မောင်းမကန်ရဲစခန်းကလက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်နဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မောင်းမကန်ရဲစခန်းကလက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်နဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလ ၈ ရက်နေ့မွန်းလွဲပိုင်းက မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးတွေကြဲချခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီနောက် မိနစ်ပိုင်းအကြာမှာပဲ ရဲစခန်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားပစ်ခတ်ခဲ့တာပါ။ အဲဒီထဲက လက်နက်ကြီးကျည်တစ်လုံး ဟာ ရဲစခန်းနဲ့ မလှမ်းမကမ်းကနေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ဆယ်နှစ်ခန့်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးစ ထိမှန်ခဲ့တာပါ။

“သူတို့ကလက်နက်ကြီးသံတွေကြားလို့ အိမ်နောက်မှာပုန်းနေတုန်း အိမ်ရှေ့ကိုလာကျတာ။ အမျိုးသမီးက နားထင်နားကိုလက်နက်ကြီးစဝင်သွားတယ်တဲ့။ ကလေးကတော့ နည်းနည်းပဲထိတယ်” လို့ မောင်းမကန်ရွာခံတစ်ဦးကပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်နဲ့ အမျိုးသမီးတို့ကိုတော့ ထားဝယ်မြို့ပေါ်ကဆေးရုံကိုတင်ဆောင်သွားတယ်လို့ ရွာခံကဆက်ပြောပါတယ်။

အဲဒီတလက်နက်ကြီးကြောင့် နေအိမ်တစ်ဆောင်လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီနေ့မွန်းလွဲပိုင်းက မောင်းမကန်ရဲစခန်းကနေ လက်နက်ကြီး ဆယ်ချက်လောက်အထိ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ခဲ့တဲ့အိမ်ဟာလည်း ရဲစခန်းဝင်းနဲ့ အိမ်ငါးဆောင်ဝန်းကျင်လောက်သာခြားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုမှာတော့ မောင်းမကန်ရဲစခန်းအဆောက်အအုံထိမှန်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီအပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း တနင်္သာရီတိုင်းထဲက ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က ၇ ကြိမ်ထက်မနည်း ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းကိုအဓိကအသုံးပြုပြီးတိုက်ခိုက်မှာဖြစ်လို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေနဲ့လည်း ဒရုန်းတွေအသုံးပြုကြဖို့ မောင်းမကန်ရဲစခန်းဖြစ်စဥ်အပြီးမှာ လှုံ့ဆော်ရေးသားထားပါတယ်။

The Tanintharyi Times