင်ပွဲတွေ အဆက်မပြတ်ရှိနေခဲ့ပေမဲ့ တိုင်းပြည်နဲ့လူမျိုးတစ်ရပ်လုံး ခါးစည်းခံနေရဆဲဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး ထိခိုက်နစ်နာ ရမှုအပေါ်သိသာထင်ရှားတဲ့ ရောင်နီမျှော်လင့်ချက် အသစ်တစ်ခုခု ၊ ရွေးချယ်စရာမျက်နှာစာတစ်ခုခု တည်ဆောက် ဖန်တီး လမ်းဖောက်ခင်းထားခြင်းက ရှိမနေခဲ့သေးတာလည်း အမှန်ပါပဲ။
ဒါက မကောင်းမှန်းသိရက် အမြစ်မဖြတ်နိုင်ဘဲအချိန်များစွာနောက်ကျတဲ့ထိ ထိခိုက်နစ်နာစေမှုကို သိရဲ့သားနဲ့မွေးမြူနေခြင်းပါပဲ။
ဆိုလိုတဲ့သဘောကတော့ အတိတ်သမိုင်းတွေရဲ့ ဆိုးမွေပေးထားချက်ထဲ မပြောင်းမလဲဖြစ်ပျက်နေ ခဲ့တဲ့ နိုင်ငံရေးအိမ်အိုကြီးကို ဖြိုဖျက်ပြီး အသစ်ပြောင်းလဲစတင်ဖို့ဆိုတဲ့ အကျိုးအကြောင်းပါပဲ။ အစုအဖွဲ့နေထိုင် ကောင်းရေးထက် တိုင်းပြည်ကျန်းမာရေးကို ရှေ့ရှုဖို့ ဆိုတဲ့ အကြောင်းတရားပါပဲ။
The Tanintharyi Times
