တနင်္သာရီမြို့ ပေါ်ကိုပါ စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့်ကန့်သတ်
တနင်္သာရီမြို့ ပေါ်ကိုပါ စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့်ကန့်သတ်
တနင်္သာရီမြို့နယ် တစ်ခုလုံးကို စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့်ကန့်သတ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယခင်က တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိတဲ့ တနင်္သာရီမြို့နယ်ထဲက ကျေးလက်ဒေသတွေကို စားသောက်ကုန် သယ်ယူခွင့်ကန့် သတ်ထားပေမဲ့ ယခုလ ပထမပတ်က စတင်ကာ မြို့ပေါ်ဧရိယာကိုပါ ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တနင်္သာရီမြို့ပေါ် က လူဦးရေတစ်ဝက်စာသာ ဖူလုံစေမယ့် စားသောက်ကုန် ပမာဏကိုသာ တင်သွင်းခွင့်ပြုဖို့ စစ်ကောင်စီ က မြို့ဝင်မြို့ ထွက်စစ်ဆေးရေးဂိတ်တွေကိုညွန်ကြားထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦး ကပြောပါတယ်။
“လူဦးရေငါးရာရှိရင် တစ်လကို ဆီဘူးနှစ်ရာ့ငါးဆယ် ဆန်အိတ် နှစ်ရာ့ငါးဆယ်ပဲတင်ခွင့်ပေး ရမယ်ဆိုပြီးညွှန်ကြားခံထားရတယ်။ မလောက်ရင်လောက်သလိုစားဆိုတဲ့ပုံစံမျိုးနဲ့လုပ်လာတာ။” လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီညွန်ကြားချက်က အခုလဆန်းပိုင်းကထွက်ရှိလာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အခုလိုကန့်သတ်လာတာဟာ မြို့နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ်လေ့ရှိတဲ့ကျေးလက်ဒေသတွေဆီ စားသောက်ကုန်တွေရောက်မှာစိုးရိမ်တဲ့အတွက် တင်းကြပ်လိုက်တာဖြစ်နိုင်တယ်လို့ အဆိုပါအမျိုးသားက ဆိုပါတယ်။
မြို့ပေါ်ဧရိယာတွေကိုပါ စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့် စတင်ကန့်သတ်လိုက်ကြောင်း တနင်္သာရီမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက တနင်္သာရီမြို့နယ်၊ မြို့ပေါ်ဧရိယာကလွဲပြီး ကျေးလက်ဒေသတွေကို စားသောက်ကုန်သယ်ယူခွင့်တင်းကြပ်ကန့်သတ်ထားတာပါ။ ဒီလအစမှာတော့ စစ်ကောင်စီတပ်တွေအပြည့်အဝထိန်းချုပ်ထားတဲ့ မြို့ပေါ်ဧရိယာကိုပါကန့်သတ်လာ တာဖြစ်ပါတယ်။
“ရေတွေကျပြီး ကားစထွက်တဲ့နေ့မှာပဲ ကားသမားအချင်းချင်းကြားစကားတွေကြားရတယ်ဗျ။ လောလောဆယ်တော့ ခရီးသည်ကလွဲပြီး ဘာမှမတင်ရဲသေးဘူး။” လို့ ဒေသတွင်း ကားသမားတစ်ဦးက ပြောပါတယ်။
စားသောက်ကုန်သယ်ယူခွင့်တင်းကြပ်လိုက်ပြီးနောက် ဒေသတွင်းစားသောက်ကုန်ဈေးနှုန်းတွေထိုးတက်လာပြီး ဖူလုံမှုမရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့ပေါ်ဈေးနှုန်းအရ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်က ပုဇွန်တံဆိပ် စားအုန်းဆီ တစ်လီတာဘူးကို ၆၀၀၀ ကျပ်ဝန်းကျင်ရှိနေရာကနေ လက်ရှိမှာ ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ၂၄ ပြည်ဆံ့ အိုကေ (တံဆိပ်အနီရောင်) ဆန်တစ်အိတ်ကို ၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိရာကနေ ၁၁၀,၀၀၀ ကျပ်အထိဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာတနင်္သာရီမြို့ပေါ်ဈေးသာဖြစ်ပြီး ကျေးလက်ဒေသမှာဆိုရင် ဆန်တစ်အိတ်ကို အနည်းဆုံး ၁၃၀,၀၀၀၊ ပုဇွန်တံဆိပ် စားအုန်းဆီ ဆီတစ်လီတာဘူးကို အနည်းဆုံး ၁၁၀၀၀ ကျပ်နဲ့ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
“မနေ့က ဆီသွားဝယ်တာ ရောင်းဖို့မဟုတ်ဘူးဆိုပြီးပြန်သိမ်းလိုက်တယ်။ စင်ပေါ်မှာရှိတာအကုန်သိမ်းလိုက်တာ။ တခြားဆိုင်အားလုံးနီးပါးလိုလိုကလည်း ပစ္စည်းသိုလိုက်ကြပြီ။ ဈေးတက်တာအပြင် ဝယ်ဖို့ပါမရှိတော့ဘူး။” လို့ တနင်္သာရီမြို့၊ လယ်တောင်ယာရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က စားသောက်ကုန်တွေကို ကန့်သတ်လာတာဟာ တော်လှန်ရေးအင်အားစုတွေဆီ မရောက်စေချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လုပ်ဆောင်နေတာလို့ ဒေသခံတချို့ကခန့်မှန်းပြောဆိုကြပါတယ်။
“ပွင့်လင်းရာသီအတွက်ကြိုပြင်ကြတာဖြစ်မယ်။ စစ်ကောင်စီဘက်က တပ်သားအင်အားတွေ တခြားလက်နက်ခဲယမ်းတွေ အဘက်ဘက်ကယိုယွင်းလာတဲ့အချိန် ဒီရိက္ခာလမ်းကြောင်းဖြတ်တောက်တာက သူတို့အတွက် မထိခိုက်တဲ့အလုပ်လေ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
တိုင်းအတွင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ ပုလောမြို့နယ်ထဲက ပလမြို့နဲ့ တနင်္သာရီမြို့နယ်တွေကို စားသောက်ကုန်သယ်ယူတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ တင်းတင်ကြပ်ကြပ်လုပ်ဆောင်ထားပါတယ်။
The Tanintharyi Times
