စစ်ခေါင်းဆောင်က ပြည်သူလူထုထံအသိပေးတာလို့ ခေါင်းစဉ်တပ်ပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကို နှစ်သိမ့်အားပေးစကားထွက်ပြော

စစ်ခေါင်းဆောင်က ပြည်သူလူထုထံအသိပေးတာလို့ ခေါင်းစဉ်တပ်ပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကို နှစ်သိမ့်အားပေးစကားထွက်ပြော

နိုင်ငံတဝှမ်း ယိုယွင်းပျက်စီးနေတာနဲ့ ပြည်သူလူထုထိခိုက်နစ်နာနေတာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့်လို့ အပြစ်တင်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးဆိုင်ရာအခြေအနေတွေ ပြည်သူလူထုထံအသိပေးပြောကြားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ (ဩဂုတ်လ ၅ရက်)ညနေမှာ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကို နှစ်သိမ့်အားပေးစကားထွက်ပြောလာတာ တွေ့ရပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ဆင်ရေးတွေကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနေနရပြီး နိုင်ငံအခြေအနေ ယိုယွင်းပျက်စီးနေတာနဲ့ပက်သက်လို့လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို သူက အပြစ်တင်ပြောဆိုသွားပါတယ်။

“သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် လူမှုစီးပွားဘဝတွေ၊ ကလေးသူငယ်တွေရဲ့ ပညာရေးတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂါတ်ဘဝတွေဟာ ဘယ်လိုအိမ်မက်မှ မက်ခွင့်မရတော့ဘဲ ဆိတ်သုန်းရတော့မှာဘဲ ဖြစ်ပါတယ်” လို့ စစ်ခေါင်ဆောင်က ပြောပါတယ်။

စစ်ရှုံးနေတဲ့ ရှမ်းမြောက်ဒေသနဲ့ ရခိုင်အပါအဝင် နိုင်ငံတဝှမ်းက တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက အကြမ်းဖက်နေတာလို့ သူကပြောဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ရှုံးနေတာနဲ့ ပက်သက်ပြီးတော့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ ခိုလှုံနေထိုင်သူတွေကို ငဲ့ညှာပြီး စခန်းတွေကနေ စွန့်ခွာပေခဲ့တာလို့ သူက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ပက်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးစဉ်းစားပြီး စွန့်ခွာခဲ့ရတာလည်း ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနတွေက ထောက်ပံ့ပေးနေတယ်လို့လည်း သူ့တပ်ဖွဲ့ဝင်တွေကို အားပေးပြောဆိုပါတယ်။

“အခုချိန်မှာလည်း ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ရွံရွံချွံချွံ ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိတဲ့ ပြည်သူလူထုအဖွဲ့အစည်းများ ၊ဝန်ကြီးဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တခဲနက်ဆောင်ရွက်ပေးနေကြတာကိုလည်း အားရဖွယ်ရာတွေ့ရပါတယ်လို့” သူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေမှာ စစ်ရှုံးပြီး ကျဆုံးထိခိုက်ဒါဏ်ရာ ရခဲ့တဲ့ သူ့တပ်ဖွဲ့ဝင်တွေအတွက်လည်း စိတ်မကောင်းဘူးလို့ နှိမ့်သိမ့်စကားပြောကြားခဲ့ပါတယ်။

အခုလို ပြောဆိုချက်တွေထဲမှာ သူပြောဆိုနေကျ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတဲ့ကိစ္စကို ထည့်သွင်းပြောကြားသွားတာမတွေ့ရတော့ဘဲ တိုက်ပွဲဖြစ်ပွားရာနယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းဆောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။

Connect Burma

The Tanintharyi Times