ဘယ်ဘုရားမှာ တာဝန်ရှိလဲ
ဘယ်ဘုရားမှာ တာဝန်ရှိလဲ
“လူငယ်တစ်ယောက်ကို ပြုစားဖို့ အဘယ်
နတ်ဘုရားထံ နင့်လက်တွေ ဖြန့် ကားတောင်းခံခဲ့သလဲ”
တာရာမင်းဝေ
တကယ်တော့ လူတယောက်အတွက် လူငယ်အရွယ်ဆိုတာ ဘဝရဲ့ အလှည့်အပြောင်းကို တံတားထိုးပေးတဲ့ အရွယ်လို့ ဆိုနိုင်တယ်။
လူငယ်တွေဟာ လူငယ်ပီပီ လူငယ်အရွယ် သူတို့ရဲ့ အချိန်ကို တက္ကသိုလ်မှာ ပညာရှာရင်း၊ ဖူးစာရှာရင်း၊ ဘဝ အတွေ့အကြုံဖြတ်ရင်း ကုန်ဆုံးသင့်တာ။ ချစ်ခြင်းမေတ္တာကို ခံစားရင်း သူတို့ရဲ့ အရွယ်ကို ကုန်ဆုံးသင့်တာလို့ ကျနော် ထင်တယ်။
ကဗျာထဲမှာ ဆိုသလိုပေါ့။ လူငယ်တယောက်ကို ပြုစားဖို့ ဘယ်ဘုရားထံ လက်တွေဖြန့်ကား တောင်းခံခဲ့သလဲ။
စာသားတွေဟာ နုပျိုနေသလို အတွေးအခေါ်တွေဟာ နုပျိုလန်းဆန်း နေရမှာ။ ကိုယ်ချစ်ရတဲ့ ချစ်သူကို ရသစုံနဲ့ တင်စားရင်း၊ စာပေပညာတွေ လေ့လာလိုက်စားရင်း အမိတက္ကသိုလ်မှာ အချိန်ကုန်ဆုံး နေသင့်တာ။
ဒါပေမယ့် ကျနော်တို့ဆီက လူငယ်တွေကျတော့ ချစ်ခြင်းမေတ္တာရဲ့ ပြုစားမှုကို မခံရဘဲ လောကဓံရဲ့ ပြုစားမှုကို ကြုံတွေ့ကြရတယ်။
တချို့လူငယ်တွေရဲ့ ဘဝဟာ ပြောင်းပြန်ကြီး အလှန်ခံလိုက်ရသလိုပဲ။
လူငယ် အတော်များများရဲ့ ပညာရေးဟာ (၇) တန်းမှာ ဂိတ်ဆုံးကုန်တယ်။ ၁၈ နှစ်ပြည့်လာတော့ ထိုင်းသွားမလား၊ တောခိုမလား၊ စစ်မှုထမ်းမလား။
အတွေးအခေါ်က လိပ်ပြာလေးတကောင်ရဲ့ တောင်ပံခတ်သံလို့ လွှင့်မျောနေရမယ့်အစား ဒီပေးထားချက် သုံးချက်အပေါ် အခြေခံပြီး ဖြတ်ကျော်ကြရတယ်။
လက်ထဲ စာအုပ်ကိုင်ရမယ့် လူငယ်တွေဟာ လူသတ်လက်နက်ကို ပုခုံးပေါ်ထမ်းနေကြရတယ်။ ကိုယ်ပိုင်ရွေးချယ်မှုဆိုပေမယ့် တခြားရွေးချယ်စရာမှ မရှိတော့တာ။
ဒါကို လောကဓံလို့ သတ်မှတ်ရရင် သူတို့အရွယ်မှာ သူတို့အပေါ် ရိုက်ခတ်လိုက်တဲ့ လောကဓံရိုက်ချက်က ပြင်းလွန်းတယ်။
မွေ့ရာအစား ပုခတ်နဲ့ အစားထိုးရ၊ စာမေးပွဲမေးခွန်းအစား တဖက်က ထိုးစစ်ဆင်လာတဲ့ ရန်သူစစ်ကြောင်းနဲ့ အစားထိုးရ ။ လျှောက်ရတဲ့ လမ်းမကြီးက အဓိပတိ လမ်းမကြီးမဟုတ် မိုင်းတွေ အပြည့်ခင်းထားတဲ့ ရန်သူ စခန်းသွားရာလမ်း။
ဒီအပြင် ရွေးချယ်မှု ထပ်ရှိကြဦးမလား။
လူငယ်တယောက်ရဲ့ အချိန်တွေကို ဒီ ပေးထားချက် သုံးခုတည်းမှာပဲ ရွေးချယ်ခွင့်ရှိပြီး ဒီထဲကမှ ဒီနိုင်ငံကို တည်ဆောက်လိုတယ်ဆိုတဲ့ စိတ်ဓာတ်ကိုပဲ လူငယ်တွေရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်လို့ ရှာကြံဂုဏ်ယူရမှာလား။
(ဒီနေ့ဟာ နိုင်ငံတကာလူငယ်များနေ့ဖြစ်ပါတယ်)
နော်ကောင်း
The Tanintharyi Times
