အလုပ်သမားတွေကို တစ်ရက်လုပ်ခ ကျပ် ၁,၀၀၀ တိုးပေးဖို့စစ်ကောင်စီ ကြေညာ
အလုပ်သမားတွေကို တစ်ရက်လုပ်ခ ကျပ် ၁,၀၀၀ တိုးပေးဖို့စစ်ကောင်စီ ကြေညာ
ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေး နှုန်းတွေအဆမတန်မြှင့်တက်လာချိန်မှာ အလုပ်သမားတွေကို ထောက်ပံ့ကြေးအနေနဲ့ တစ်ရက်လုပ်ခ ကျပ် ၁,၀၀၀ တိုးပေး ဖို့ စစ်ကောင်စီကညွှန်ကြား ထားပါတယ်။
နေ့စားလုပ်ခတစ်ရက် ၁၀၀၀ ကျပ်တိုးမြှင့်လိုက်တာက ထောက်ပံ့ကြေးခေါင်းစဥ်အောက်ကဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကတော့ ၄,၈၀၀ ကျပ်အဖြစ်နဲ့ ပဲဆက်ရှိနေတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်လာပါတယ်။
ဒီသတ်မှတ်ချက်ကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်ခံစားခွင့်ရှိမှာဖြစ်ပြီး အရင်ကလည်း ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ဆောင်းပေးဖို့သတ်မှတ်ထားတာကြောင့် အလုပ်သမားတွေ အနေနဲ့ တစ်ရက်လုပ်ခ ၆,၈၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။
နိုင်ငံခြားငွေလှယ်နှုန်းတွေ ကအမေရိကန် တစ်ဒေါ်လာကို ကျပ် ၆၀၀၀ ကျပ်ရောက်နေတာကြောင့် စစ်ကောင်စီ က အခုလို ထပ်တိုးပေးလည်း အလုပ်သမားတွေ ဖူလုံမှုမရှိသေးဘူးလို့ အလုပ်သမားအေရး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
“စစ်ကောင်စီက နေ့စားလုပ်အားခတွေ တိုးမြှင့်လိုက်တာက လက်ရှိအမေရိကန်ဒေါ်လာနဲ့တွက်ရင် တစ်နေ့လုပ်ခက တစ်ဒေါ်လာဘဲရှိတယ်။ တိုးမြှင့်လိုက်တဲ့ပမာဏာက မြန်မာပြည်အလုပ်သမားတွေအနေနဲ့စား၀တ်နေရေးအတွက် လုံး၀လုံလောက်မှုမရှိဘူး။ နောက်တစ်ခုက တိုးလိုက်တယ်ဆိုတာ ဟန်ပြဘဲ။
တကယ်စက်ရုံတွေက အလုပ်ရှင်တွေက ပွင့်လင်းမြင်သာမှု ရှိရှိနဲ့တိုးတာမဟုတ်ဘူး။ သူတို့အဆင်ပြေဖို့ ဟန်ပြတိုးတာပါ။” လို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့က ဒေါ်တင်တင်၀ေ က Connect Burma ကိုပြောပါတယ်။
အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေပေါ် အမြတ်ထုတ်နေတဲ့ အလုပ်ရှင်တွေကတော့ အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကိုတောင် မပေးကြတာရှိတယ်လို့ဆိုပါတယ်။
“အလုပ်သမားတွေလက်ထဲ ရရှိတဲ့အပေါ်မှာလည်းအပြည့်၀ရရှိတာ မဟုတ်ဘူး။ ရရှိတဲ့အပေါ် မှာ အခုဆို ကုန်စျေးနှုန်းတွေဆိုတာမြင့်သထက်မြင့်တက်နေတယ်။ ဘယ်လောက်ဘဲ တိုးတိုး တကယ်လုံလောက်မှုက မရှိဘူး။ ကျွန်မတို့အနေနဲ့ပြောရရင် တကယ်အလုပ်သမားတွေအတွက်လုံလောက်ပြီး ဖူလုံတဲ့ လုပ်ခလစာကိုလိုအပ်ပါတယ်။ ရတဲ့လစာနဲ့ စား၀တ်နေရေးအတွက် ဖူလုံမှုမရှိဘူး။ လုံလောက်တဲ့ အလုပ်သမားတွေကို ဖူလုံတဲ့ လုပ်ခလစာကိုရရှိစေချင်တယ်။ တကယ်အလုပ် သမားတွေကို ကြည့်တယ်ဆိုရင်ပေါ့” လို့ သူကဆက်လက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်း သုံးဆနီးပါး တက်လာတဲ့အပြင် အလုပ် သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးခြင်းမရှိတာ ငါးနှစ်ရှိသွားပြီ ဖြစ်ပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် ၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက အခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ တစ်ရက် လုပ်ခလစာ ၄၈၀၀ ကျပ်သာဖြစ်နေတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်း ဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ် သမားတချို့ အလုပ်ထုတ်ခံရတာအပြင် ဆန္ဒပြသူတွေလည်း ဖမ်းဆီးအရေးယူခံရတာတွေ ရှိခဲ့ပါတယ်။
Connect Burma
The Tanintharyi Times
