ငါတို့အချိန်တွေ ဘယ်သူ ခိုးသွားသလဲ
ငါတို့အချိန်တွေ ဘယ်သူ ခိုးသွားသလဲ
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က စာအုပ်နယ်မှာ ထင်ရှားတဲ့ စာအုပ်တစ်အုပ် ထွက်ပေါ်ခဲ့ဖူးတယ်။ တိတိကျကျ ဆိုရရင် ၁၉၉၈ စက်တင်ဘာမှာ ထုတ်ဝေဖြန့်ချိခဲ့တာပါ။
မူရင်းရေးသူက စပင်ဆန်ဂျွန်ဆာ ဖြစ်ပြီး စာအုပ်အမည်က who moved my cheese ဖြစ်ပါတယ်။ စောင်ရေသန်းချီ ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချိခဲ့ရတဲ့ စာအုပ်လည်း ဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာပြန်ဆို ထုတ်ဝေခဲ့ကြတယ်။
ဒီနေ့ရေးမဲ့အကြာင်းအရာက အချိန်တွေ ခိုးယူခံလိုက်ကြရတဲ့အကြောင်းပါပဲ။ ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး အယုတ်အလတ်အမြတ်မရွေး အချိန်တွေ ခိုးယူခံနေကြရပါတယ်။
ဓာတ်ဆီ၊ ဒီဇယ်ထုတ်ယူရာမှာ။ စားအုန်းဆီ ဝယ်ယူတဲ့အခါ။ အခွန်အတုပ်တွေ သွားရောက် ပေးဆောင်ကြရတဲ့ အခါမျိုးမှာ ဆေးရုံ၊ဆေးခန်းတွေကို သွားရောက်ပြသကြရာမှာ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးလိုက်ကြရတယ်။ ဒါက လူတစ်ယောက်ချင်းစီရဲ့ အချိန်တွေကို ခိုးယူသွားတာပါပဲ။
လူတွေရဲ့ နေ့စဉ်ဘဝမှာ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် အချိန်တွေဟာ အဟောသိကံ ဖြစ်နေကြရတယ်။ လူတစ်ယောက် အလုပ်ချိန်အတွင်းက အချိန်တစ်နာရီ ဆုံးရှုံးသွားတယ်ဆိုပါစို့။ နိုင်ငံတွင်းမှာရှိတဲ့ လူသိန်းပေါင်းများစွာရဲ့အချိန်တွေ ဆုံးရှုံးသွားတာပါပဲ။
တစ်နာရီ လူတစ်ယောက် တစ်ဒေါ်လာဆုံးရှုံးခဲ့ရင် ဒေါ်လာသိန်းပေါင်းများစွာကို နေ့စဉ်လွှင့်ပစ်နေတာနဲ့ တူတူပဲ ဖြစ်ပါတယ်။
ဒီငွေပမာဏတွေဟာ နွေရာသီ ရေရှားပါးပြတ်လပ်တဲ့ အညာဒေသက ရွာအချို့မှာ စက်ရေတွင်း တူးလို့ရတယ်။ မြစ်ကူးချောင်းခြားဒေသတွေအတွက် မြစ်ကူးတံတားကြီးတွေ တည်ဆောက်လို့ရတယ်။ အလယ်တန်းကျောင်း မရှိသေးတဲ့ ရွာလေးအတွက် အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်တယ်။
နည်းပညာခေတ်ကြီးထဲမှာ တတိယကမ္ဘာထဲက ရုန်းထွက်ချင်သပဆိုရင် စီမံခန့်ခွဲမှု အလွဲအမှားတွေကို အချိန်မဆိုင်းဘဲ ချက်ချင်းပြင်ကြရမှာ ဖြစ်တယ်။
နေ့စဉ်နဲ့အမျှ လူတွေဟာ တန်းစီတာကိုအလုပ်ကြီး တစ်ခုလို လုပ်နေကြရရှာတယ်။ တန်းစီတယ်ဆိုပေမဲ့ ရချင်မှ ရတာ။ ဗြမာ့ပြည်က အပ်စက်ရုံ လူ့ပြည်က အပ်ဂိုဒေါင်ပေါ် သွန်ချတာက ထိချင် ထိနိုင်သေးတယ်။ အချိန်ပေးပြီး တန်းစီတိုင်း ရဖို့ဆိုတာ မသေချာပါဘူး။
အဲသည်လို တန်းစီကြရာမှာလည်း ရပါမယ်လို့ ပုံသေသတ်မှတ်လို့ မရပါဘူး။ ဆီတန်းစီသွားရင်း အလုအယက်ခံရနိုင်တာ အခန့်မသင့်ရင် အသက်ဘေး အန္ထရာယ်နဲ့ ကြုံကြိုက်နိုင်တာတွေလည်း ကြံရနိုင်ပါသေးတယ်။
ငိုအားထက် ရယ်အားသန်ရတဲ့ အဖြစ်တွေလည်း ရှိပါသေးတယ်။ ဆိုင်ကယ်လေးနဲ့ ဓာတ်ဆီသွားထုတ်တဲ့ ခင်ပွန်းသည်တစ်ယောက် သူ့အလှည့်ရောက်ခါနီးမှ ဓာတ်ဆီဆိုင်က ဆီရောင်းချမှုကို ခေတ္တခဏ ရပ်နားလိုက်တယ်။ ဒါကြောင့်ပဲ ဇနီးသည်ဆီ ဖုန်းဆက်ပြီး အိမ်နီးနားချင်း တစ်ယောက်ယောက်ဆီကနေ ရေသန့်ဗူးနဲ့ ဓာတ်ဆီချေးငှားပြီး သူ့ဆီကို စက်ဘီးနဲ့လာပို့ဖို့ ဖုန်းဆက်အကြောင်းကြားရတဲ့ အဖြစ်တွေလည်း ရွှေပြည်ကြီးမှာ ရှိပါသေးတယ်။
ဓာတ်ဆီတန်းစီနေရတဲ့ တမျှော်တခေါ်ကားတန်းကြီးတွေ။ စားအုန်းဆီ ငါးဆယ်သား၊တစ်ပိသာရဖို့အရေး မနက် မိုးမလင်းခင် တန်းစီနေရာယူကြရတဲ့ လူတန်းရှည်ကြိးတွေ၊ ရုံးဌာနတွေမှာ သတ်မှတ်အခွန်အခ ပေးဆောင်ကြရမှာ တိုးဝှေ့စောင့်ဆိုင်းနေကြရတဲ့ လူအုပ်ကြီးတွေ စတဲ့မြင်ကွင်းတွေ မိတ်ဆွေတို့ မရိုးနိုင်မအီနိုင်အောင် မြင်ဖူးမှာပါ။ ဒါတွေက စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါလှတဲ့ အချိန်တွေ ခိုးယူခံလိုက်ကြရတာပါပဲ။
မြန်မာနိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက ၆၇ ဒဿမ ၄ ဖြစ်ပါတယ်။ အလိုမတူဘဲ နေ့စဉ်ဘဝမှာ ဆုံးရှုံးသွားတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အချိန်တွေက လူတစ်ယောက် အချိန်တစ်နာရီဆုံးရှုံးခဲ့မယ်ဆိုရင် လူတစ်သိန်းအတွက် နာရီ တစ်သိန်းဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ (နှစ်အားဖြင့်ဆိုရင် တစ်ရက်ကို ၁၁.၄၁ နှစ် ဆုံးရှုံးသွားတာဖြစ်ပါတယ်)။ ဒီလိုနိုင်ငံ လွတ်လပ်ရေး ရပြီးတာ ၇၅ နှစ်ကြာတဲ့အထိ တတိယ ကမ္ဘာထဲက ရုန်းမထွက်နိုင်တာ ဘာဆန်းလို့လဲ။
ဘာသာတရားတိုင်းရဲ့ အဆုံးအမတိုင်းက ခိုးယူခြင်းကို တားမြစ်ထားပါတယ်။ သူတပါးပစ္စည်းခိုးသူတွေကို ပြစ်မှုဆိုင်ရာ ဉပဒေတွေနဲ့ တရားစွဲဆိုနိုင်ပေမဲ့ အချိန်ခိုးယူခြင်း ခံလိုက်ရသူတွေအဖို့တော့ ဘယ်လိုအရေးယူကြမလဲ။ ဆင်းရဲချမ်းသာမရွေး အချိန်က အရေးပါပါတယ်။
အချိန်ရဲ့အရေးပါပုံနဲ့ ပတ်သက်လို့ ပုံတိုပက်စတွေ စကားပုံတွေ အိပ်ယာဝင်ပုံပြင်တွေ လူမျိုးတိုင်းမှာ ရှိကြတယ်။ ထင်ရှားတဲ့ သိုးဆောင်းစကားပုံကတော့ Time and tide wait for no man ။ အဓိပ္ပါယ်က အချိန်နဲ့ ဒီရေသည် လူကိုမစောင့်ပါတဲ့။
အနောက်တိုင်းယဉ်ကျေးမှုမှာ တွေ့ဆုံဖို့ ချိန်းဆိုထားရင် သတ်မှတ်ချိန်အတွင်း ရောက်အောင်သွားကြရတယ်။ သတ်မှတ်ချိန်ထက် သိပ်စောအောင် ရောက်သွားရင် ကိုယ့်အချိန်ကို မလေးစားရာကျသလို နောက်ကျလွန်းပြန်ရင်လည်း သူ့အချိန်ကို ကိုယ်က ခိုးရာရောက်ပါသတဲ့။
ဒါကြောင့် တွေ့ဆုံဖို့ ချိန်းဆိုပြီးရင် သတ်မှတ်ချိန်အမီ ရောက်အောင်သွားကြရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ရင်လည်း အချိန်မဆိုင်းဘဲ တောင်းပန်ကြရပါတယ်။ ဒီနေ့လိုအချိန်မျိုးမှာ
စပင်ဆန်ဂျွန်ဆာကို ရွှေပြည်ကြီးဆီ အလည်လာဖို့ ဖိတ်ခေါ်ချင်ပါသေးတယ်။
ဓာတ်ဆီရဖို့စောင့်ဆိုင်းတန်းစီနေကြသူတွေ။ စားအုန်းဆီဝယ်ယူခွင့်ရဖို့ တန်းစီနေကြသူတွေရဲ့ အချိန်ဆုံးရှုံးမှုတွေကြည့်ပြီး who stole my time ဆိုတဲ့ စာအုပ်များ ရေးဖြစ်လေမလား တွေးကြည့်မိပါတော့တယ်။
အယ်ဒို
The Tanintharyi Times
