နောက်တန်းတစ်နေရာက မိခင်ဘာသာစကား

နောက်တန်းတစ်နေရာက မိခင်ဘာသာစကား

နိုင်ငံတောင်ပိုင်း မိုးရာသီ ကျေးလက်ညနေခင်း။ နေ့စဉ်ရက်ဆက် ရွာထားတဲ့ မိုးအရှိန်ကြောင့် စိုစွတ်အေးမြတဲ့ အငွေ့အသက်တွေ ယှက်သန်းနေတဲ့ကြားက နေခြည်လဲ့လဲ့လေးဟာ မဝံ့မရဲနဲ့ ဖြာကျလာတယ်။ တိတ်ဆိတ်နေတဲ့ ဝန်းကျင်မှာ အသံစာစာလေး‌တခုကို ရုတ်တရက် ကြားလိုက်ရတယ်။

လမ်းထဲက ကျောင်းသူတစ်ယောက်ရဲ့ စာကျက်သံ။ သိပ်မကြာခင်မှာ အလယ်တန်းကျောင်းသားတစ်ယောက်ရဲ့ စာအော်ကျက်သံ၊ နောက်တော့ ဟိုတစ်အိမ် ဒီတစ်အိမ် စာကျက်သံတွေ ခပ်စိပ်စိပ် ကြားလာရတယ်။ ရပ်ကွက်ထဲက ကလေးတွေ ကျောင်းစာကို ကြိုးစားပမ်းစား ကျက်နေကြတာပါ။

ဒီနေရာတဝိုက်က ကလေးတွေအားလုံး စစ်ကောင်စီ စာသင်ကျောင်းမှာပဲ ကျောင်းတက်ကြရပါတယ်။ တော်လှန်ရေးတပ်တွေ လွှမ်းခြုံနိုင်တဲ့‌ နေရာလည်းမဟုတ်၊ အွန်လိုင်းကနေ သင်ကြားနိုင်လောက်တဲ့ အနေအထားလည်း မရှိတာမို့ စစ်ကောင်စီလက်အောက်လား၊ ဘာလားညာလား ခွဲခြားဖို့ အခြေအနေမရှိပါဘူး။ မိဘတွေက ကိုယ့်ကလေးစာတတ်ဖို့အတွက် အနီးအနားမှာ ဖွင့်ထားတဲ့ ကျောင်းကိုပဲ အားကိုးတကြီး ပို့ကြရပါတယ်။

စစ်ဒဏ်ကနေ နည်းနည်းလေး လွတ်နေသေးတဲ့နေရာ။ ဒီဒေသမှာ နေထိုင်ကြသူတွေက ဗမာလူမျိုးတွေ မဟုတ်ကြတော့ ရပ်ထဲရွာထဲမှာ ကိုယ့်မိခင်ဘာသာစကားကိုပဲ နေ့စဉ်သုံးစွဲပြောဆိုကြပါတယ်။ ဒါပေမယ့် အခုစာကျက်သံကိုနားထောင်ကြည့်လိုက်တော့ ကလေးအားလုံးက ဗမာစာကိုပဲ တွင်တွင်အော်ဆိုနေတာ ကြားရပါတယ်။

အော်ကျက်နိုင်လွန်းလို့ အလွတ်ရပြီး စာမေးပွဲမှာ ဖြေနိုင်ပေမယ့် သူတို့ကျက်နေတဲ့စာရဲ့ အဓိပ္ပာယ်ကို ကဂဏန နားမလည်ဘူး ဆိုတာတော့ သေချာပါတယ်။ ဒါ့အပြင် မူလလက်ဟောင်း စစ်ကျွန်ပညာရေးစနစ်အတိုင်းပဲမို့ အလွတ်ကျက် အလွတ်ဖြေနဲ့ပဲ သူတို့ပညာသင်ကြားရေးဟာလမ်းဆုံးနေတော့တာပါ။ ရပ်ရွာကလည်း ကိုယ်နားမလည်တဲ့ ဘာသာစကားကို တွင်တွင်အော်ကျက်နေတာကိုပဲပညာသင်ကြားတယ်လို့ ထင်နေတတ်ကြတယ်။

ဗမာလူမျိုးတစ်ယောက် ဗမာစာကို အလွတ်ကျက်ရတယ်ဆိုရင် တော်ပါသေးရဲ့။ အခု ဗမာလူမျိုးလည်း မဟုတ်၊ ဗမာစကားလည်း ပြောဆိုလေ့မရှိတဲ့ အဝန်းအဝိုင်းမှာ ဗမာစာကိုကျက်နေကြရတယ်။ အကြောင်းအရာ နားမလည်ပဲနဲ့ အသင်ခံနေရတော့ ထပ်ဆင့်တွေးခေါ် စဉ်းစားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စစ်အာဏာရှင်တွေကတော့ ပြည်သူတွေ မတွေးတတ်မခေါ်တတ်လေလေ ကြိုက်လေလေပါပဲ။ အမှားအမှန် မပိုင်းခြားတတ်တဲ့ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ ပြည်သူတွေများမှ သူတို့အာဏာ ဆက်လက်ခိုင်မြဲနိုင်မှာ မဟုတ်လား။

ဒါ့ကြောင့်လည်း လူမျိုးစုအားလုံးကို ဗမာမှုပြုပြီး သူတို့နားမလည်တဲ့ စာတွေကို သွပ်သွင်းသင်ကြားစေတာ၊ ဘာမှတွေးခွင့်မရှိဘဲ အလွတ်ကျက်စေတာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ပညာရေးစနစ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ပြည်သူတွေရဲ့ ဦးနှောက်ကိုသံချေးတက်သွားအောင် အကွက်ကျကျ ဖန်တီးခဲ့ကြတယ်။

ကိုယ်သုံးစွဲနေကျလည်း မဟုတ်၊ ကိုယ်နားမလည်တဲ့ ဘာသာနဲ့ ရေးထားတဲ့စာကို အခုချိန်အထိ အလွတ်ကျက်နေရသေးတဲ့ ကလေးတွေအကြောင်းတွေးရင်း စိတ်အစဉ်ဟာ ငယ်ဘဝအတိတ်ဆီကို ရောက်သွားရပြန်တယ်။ ဒီလို နည်းလမ်းအမှားတွေနဲ့ အသင်ခံခဲ့ရတာက အခုမှ မဟုတ်ပါဘူး။ ကျွန်မတို့ မျိုးဆက်သုံးဆက် တိုင်ခဲ့ပါပြီ။ စစ်အာဏာရှင် စတင်အမြစ်တွယ်တဲ့ အချိန်ကတည်းကပဲ ဆိုပါတော့။

ဗမာစာကို မူလတန်းပြီးတဲ့အထိ သင်ခဲ့ရတဲ့ အမေ့ရည်မှန်းချက်ဟာ သူ့သမီးဖြစ်သူ ကျွန်မက ဗမာစာကို သူ့ထက် ပိုတတ်လာဖို့ပါပဲ။ ဒါ့ကြောင့် ကျွန်မကျောင်းမနေခင်ကတည်းက သူတတ်သမျှ မှတ်သမျှ ဗမာစာကို သင်ပေးဖို့ စိုင်းပြင်းနေပါပြီ။ အသက်လေးနှစ် အရွယ်မှာ မူလတန်းဖတ်စာအုပ်ထဲက စာတွေအားလုံးကို ကျွန်မနှုတ်တိုက် ရွတ်တတ်နေခဲ့ပြီ။ ဒါပေမယ့် အဓိပ္ပာယ်တော့ တစ်လုံးမှ နားမလည်ပါဘူး။

“ကြက်တူရွေး နှုတ်တိုက်” ဆိုတဲ့စကားဟာ ကျွန်မအတွက်တော့ မှန်လွန်းမက မှန်နေခဲ့ပါတယ်။

ဗမာစာ သင်ကြားခြင်းဟာ ပညာသင်ကြားတာပဲ၊ ဗမာစာတတ်မှ လူရာဝင်တဲ့ ပညာတတ်တစ်ယောက်ဖြစ်မှာ ဆိုတဲ့ အတွေးအခေါ်မျိုးက အမေ့ဆီမှာတင် မကဘူး၊ ကျွန်မတို့ ရွာသူရွာသားတိုင်းလိုလိုမှာ အမြစ်တွယ် ကိန်းအောင်းနေခဲ့တယ်။

ဗမာစာ ဗမာစကားအပေါ် အထင်ကြီးစိတ် ဖြစ်ပေါ်စေခဲ့တာက စာသင်ကျောင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဆေးရုံ၊ လဝကရုံး၊ တရားရုံးစတဲ့ အစိုးရဌာနဆိုင်ရာ ရုံးတွေမှာ ရုံးသုံးစာက ဗမာစာပဲ ဖြစ်နေတဲ့အခါ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် သိမ်ငယ်စိတ်ကို ပိုဖြစ်စေတာအမှန်ပါပဲ။

ကျောင်းမနေရသေးတဲ့ အရွယ်ကတည်းက ကျွန်မကို ဗမာစာအလွတ်ရွတ်ခိုင်းတဲ့ အမေ့လုပ်ဆောင်ချက်တွေဟာ အမေ့စိတ်ဒဏ်ရာနဲ့ တွဲလျက်ကပ်ပါလာတဲ့ အရာတွေလို့ ဆိုလို့ရပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ လူမျိုးကြီးဝါဒရဲ့ ခြယ်လှယ်အုပ်စိုးတာကို ဘယ်လောက်အထိ ခံနေရသလဲဆိုတာ အမေ့ရဲ့ မူလတန်းကျောင်းသူဘဝကအဖြစ်အပျက်တစ်ခုကိုကြည့်ရင် သိနိုင်ပါတယ်။

အမေက အဲဒီအဖြစ်အပျက်ကို ခဏခဏ ပြောပြတယ်။ သူတို့ရဲ့ ခနော်နီခနော်နဲ့ကျောင်းမှာ တာဝန်ကျဆရာက အဝေးကနေလာတဲ့ ဗမာအမျိုးသားတစ်ယောက်။ သူတို့နားမလည်တဲ့ စကားကိုပြောပြီး သူတို့နားမလည်တဲ့စာကို တွင်တွင်သင်ပေးနေသူ။

ကျောင်းဆရာက သူတို့ကို ဗမာစကား တတ်စေချင်ဇောနဲ့ ကျောင်းရောက်တာနဲ့ ကျောင်းသူကျောင်းသားအားလုံး ဗမာစကားပဲပြောဖို့ အမိန့်ထုတ်ထားတယ်။ ဗမာစကားမပြောတဲ့ ကျောင်းသားတွေဆို ကြိမ်ဒဏ် မဟုတ်ရင် ငွေဒဏ် ကျခံရသတဲ့။

မျက်လုံးကလယ်ကလယ်နဲ့ အမေတို့ကတော့ ကျောင်းရောက်တာနဲ့ ဘာစကားမှ မပြောတော့ဘူး။ အမြဲတမ်း ဝစီပိတ်ပဲ နေကြသတဲ့။

အသက်ဆယ်နှစ်ဝန်းကျင် ကလေးတစ်ယောက်က အဲဒီလိုအသင်ကြားခံထားရတဲ့အခါ ဗမာစကားကို အထင်ကြီးစိတ်ဖြစ်လာတာ ဘာမှမဆန်း။

အမေအရွယ်ရောက်လာတော့ ဆေးရုံ၊ ဆေးခန်း၊ အစိုးရရုံးတွေနဲ့ တခါတရံ ထိတွေ့ဆက်ဆံရတဲ့ အတွေ့အကြုံတွေကြောင့်လည်း ကျွန်မကို ဗမာစာသင်ပေးဖို့ အပူတပြင်း ဖြစ်လာစေပါတယ်။ အမေ့ရဲ့ ဗမာစာ ဗမာစကားအပေါ် အထင်ကြီးစိတ်၊ မိခင်ဘာသာစကားအပေါ် သိမ်ငယ်စိတ်တွေရဲ့ ရိုက်ခတ်မှုဟာ ကျွန်မကျောပေါ်ကို ပုံချမိလျက်သား ဖြစ်သွားစေခဲ့တယ်။

ဒီလိုနဲ့ ကျောင်းမနေခင် အရွယ်ကတည်းက အသံတစာစာနဲ့ ဗမာစာ ရွတ်နေတဲ့ ကျွန်မလို ကြက်တူရွေးတွေ အများကြီးရှိလာသလို ဘာမှနားမလည်လို့ ကျောင်းပြေး ကျောင်းထွက်လိုက်ရတဲ့ သူတွေလည်း ရှိပါသေးတယ်။

“ကမ္ဘာပေါ်မှာ ကလေးတွေ ကျောင်းထွက်ကြတဲ့ အကြောင်းရင်းထဲမှာ ဆင်းရဲလို့ ကျောင်းထွက်တာအပြင် ဘာသာစကား နားမလည်လို့လည်း ကျောင်းထွက်ကြတာများတယ်” လို့ သုတေသနစစ်တမ်းတွေက ဆိုကြောင်း မိခင်ဘာသာစကား အခြေပြု သင်ကြားရေးကို အားတက်သရောဆောင်ရွက်နေတဲ့ “ဒေါက်တာသိန်းလွင်” ရဲ့ ဟောပြောပွဲတစ်ခုမှာ နားထောင်လိုက်ရတယ်။ ဒီစကားဟာ အမှန်ပါပဲ။

မြို့ကြီးပြကြီးမှာ ကျောင်းနေလိုက်ရလို့ ကျွန်မက ဗမာစာနဲ့စကားကို လည်လည်ဝယ်ဝယ် တတ်သွားပေမယ့် ရွာမှာကျန်နေတဲ့ ဝမ်းကွဲမောင်နှမတွေ အတော်များများက သူတို့နားမလည်တာကို နေ့စဉ်နဲ့အမျှ ရွတ်ဆိုရေးသားနေရတော့ ပျင်းလာ စိတ်ပျက်လာပြီး ကျောင်းထွက်သွားကြတာ အများကြီးပါ။

ပညာသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ထဲမှာ Critical Thinking လို့ခေါ်တဲ့ ဝေဖန်ပိုင်းခြားစဉ်းစားတတ်ဖို့ကအလွန်ပဲ အရေးကြီးပါတယ်။ အကြောင်းအကျိုးမှန်မှန် အချက်အလက်ကျကျ ဝေဖန်ပိုင်းခြား တွေးခေါ်တတ်ဖို့ဆိုရင် သူသုံးနေကျ ဘာသာစကားနဲ့မှ ပိုဖြစ်နိုင်ပါတယ်လို့ မိခင်ဘာသာစကားနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေမှာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေး ဖခင်ကြီး “နယ်လ်ဆင်မန်တဲလား” ကတော့ “လူတစ်ယောက်ကို သူနားလည်တဲ့ ဘာသာစကားနဲ့ပြောရင် သူ့ခေါင်းထဲကိုပဲ ရောက်မယ်။ သူ့ရဲ့ ကိုယ်ပိုင်ဘာသာစကား(မိခင်ဘာသာစကား)နဲ့ ပြောမှ သူ့ရင်ထဲနှလုံးသားထဲအထိ ရောက်မယ်” လို့ ဆိုပါတယ်။

ဒါ့ကြောင့် အသိဉာဏ်မြင့်မားဖို့၊ စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံဖို့အတွက် လူမျိုးစုအသီးသီးကကလေးတိုင်း သူ့မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်ရဖို့ အရေးကြီးဆုံးပါ။ အခုချိန်ထိတော့ အကြမ်းဖက်စစ်တပ် ကြီးစိုးထားတဲ့ နယ်မြေတွေမှာ မိခင်ဘာသာစကား အခြေပြုသင်ကြားရေးဟာ နောက်တန်း ရောက်နေဆဲ၊ ချောင်ပို့ခံထားရဆဲပါပဲ။

တော်လှန်ရေး အောင်မြင်ပြီးလို့ တိုင်းပြည်တည်ဆောက်ရေးကာလမှာ လူမျိုးစုအသီးသီးအတွက် မိခင်ဘာသာစကားအခြေပြု သင်ကြားခွင့် ရရေးကိုလည်း အရေးကြီးလုပ်ဆောင်ရမယ့် ခေါင်းစဉ်ထဲမှာ ထည့်သွင်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ။

The Tanintharyi Times