မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကွဲများ
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကွဲများ
![](https://www.tntynews.com/wp-content/uploads/2024/06/buddha.jpg)
မြန်မာနိုင်ငံမှာ အရင်းတုန်းက သံဃာတွေကြားထဲမှာ ဂိုဏ်းကွဲမရှိပါဘူး။ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင်တွေ လက်ထက်မှာမှ မန္တလေးမှာ သုဓမ္မာဂိုဏ်းနဲ့ ရွှေကျင်ဂိုဏ်းဆိုပြီး စတင်ပြီး ဂိုဏ်း နှစ်ခုရှိလာတာပါ။
အဲ့ဒီနောက် မြန်မာပြည်အောက်ပိုင်း ဧရာဝတီတိုင်းဘက်ကနေ ဒွါရဂိုဏ်းတွေ ထပ်မံရှိလာပါတယ်။ ထားဝယ်ဘက်မှာ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ရန်ကုန်မှာ ဝေဠုဝန်ဂိုဏ်း၊ စစ်ကိုင်းမှာ ဌက်တွင်းဂိုဏ်း၊ မော်လမြိုင်ဘက်မှာ မဟာရင်ဂိုဏ်းဆိုပြီး အသီးသီးရှိခဲ့ပါတယ်။
သံဃာ့ဂိုဏ်းတွေ ကွဲလာရတာဟာလည်း ဝိနည်းသိက္ခာတော်ကျင့်ဝတ် အကွဲတွေကြောင့် မဟုတ်ပါဘူး။ အဲ့တာတွေကို တူညီစွာ ကျင့်သုံးကြပါတယ်။ ဂိုဏ်းကွဲတာက အယူအဆတွေကြောင့် ကွဲပြားလာရတာပါ။
မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က သံဃာ့အဖွဲ့စည်းဆိုင်ရာ ဥပဒေ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီဥပဒေအရ သံဃာ့ဂိုဏ်း ၉ ဂိုဏ်းကိုပဲ တရားဝင် အသိမှတ်ပြုပေးခဲ့ပါတယ်။
နောက်ထပ်ဂိုဏ်းကွဲတွေကို ဥပဒေအရထောင်ခွင့်မပေးတော့ဘဲ မြန်မာနိုင်ငံရှိ သံဃာတော်တွေဟာ အဲ့ဒီဂိုဏ်းတခုခုရဲ့ အဖွဲ့ဝင်သာ ဖြစ်ခွင့်ရှိပါတယ်။ ဘယ်ဂိုဏ်းမှ မဝင်ဘဲ သီးသန့်နေကြတဲ့ သံဃာအချို့လည်း ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ သံဃာအဖွဲ့အစည်းတွေထဲ့မှာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က အဆင့်မြင့်ဆုံးအဖွဲ့အစည်းပါ။ သံဃာအရေအတွက် ၄၇ ပါးနဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒီ ၄၇ ပါးဟာ ဥပဒေအရ အသိအမှတ်ပြုထားတဲ့ ဂိုဏ်း ၉ ဂိုဏ်းထဲကနေပဲ ခွဲတမ်းအလိုက်နေရာ ရကြပါတယ်။
ဂိုဏ်း ၉ ဂိုဏ်းထဲမှာ အဖွဲ့ဝင် သံဃာအများဆုံးဂိုဏ်းဟာ သုဓမ္မာဂိုဏ်းဖြစ်ပြီး ဒုတိယ အများဆုံးက ရွှေကျင်ဂိုဏ်းဖြစ်ပါတယ်။ သံဃာ့ဂိုဏ်းတွေထဲမှာလည်း အဲ့ဒီ သုဓမ္မာဂိုဏ်းနဲ့ ရွှေကျင်ဂိုဏ်း နှစ်ခုဟာ ပိုထင်ရှားပါတယ်။
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဖွဲ့စည်းရာမှာလည်း ဂိုဏ်းအလိုက်မှာ သုဓမ္မာဂိုဏ်းက သံဃာ့အရေအတွက်က အများဆုံးဖြစ်ပြီး နေရာ ၄၀ ကျော် ရှိပါတယ်။
သံဃာ့ဂိုဏ်း ၉ ဂိုဏ်းရဲ့ သမိုင်းအကျဉ်းကို လေ့လာကြည့်ကြရအောင်ပါ။
သုဓမ္မာဂိုဏ်း
သံဃာအဖွဲ့ဝင် အများဆုံးဂိုဏ်းဖြစ်သလို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဖွဲ့စည်းရာမှာလည်း နေရာခွဲတမ်းအများဆုံး ရထားပါတယ်။ ထင်ရှားတဲ့ ဆရာတော်များစွာလည်း ရှိပါတယ်။ သဂ်ဇာဆရာတော်၊ ဗန်းမော်ဆရာတော်တို့က သုဓမ္မာဆရာတော်တွေပါ။
မန္တလေးမြို့မှာ မင်းတုန်းမင်းဆောက်လုပ် လှူဒါန်းခဲ့တဲ့ သုဓမ္မာဇရပ်တွေ ရှိပါတယ်။ အဲဒီဇရပ်တွေမှာ ဆရာတော်တွေက စုရုံးစည်းဝေးပြီး သာသနာရေးဆိုင်ရာ အမှုအခင်းတွေကိုဆုံးဖြတ်ကြပါတယ်။ အဲ့ဒီအစည်းအဝေးတွေတက်ရောက်ကြတဲ့ ဆရာတော်တွေကို သုဓမ္မာဂိုဏ်းဝင်တွေအဖြစ် သတ်မှတ်ကြပါတယ်။
ပထမဆုံးသော သံဃာအဖွဲ့အစည်းဖြစ်ခဲ့ပြီး အဲ့ဒီကာလတွေတုန်းက မြန်မာနိုင်ငံရှိ သံဃာအားလုံးဟာ သုဓမ္မာဂိုဏ်းဝင် ဆရာတော်ကြီးတွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။
၂၀၁၉ ခု စာရင်းတွေအရ သုဓမ္မဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၄၅၃၄၁၅ ပါး ရှိပါတယ်။
ရွှေကျင်ဂိုဏ်း
ရွှေကျင်ဆိုတာ ဒေသတခုရဲ့ အမည်ပါ။ ရွှေကျင်နယ်က ဆရာတော်ဦးဇာဂရ ဦးဆောင်ခဲ့တာမို့ ရွှေကျင်ဂိုဏ်းရယ်ဆိုပြီး ဖြစ်လာပါတယ်။ ပထမဆုံးရွှေကျင်သာသနာပိုင်ဟာ ဦးဇာဂရဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၂၂ ခုက စပြီး သုဓမ္မဂိုဏ်းကနေ ခွဲထွက်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေကျင်ဂိုဏ်းဟာ သုဓမ္မဂိုဏ်းလောက် ဂိုဏ်းဝင်သံဃာအရအတွက် မများပေမယ့် ဝိနည်းကျင့်ဝတ်တွေကို အလေးထားကျင့်ကြံတဲ့ ဂိုဏ်းအဖြစ်ထင်ရှားတာမို့ ဗုဒ္ဓဘာသာဝင်တွေအကြား ဩဇာကြီးမား ပါတယ်။
သံဃာအရေအတွက် ခန့်မှန်းခြေ ငါးသောင်းခန့်ရှိပြီး ရွှေဟင်္သာဆရာတော်၊ ညောင်ရွှေကန်ကြီးဆရာတော်၊ ဝါဆိုဆရာတော်၊ သီတဂူဆရာတော်တို့ ထင်ရှားပါတယ်။ သီတဂူဆရာတော်ဟာ လက်ရှိ ရွှေကျင်သာသနာပိုင်ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ စစ်တပ်က ပစ်သတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံစာသင်တိုက်ဆရာတော်ဟာလည်း ရွှေကျင်ဂိုဏ်းဝင် စာပေကျမ်းဂန် စာပြုအကျော်အမော် ဆရာတော်တစ်ပါး ဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ ရွှေကျင်ဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၄၉၇၂၄ ပါး ရှိပါတယ်။
မဟာဒွါရဂိုဏ်း
မြန်မာသက္ကရာဇ် ၁၂၁၄ ခုမှာ ဧရာဝတီတိုင်း အုတ်ဖို့ဆရာတော် ရေသိမ်မှာ ရဟန်းခံတာကို အကြောင်းပြုပြီး သုဓမ္မာဂိုဏ်းဝင်တွေနဲ့ အငြင်းပွားမှု ဖြစ်ပါတယ်။ ဘုရားရှိခိုးရာမှာ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ လို့ရှိခိုးမှ မှန်တယ်လို့ အုတ်ဖိုဆရာတော်က ၁၂၁၇ ခုမှာ ဆုံးဖြတ်ပြီး ဂိုဏ်းသီးသန့် ခွဲထွက်ခဲ့ပါတယ်။
အုတ်ဖိုဆရာတော်ဦးဆောင်ခဲ့တဲ့ ဂိုဏ်းမို့ ဒွါရဂိုဏ်းလို့ ခေါ်တာဖြစ်ပါတယ်။ နောင်မှာ ဒွါရဂိုဏ်းမှာ သုံးဂိုဏ်း ရှိလာခဲ့ပါတယ်။ အုတ်ဖိုဆရာတော်ရဲ့ ဒွါရဂိုဏ်းဟာ တခြားဒွါရဂိုဏ်းတွေထက် သံဃာအရေအတွက်များတာမို့ မဟာဒွါရဂိုဏ်းလို့ ခေါ်ပါတယ်။ နာမည်အပြည့်အစုံကတော့ ဓမ္မာနုဓမ္မမဟာဒွါရဂိုဏ်း ဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ မဟာဒွါရဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၅၈၃၈ ပါး ရှိပါတယ်။
အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်း အုတ်ဖိုဆရာတော်လက်ထက်မှာ ငါးသိုင်းချောင်း ရေတံခွန်ကျောင်းတိုက် ဆရာတော်ကို အခြား ဒွါရဂိုဏ်းဝင် ကျောင်းတိုက် ခြောက်တိုက်က သံဃာတွေက ပထမ ပါရာဇိကနဲ့ စွပ်စွဲပါတယ်။ ဒွါရဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ဟာ အစွပ်စွဲခံဆရာတော်ဘက်ကနေ ရပ်တည်ပေးတာကို မကျေနပ်ပြီးသီးခြားဂိုဏ်းထူထောင်ကြပါတယ်။
အောက်ပြည်ဘက်မှာ ငဝန်မြစ်ကို အနောက်ချောင်းလို့ ခေါ်ကြတာမို့ အနောက်ချောင်းကို အစွဲပြုပြီး ရေကြည်၊ ငါးသိုင်းချောင်းတဝိုက်ရှိ အဲ့ဒီဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းလို့ ခေါ်တာဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ အနောက်ချောင်းဒွါရဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၃၈၆ ပါးရှိပါတယ်။
မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော် ပျံလွန်တော်မူပြီးတဲ့နောက် မဟာဒွါရဂိုဏ်းဝင် သံဃာအချို့ဟာ အုတ်ဖိုဆရာတော် ချမှတ်ခဲ့တဲ့မူအတိုင်း သိမ်ဝင်ဥပုဒ်ကို လပြည်ကျော် (၁) ရက်နဲ့ လဆန်း(၁) ရက်တွေမှာပဲ ဥပုဒ်ပြုကြပါတယ်။ မူလအတိုင်း ဆက်ရှိတဲ့ ဒွါရဂိုဏ်းကိုတော့ မူလဒွါရဂိုဏ်းလို့ ခေါ်ပါတယ်။ နာမည်အပြည့်အစုံမှာ ဓမ္မဝနယာ နုလောမ မူလဒွါရနိကာယဂိုဏ်းဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ မဟာဒွါရဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၄၃၄၁ ပါးရှိပါတယ်။
ဝေဠုဝန်နိကာယဂိုဏ်း
ဝေဠုဝန်ကျောင်းတိုက်တွေကို ဦးစီးတည်ထောင်တဲ့ ဝေဠုဝန်ကျောင်းဆရာတော်ကို အစွဲပြုပြီး ဝေဠုဝန်နိကာယဂိုဏ်းလို့ ခေါ်တာဖြစ်ပါတယ်။ ဝေဠုဝန်ဆိုတာ ဝေဠု(ဝါး)နဲ့ဝန(တော)ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိ ဝေဠုဝန်နိကာယဂိုဏ်းရဲ သာသနာပိုင်ဟာ မွန်ပြည်နယ် သထုံမြို့နယ်က ပဏ္ဍိတာရုံကျောင်းတိုက်ဆရာတော် ဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ ဝေဠုဝန်နိကာရဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၃၇၃၉ ပါးရှိပါတယ်။
ဌက်တွင်းဂိုဏ်း
နာမည်အပြည့်အစုံကတော့ စတုဘုမ္မိက မဟာသတိပဌာန်ဌက်တွင်းဂိုဏ်း ဖြစ်ပါတယ်။
စစ်ကိုင်းမြို့အနောက်ဘက် မင်းဝံတောင်ကြောတလျှောက် ပဇင်းထိုးဌက်တွေ တွင်းတူရာကနေ လိုဏ်ဂူတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီဌက်တွေရှိတဲ့ နေရာမှာ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းကို ဌက်တွင်းချောင်လို့ ခေါ်ပါတယ်။ ဌက်တွင်းချောင်ဆရာတော်ဟာ မဟာသတိပဌာန်သုတ်တော်လာ ၃၂ ကောဌာသကမ္မဌာန်းကျမ်းကို အထူးဟောပြောပါတယ်။
ဒါ့အပြင် တရားဟောရာမှာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံနဲ့ နိဗ္ဗာန်ကိုထည့်သွင်းဟောကြားလေ့ရှိတာမို့ စတုဘုမ္မိက မဟာသတိပဌာန် ဌက်တွင်းဂိုဏ်းလို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။
ဌက်တွင်းဂိုဏ်းဟာ ဘုရားကို ဆွမ်းကပ်၊ ပန်းကပ်၊ ဆီမီးကပ်လှူခြင်းတွေကို အပြစ်ပြောဆိုတာကြောင့် အခြားဂိုဏ်းတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ဖူးပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ ဌက်တွင်းဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၁၂၈၉ ပါးရှိပါတယ်။
ဂဏဝိမုတ်ကူးတို့ဂိုဏ်း
ထားဝယ်မြို့နယ်၊ ကူးတို့ရွာ ဆရာတော်ကို အစွဲပြုပြီး ခေါ်တွင်တာ ဖြစ်ပါတယ်။ အတိုကောက်အနေနဲ့ ကူးတို့ဂိုဏ်းလို့လည်းခေါ်ကြပါတယ်။
သုဓမ္မာဂိုဏ်းကနေ မကြာခဏဆင့်ခေါ်ခံခဲ့ရလို့ မြန်မာခုနှစ် ၁၂၅၈ ခုမှာ မန္တလေးသာသနာပိုင် ပခန်းဆရာတော်ထံ ဆင့်ခေါ်ခြင်းကင်းလွတ်ဖို့ စာတင်သွင်းခဲ့ပါတယ်။ သာသနာပိုင်ကလည်း ခွင့်ပြုခဲ့ပါတယ်။
ဂဏ(ဂိုဏ်း)နဲ့ ဝိမုတ္တိ(အလွတ်)လို့ အဓိပ္ပါယ်ရှိလို့ ဂဏဝိမုတ်ကူးတို့ဂိုဏ်းလို့ တွင်ခဲ့တာပါ။ သုဓမ္မာဂိုဏ်းကနေ အလွတ်ဖြစ်ခဲ့တဲ့ ကူးတို့ရွာက သံဃာတွေဟာ ကူးတို့ဂိုဏ်းဝင်တွေ ဖြစ်ပါတယ်။
၂၀၁၉ ခုစာရင်းတွေအရ ကူးတို့ဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၈၃၃ ပါးရှိပါတယ်။
မဟာရင်ဂိုဏ်း
နာမည်အပြည့်အစုံမှာ ဓမ္မယုတ္တိနိကာရ မဟာရင်ဂိုဏ်းပါ။ ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မောင်ရင်ဟာ ထိုင်းနိုင်ငံက ဓမ္မယုတ္တိနိကာရ (ထမယွတ်)ဂိုဏ်းမှာ ရဟန်းဝတ်ပြီး မဟာတန်းအဆင့်ထိ အောင်မြင်ခဲ့ပါတယ်။ မဟာဘွဲ့ရခဲ့တာကို အစွဲပြုပြီး မဟာရင်ဆရာတော်လို့ ဖြစ်လာပါတယ်။
မဟာရင်ဆရာတော်ဟာ မော်လမြိုင်ရှိ ကတိုးရွာမှာ စာပေပို့ချ ပါတယ်။ မဟာရင်ဆရာတော်ရဲ့ တပည့်နောက်လိုက် သံဃာတွေကို မဟာရင်ဂိုဏ်းလို့ ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံရှိ မူလပင်မဂိုဏ်း နာမည်ကိုပါ ပူးတွဲပြီး ဓမ္မယုတ္တိနိကာရ မဟာရင်ဂိုဏ်းလို့ ဖြစ်လာတာပါ။
၂၀၁၉ ခု စာရင်းတွေအရ မဟာရင်ဂိုဏ်းဝင် ဝါဆိုသံဃာစုစုပေါင်း ၈၈၇၉ ပါးရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် စာရင်းတွေအရ ဂိုဏ်း ၉ ဂိုဏ်းက သံဃာအရေအတွက် စုစုပေါင်း ၅၂၀၄၄၄ ပါးရှိပြီး မန္တလေးတိုင်းကသံဃာတော်အများဆုံး(၉၇၁၈၅) ရှိပြီး ချင်းပြည်နယ်ကသံဃာတော်အနည်းဆုံး(၄၅၃) ဖြစ်ပါတယ်။
The Tanintharyi Times