လူငယ်ရှားပါးလာတဲ့ မြန်မာရဲ့ အနာဂတ်
လူငယ်ရှားပါးလာတဲ့ မြန်မာရဲ့ အနာဂတ်
မြန်မာနိုင်ငံမှာ ၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေ၊ မတရားဖမ်းဆီးထောင်ချမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်ရေးတွေကန့်သတ် ချိုးဖောက်ခံရမှုတွေ များလာတာကြောင့် လူငယ်အများအပြားဟာ လွတ်မြောက်နယ်တွေနဲ့ နိုင်ငံရပ်ခြားတွေဆီ ထွက်ခွာနေကြပါတယ်။
အချို့က လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို ပြန်လည်တော်လှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေ ရှိရာ လွတ်မြောက်နယ်မြေတွေဆီ သွားကြတယ်။ အချို့က ပညာတပိုင်းတစနဲ့ ကျောင်းဆက်မတက်တော့ဘဲ အလုပ်လုပ်ဖို့၊ အချို့က ပညာဆက်လက်သင်ယူဖို့ နိုင်ငံရပ်ခြားတွေကို သွားကြတာပါ။
UNFPA ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းဟာ လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြား အရွယ်ကို လူငယ်လို့သတ်မှတ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူငယ်ဘယ်နှစ်ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာသွားကြတယ်ဆိုတဲ့ ကိန်းဂဏန်းအတိအကျ မသိပေမယ့် အာဏာမသိမ်းခင်က ထွက်ခွာမှုနှုန်းထက် အဆမတန် များပြားတယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုတကြိမ် လူငယ်တွေ နိုင်ငံကနေ စွန့်ခွာမှုနှုန်းဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ဒီလိုလူငယ်တွေ အစုလိုက်အပြုံလိုက် နိုင်ငံတွင်းကနေ ထွက်ခွာနေကြတာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ အနာဂတ် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိစေမှာ ဖြစ်ပါတယ်။
လူငယ်တွေထဲမှာ ပညာသင်ဆဲ ကျောင်းသားကျောင်းသူတွေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေပါတယ်။ တက်ကြွလှုပ်ရှားသူတွေပါတယ်။ ကော်လံဖြူ ကော်လံပြာ လုပ်သားတွေပါတယ်။
လူငယ်တွေ နိုင်ငံတွင်းကနေ ထွက်ခွာသွားကြတဲ့အခါ လူချည်းသွားကြတာမဟုတ်ပါဘူး။ သူတို့ရဲ့ အသိပညာအတတ်ပညာတွေ၊ ဗဟုသုတတွေ၊ လုပ်အားတွေပါ တပါးတည်း ယူဆောင်သွားကြတာဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးအတွက် အသုံးပြုရမယ့် အရာတွေမရှိခြင်းဟာ အစစအရာရာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံလိုမျိုးအတွက် အထိပိုနာစေပါတယ်။
နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေအပေါ် မူတည်တယ်လို့ ဆိုကြပါတယ်။ နိုင်ငံအတွင်းကနေ လူငယ်တွေ ထွက်ခွာသွားတဲ့အခါ အကြီးမားဆုံး ဆုံးရှုံးမှုဟာ လူစွမ်းအားအရင်းမြစ်တွေပါ။
နိုင်ငံတော်တော်များများဟာ ကဏ္ဍအသီးသီးမှာ လူငယ်တွေကို နေရာပေးနေချိန်၊ လူငယ်တွေရဲ့ စွမ်းအားအရင်းအမြစ်တွေနဲ့ နိုင်ငံကို တည်ဆောက်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေကြောင့် လူငယ်တွေ ရှားပါးလာပါပြီ။ လူငယ်ရှားပါးလာတဲ့ နိုင်ငံရဲ့ အနာဂတ်အလားအလာဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ပိုပြီးဆိုးတာက စစ်အာဏာရှင်တို့ရဲ့ အစစအရာရာ ဖိနှိပ်မှုတွေကြောင်း ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ တစစီပြိုကျနေတဲ့ နိုင်ငံကို ပြန်လည်ထူထောင်ဖို့အတွက်ပါပဲ။
လူငယ်တွေ နိုင်ငံကနေထွက်ခွာပြီး တခြားနိုင်ငံတွေဆီ သွားရောက်အခြေချနေထိုင်ကြတာဟာ ဦးနှောက်ယိုစီးမှုပါ။ လူငယ်တွေရဲ့ အတတ်ပညာတွေနဲ့ နိုင်ငံကို တည်ဆောက်ရမယ့်အစား အဲ့ဒီအတတ်ပညာတွေဟာ တခြားနိုင်ငံတွေအတွက် အသုံးချခံနေရပါတယ်။ အင်မတန်မှ နိုင်ငံအတွက် နစ်နာစရာကောင်းပါတယ်။
ဦးနှောက်ယိုစီးမှုမှာ ဆိုးရွားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေရှိပါတယ်။ ဦးနှောက်ယိုစီးမှုကြောင့် ကျွမ်းကျင်လုပ်သားမရှိခြင်းဟာ စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ထုတ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။ ကုန်ထုတ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းရဲ့ အကျိုးဆက်ကတော့ စီးပွားရေးပါ ကျဆင်းစေပါတော့တယ်။ စီးပွားရေး မကောင်းတဲ့ နိုင်ငံအဖို့ ဘယ်လိုများ ဖွံ့ဖြိုးတိုးတတ်ရေးတွေ ဆောင်ရွက်နိုင်ပါမလဲ။
လူငယ်အချို့ဟာ နိုင်ငံခြားကို ထွက်ခွါမသွားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေရှိရာ လွတ်မြောက်နယ်မြေတွေဆီ ထွက်ခွာကြပါတယ်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ပြီး အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်ရင်း လူငယ်အချို့ဟာ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်ကြရတာ၊ အသက်တွေဆုံးရှုံးကြရတာဟာ နိုင်ငံအတွက် ဆုံးရှုံးမှု အလွန်ကြီးမားပါတယ်။
ပညာသင်ကြားရမယ့်အရွယ်တွေ၊ ခွန်အားနဲ့ နိုင်ငံကို တည်ဆောက်ကြရမယ့် အရွယ်တွေဟာ စစ်အာဏာရှင်ကြောင့် လက်နက်တွေ ကိုင်နေကြရတာပါ။ စစ်အာဏာရှင်ကို တော်လှန်ရင်း ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်ကြရတာ၊ အသက်တွေဆုံးရှုံးကြရတာဟာ ကြီးကျယ်မြင့်မြတ်တယ်ဆိုပေမယ့် အနာဂတ်နိုင်ငံအတွက် လူငယ်စွမ်းအားအရင်းမြစ်တွေ လျော့ပါးစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
အစတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ အာဏာရူးသွပ်မှုကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေဟာလည်း တနေ့တော့ အဆုံးသတ်ကြရမှာပါပဲ။ အဲ့ဒီလို အဆုံးသတ်တဲ့အချိန် နိုင်ငံတွင်းကနေ ထွက်ခွာသွားခဲ့ကြတဲ့ လူငယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားမှာ သင်ယူလာခဲ့တဲ့ အသိပညာ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေနဲ့ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့နဲ့ လူ့အဖွဲ့စည်းအတွင်း ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးလာအောင် ပြန်လာပြီး ကူညီဖို့ လိုအပ်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံအတွက် လူငယ်တွေဟာ အရေးကြီးပါတယ်။ လူငယ်တွေမဲ့လာတဲ့ မြန်မာနိုင်ငံရဲ အနာဂတ်က သိပ်မကောင်းလှပါဘူး။ နိုင်ငံရပ်ခြားကို ထွက်ခွာသွားတဲ့၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေနဲ့ပဲ သိပ်မကောင်းလှတဲ့ နိုင်ငံ့အနာဂတ်ကို အကောင်းဆုံးဖြစ်လာအောင့် ထုဆစ်ပုံဖော်ရမယ့် အခြေအနေဖြစ်ပါတယ်။
ကိုဗလ
The Tanintharyi Times
