“အလုပ်လုပ်နေရင်း ထွက်ပြေးနေရတာ ဆယ်ခေါက်မကတော့ဘူး”

“အလုပ်လုပ်နေရင်း ထွက်ပြေးနေရတာ ဆယ်ခေါက်မကတော့ဘူး”

ထိုင်းနိုင်ငံပြီးရင် မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံသားတွေ တရားမဝင်လမ်းက နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်အလုပ်လုပ်ကိုင်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ အခုနှစ်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံနည်းတူ မလေးရှားကိုလည်း တရားမဝင်လမ်းကဝင်ရောက်သူ အရင်ကထက်ပိုမိုများပြားလာခဲ့ပါတယ်။

လက်ရှိကာလကလည်း မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့နေထိုင်သူတွေကို ‌အဖမ်းအဆီးတင်းကြပ်များနေတဲ့အချိန်ပါ။ အဲဒီအချိန်မှာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အထောက်အထားမရှိဘဲ ဘယ်လိုနေထိုင်နေလဲ။ အဖမ်းမခံရအောင်ဘယ်လိုသတိထားနေထိုင်နေလဲဆိုတာတွေကို မလေးရှားနိုင်ငံ၊ ပီနန်းမြို့မှာ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ ထားဝယ်ဒေသခံလူငယ်တစ်ဦးကို ဒီတစ်ပတ်တောင်ပိုင်းသားတို့ အသံအစီအစဥ်ကနေ မေးမြန်းတင်ဆက်ထားပါတယ်။

“တောင်ပိုင်းသားတို့အသံ”

မေး – မလေးရှားကိုရောက်တာကြာပြီလား။ ဘယ်လမ်းကနေလာခဲ့တာ။

ဖြေ – မလေးရှားကိုရောက်တာ နှစ်နှစ်လောက်ရှိတော့မယ်ဗျ။ လာတာကတော့ အပေါ်လမ်းကပဲ အလည်ဗီဇာနဲ့လာတာပါ။ ပြီးမှ သက်တမ်းအကုန်ခံပြီး ဆက်နေလိုက်တာ။ အခုကတော့ ဘာအထောက်အထားမှမရှိဘဲ နေနေတယ်ပြောရမှာပေါ့။ ဒီမှာရှိတဲ့မြန်မာတွေကတော့ ထိုင်းကနေတဆင့် အောက်လမ်းကလာတာများပါတယ်။

မေး – လက်ရှိ ဘာအလုပ်လုပ်ကိုင်နေတာလဲ။

ဖြေ – ကျနော် စရောက်ရောက်ချင်း စားသောက်ဆိုင်တစ်ခုမှာ အရင်ဝင်လုပ်တယ်။ ပြီးတော့ စျေးထဲမှာအသားရောင်းတယ်ပေါ့နော်။ လက်ရှိကတော့ ပိုပြီးအဆင်ပြေတဲ့ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်နေပါတယ်။

မေး – ရောက်လာကတည်းက အထောက်အထားမရှိဘဲ အလုပ်လုပ်နေတာဆိုတော့ အထောက်အထားလုပ်ဖို့ ဘယ်လိုအခက်အခဲရှိနေတာလဲ။

ဖြေ – အထောက်အထားမလုပ်တာက တစ်ခါလုပ်ရင် မလေးငွေ ရှစ်ထောင်အနည်းဆုံးကုန်တယ်။ အခုလက်ရှိပေါက်စျေးနဲ့ဆိုရင် သိန်း ၈၀ လောက်အထိရှိတယ်ဗျ။ တချို့နေရာတွေမှာ ဒီထက်များတယ်။ ဒါစလုပ်လုပ်ချင်းပေါ့နော်။ နောက်နှစ်တွေဆိုရင်တော့ပေးရနည်းသွားတယ်။ စစချင်းကတော့ ပေးရတာမနည်းဘူးလေ။ မိသားစုသုံးယောက်‌လောက်ဆိုရင် မနည်းမနောပါ။ အဲဒီလိုဆိုတော့ တော်ရုံမလုပ်နိုင်ကြဘူး။ စားဝတ်နေရေးကပိုအရေးကြီးတော့ ရှောင်တိမ်းပြီးပဲနေမယ်ပေါ့။ ထိုင်းနဲ့တောင်မတူဘူး။ ထိုင်းမှာက အများစု အထောက်အထားရှိတယ်လို့ ပြောလို့ရတယ်။ ဒီမှာက အထောက်အထား လုပ်ထားတဲ့သူတွေက အနည်းစုပဲရှိတယ်။ အခုကတော့ အထောက်အထားပါမစ်တွေ ပြန်ဖွင့်ပေးဖို့အသံကြားတယ်။ ကျနော်တို့လည်း လုပ်၊မလုပ်တွေးနေတုန်းပဲ။

မေး – အထောက်အထားမရှိတဲ့မြန်မာတွေကို အလုပ်ရှင်တွေက အလုပ်ခန့်တဲ့အပိုင်းကရာဘယ်လိုရှိလဲ။

ဖြေ – အလုပ်တွေက အထောက်ထားရှိမရှိကို အဓိကကြည့်ကြတယ်။ အလုပ်လုပ်ဖို့ အဲဒါအဓိကလိုတယ်။ မလေးစကား တတ်လားဆိုတာကနောက်မှလာတယ်။ အထောက်အထားမရှိရင် အလုပ်ရဖို့က အရမ်းခက်တယ်။ ဒီမှာကလည်း အထောက်အထားမရှိတဲ့သူများတယ်။ လူငါးဆယ်မှာ ဆယ်ယောက်လောက်ကပဲအထောက်အထားရှိတာ။ အဲတော့ ရတဲ့အလုပ်ကို လုပ်ရတယ်။ အလုပ်မရှိတာတွေလည်း တော်တော်များကြတယ်။ အငတ်ခံလို့တော့ မရဘူးဆိုပြီး ပိုက်ဆံအဆမတန်အနှိမ်ခံရလည်း လုပ်နေကြရတာပဲ။

မေး – အထောက်အထားမရှိဘဲသွားလာနေထိုင်နေရတော့ ဖမ်းဆီးခံရမှာကိုစိုးရိမ်တာမျိုးရှိလား။ ဘယ်လို သတိထားနေထိုင်နေရလဲ။

ဖြေ – ကြောက်နေရတာပေါ့နော်။ ကိုယ်နဲ့နီးနီးနားနားမှာ ဖမ်းနေတယ်ကြားလို့ ပြေးနေရတာ တော်တော်များပြီ။ နှစ်နှစ်အတွင်းမှာ အလုပ်လုပ်နေရင်း ထွက်ပြေးနေရတာ ဆယ်ခေါက်မကတော့ဘူး။ အလုပ်ကို စိတ်အေးအေးမလုပ်ရဘူးပေါ့။ အင်္ကျီအမည်းရောင်ဝတ်ထားတဲ့သူတွေ အုပ်စုလိုက်မြင်ရင်တောင် ကြောက်နေရတယ်။ အိပ်ရင်လည်း ဂရုစိုက်ပြီးအိပ်ရတယ်။ ကြောက်နေရတယ်။ သတင်းနားစွင့် နေရတယ်။ ခရီးသွားရင်လည်း ဂိတ်တွေကစစ်ဆေးတာရှိတော့ မသွားရဲဘူး။

မေး – အခုလောလောဆယ်မှာ အထောက်အထားမဲ့မြန်မာတွေကို လမ်းတွေပေါ်မှာရော၊ ဆိုင်တွေအိမ်တွေမှာရောလိုက်လံ ဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်နေတာကိုတွေ့ရတယ်။ မလေးရှားအာဏာပိုင်တွေက ဘာကြောင့်အခုလို အစစ်အဆေးအဖမ်းအဆီးတင်းကြပ်နေတာလို့ထင်လဲ။

ဖြေ – အရင်ရောက်တဲ့လူတွေပြောသံကြားတာကတော့ ပါမစ်လုပ်ပေးတဲ့ကာလတွေမဟုတ်ဘဲ ပါမစ်ပိတ်ထားတဲ့ကာလမှာ ဖမ်းတယ်။ ပါမစ်မဖွင့်ခင်ကာလတွေမှာ အဖမ်းအဆီးပြန်တင်းကြပ်တယ်။ ဒါကြောင့်လို့ထင်တယ်။ ပါမစ်ပြန်လုပ်‌ပေးတဲ့အချိန်မှာတော့ အဖမ်းအဆီးပြန်ငြိမ်တယ်။

မေး – ဖမ်းဆီးပြီးတော့ တချို့ကိုငွေတောင်းပြီးပြန်လွတ်တယ်လို့ သိရတယ်။ တချို့ကလည်းထောင်ချခံရပြီး မြန်မာပြည်ပြန်ပို့ခံရတယ်လို့ပြောတယ်။ အဲဒီနှစ်ခုကဘယ်လိုကွာခြားတာလဲ။

ဖြေ – ရိုးရိုးမလေးရဲတွေက ဆိုင်ကယ်နဲ့နှစ်‌ယောက်စီကင်းလှည့်ပြီးဖမ်းတာ။ သူတို့က ဖမ်းစားတဲ့သဘောပေါ့။ ဖမ်းပြီးရင် တနေရာခေါ်သွားပြီး ပိုက်ဆံတောင်းတာ။ ရဲစခန်းကို ဖမ်းသွားတာမျိုးမဟုတ်ဘူး။ သူတို့ကျတော့ ပိုက်ဆံပေးလိုက်ရင်ပြန်လွတ်တယ်။ အောက်ခြေမှာသက်သက်မဲ့ဖမ်းစားတာ။ ထောင်ချခံရပြီး မြန်မာပြည်အပို့ခံရတာကျတော့ အော်ပရာစီ ဖမ်းခံရတာ။ အော်ပရာစီဖမ်းတယ်ဆိုတာ အဖွဲ့စုံကိုပြောတာ။ ရဲတွေ၊ စစ်သားတွေ၊ လဝကတွေလာပြီး အားလုံးကိုဝိုင်းပစ်ပြီးမှာဖမ်းတယ်။ နေရာတစ်ခုကိုဝင်ရင် လမ်းတွေကိုပိတ်လိုက်ပြီးမှဝင်တာ။ ဒါကအရမ်းကြောက်ဖို့ကောင်းတယ်။ အခုကျ‌နော်နေတဲ့မြို့မှာလည်း အဲလိုရှိတယ်။ လွန်ခဲ့တဲ့ လကလည်း တိုင်ခံရလို့ အော်ပရာစီဝင်ဖမ်းတယ်။ တစ်ဆိုင်တည်းမှာကို ထားဝယ်တွေရော ဗမာတွေရော နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်ပါသွားတယ်။

မေး – အော်ပရာစီဖမ်းခံရရင် ဘယ်လိုတွေဆက်ဖြစ်မှာလဲ။

ဖြေ – အော်ပရာစီမှာလည်း ရဲအော်ပရာစီနဲ့ လဝကအော်ပရာစီဆိုပြီးရှိတယ်။ ရဲအော်ပရာစီဆိုရင် သူဌေးတွေကလိုက်ညှိပေးတာတို့၊ ငွေပုံပေးတာတို့လွတ်လာနိုင်‌ခြေရှိတယ်။ လွတ်လာဖူးတဲ့လူတွေလည်းရှိတယ်။ အရမ်းတော့မလွယ်ဘူးပေါ့။ အရမ်းကောင်းတဲ့သူဌေးတွေမှပဲ လိုက်ညှိပေးတာ။ ဒါပေမဲ့ ကင်းလှည့်ရဲဖမ်းသလို ပိုက်ဆံပမာဏနဲ့မရဘူး။ အများကြီးပေးရတယ်။ ဒါပေမဲ့မျှော်လင့်ချက်ရှိတယ်ပေါ့။ လဝက အော်ပရာစီကျတော့ လုံးဝမရဘူး။ ပိုက်ဆံဘယ်လောက်ပေးပေး ညှိလို့မရဘူး။ လုံးဝပြန်မလွှတ်ပေးဘူး။ သေချာတာကတော့ အော်ပရာစီအဖမ်းခံရရင် ရဲစခန်းကိုခေါ်သွားပြီး တရားစွဲတယ်။ အချုပ်ထဲထည့်တယ်။ ပြီးရင် ထောင်ထဲမှာ သုံးလနေရတာရှိတယ်၊ ငါးလနေရတာရှိတယ်။ နောက်ဆုံးကျတော့ မြန်မာပြည်ပြန်ပို့တယ်။

မေး – လက်ရှိမှာလည်း အော်ပရာစီတွေ အဖမ်းအဆီးများနေတော့ အဖမ်းမခံရအောင်ဘယ်လိုသတိထားနေထိုင်နေကြလဲ။

ဖြေ – ကိုယ့်နေရာကို အာရုံစိုက်မခံရအောင်နေဖို့လိုတယ်။ အတိုင်ခံရရင်တော့ ဝင်လာဖမ်းမှာပဲ။ တချို့က မြန်မာသီချင်းတွေအကျယ်ကြီးဖွင့်တာတွေရှိတယ်။ ကိုယ့်ဘာသာနေချင်သလိုနေ၊ စည်းကမ်းမဲ့နေရင်အဆင်မပြေပါဘူး။ သူများနဲ့ယှဥ်ရင် သိသာသွားတာပေါ့။ ရှင်းရှင်းပြောရရင် သူများတွေက ကိုယ်တွေထက်နေပုံထိုင်ပုံစည်းကမ်းရှိတယ်။ ပြီးတော့ အထောက်အထားမရှိရင် အဝတ်အစားကိုလည်း သူတို့နိုင်ငံသားတွေလိုပုံစံမျိုးပြင်ဆင်ဝတ်သင့်တယ်။ စစချင်းက ပုံစံကိုပဲကြည့်ပြီးဖမ်းတာ။ အထောက်အထားမရှိပေမဲ့ ပြင်ပြင်ဆင်ဆင်နေရင် အပြင်မှာသွားလာနေလည်း အဖမ်းခံရတာ၊ စစ်ခံရတာမျိုးကတော်ရုံမဖြစ်ဘူး။ ဒဲ့ကြီးဝင်လာဖမ်းမှပဲမိမှာ။

မေး – ကိုယ့်အသိထဲမှာ ဖမ်းခံရတဲ့သူတွေရောရှိလား။

ဖြေ – ရိုးရိုး ကင်းလှည့်ရဲတွေနဲ့တွေ့ပြီးဖမ်းမိတာကတော့ တော်တော်များတယ်။ ကျနော့်အသိ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဖမ်းမိဖူးတယ်။ အဲဒါကင်းလှည့်ရဲတွေပေါ့နော်။ ပိုက်ဆံကတော့ ငါးရာခြောက်ရာကနေ တစ်ထောင်လောက်အထိတောင်းတယ်။ တစ်ထောင်ဆို မြန်မာငွေဆယ်သိန်းဝန်းကျင်ပဲလေ။ လက်ထဲမပါလာရင် ဖုန်းဆက်ခိုင်းပြီးလာပေးခိုင်းတယ်။ ဒါကတော့ တော်တော်များများကိုမိဖူးတာ။ ကျနော်ကတော့ အဲလိုမျိုးလည်း တခါမှအဖမ်းမခံရဖူးဘူး။ အော်ပရာစီအဖမ်းခံရတာမျိုးတော့ အသိထဲမှာမရှိသေးဘူး။

မေး – မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြေညာပြီးတဲ့နောက် မလေးရှားကိုရောက်လာတဲ့သူတွေ ပိုများလာတယ်လို့သိရတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုအခြေအနေတွေမြင်ရလဲ။

ဖြေ – တော်တော်လေးကိုများလာတယ်။ ဆိုင်တွေမှာဆိုရင် အစကမြန်မာ တစ်ဆယ်လောက်ရှိတဲ့နေရာမှာဆိုရင် နောက်ထပ် လေးငါးခြောက်ယောက်တောင်ထပ် ဝင်လာတာ။ လူငယ်တွေအများဆုံးပဲ။ အကုန်လုံးကလည်း အထောက်အထားမဲ့နေနေတာတွေချည်းပဲ။ အဲ‌တော့ အလုပ်ရှာရခက်တယ်။ ရောက်တဲ့နေရာ နေရာကောင်းရင်တော့ အလုပ်ရတယ်လေ။ ဒါပေမဲ့ လူကလည်းများလာတော့ အလုပ်ရှာရတာတော်တော်လေးတော့ ခက်တယ်။

မေး – နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မလေးရှားမှာ အဆင်ပြေပြေနေနိုင်ဖို့ဆိုရင် ဘာတွေအဓိက လိုအပ်တယ်လို့ထင်လဲ။

ဖြေ – အဆင်ပြေပြေနေနိုင်ဖို့ဆိုရင် အဓိက အထောက်အထားရှိဖို့လိုတယ်။ ပြီးတော့ အလုပ်ကောင်းကောင်းတစ်ခုရယ် နေထိုင်ဖို့နေရာရယ်‌ပေါ့။ အခုနောက်ပိုင်းက မလေးလူမျိုးမှာမဟုတ်ရင် အခန်းတွေအိမ်တွေ မငှားဘူး၊ အထောက်အထားမရှိရင် မငှားဘူး ဆိုတာတွေဖြစ်လာတယ်။ ဘာသာစကားလည်း တတ်ထားဖို့လိုမယ်။ စိတ်အေးလက်အေးအလုပ်လုပ်စားလို့ရရင်တော့ ကျန်တာအဆင်ပြပါပြီ။

The Tanintharyi Times