NCA အရ ဖွဲ့စည်းထားတဲ့ JMC ကော်မတီကို အသိအမှတ်ပြုနေတဲ့ သံတမန်နဲ့ ကုလအဖွဲ့တွေကို စိတ်ပျက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်

NCA အရ ဖွဲ့စည်းထားတဲ့ JMC ကော်မတီကို အသိအမှတ်ပြုနေတဲ့ သံတမန်နဲ့ ကုလအဖွဲ့တွေကို စိတ်ပျက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ NCA စာချုပ်ဟာ အကောင်အထည်ဖော်ရန် မဖြစ် နိုင်တော့သလို NCA အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကို တချို့သော သံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကြားနေအဖွဲ့အစည်း အဆိုပြုထားတဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့က ဒီကနေ့မှာ အိတ်ဖွင့်စာအနေနဲ့ ပူးတွဲထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ဖြစ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီပေးရမယ့်အစား လူသားဖြစ်တည်မှုအခြေခံမူကို လျစ်လျူရှုနေတဲ့ စာနာမှုအကူအညီတွေကို လက်နက်သဖွယ် အသုံးချ ချယ်လှယ်နေတဲ့ စစ်ကောင်စီကို အားပေးသလို ဖြစ်နေတယ်လိုထောက်ပြထားပါတယ်။

အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ UNCT ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် UNSE ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ JPF Joint Peace Fund တို့ဆီ ပေးပို့သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ NCA လုပ်ငန်းစဉ်ရဲ့ JMC ကော်မတီကို ကြားနေအဖွဲ့အစည်းအဖြစ် အဆိုပြုတဲ့ကိစ္စမှာ KNU ရဲ့ သဘောတူညီမှု ပါဝင်ကြောင်း ပြောဆိုနေတဲ့အပေါ် JPF အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက နားလည်မှု မှားယွင်းနေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီ ကျင်းပခဲ့တဲ့ NCA ၈ နှစ်ပြည့် အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ပဒို စောမူတူးစေးဖိုး တက်ရောက်ခဲ့ပြီး ဒါဟာ တဦးချင်းပုဂ္ဂိုလ်ရေးအရ တက်ရောက်တာ ဖြစ်ပြီး မတည်ရှိတော့တဲ့ NCA နဲ့ NCA အရ ဖွဲ့စည်းထားတဲ့ ကော်မတီတွေကို KNU အနေနဲ့ အသိအမှတ်ပြုထောက်ခံတယ်လို့ မမှတ်ယူသင့်ကြောင်း အခုအိတ်ဖွင့်ပေးစာမှာ ရှင်းလင်းထားပါတယ်။

ABSDF ၊ CNF ၊ KNU တို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ စစ်ရေး၊ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းအဖြစ် ယုံကြည်ပေမယ့် ပြည်သူတွေကို တိုက်ခိုက်နေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး မရှိနိုင်ဘူးလို့လည်း ပြောဆိုထားပါတယ်။

NCA ဟာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း အစောပိုင်းကတည်းက သဘောထားထုတ်ပြန်ထားတဲ့ ယင်းအဖွဲ့တွေဟာ စစ်‌ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးဖို့အတွက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်က အဖွဲ့အစည်းတွေကို အားပေးမြှင့်တင်နေခြင်းဟာ ယုတ္တိရှိတဲ့ ဆောင်ရွက်မှု မဟုတ်သလို လက်ခံလို့လည်း မရဘူးလို့ ဆိုပါတယ်။

မြန်မာပြည် ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ လူသားချင်စာနာမှု အကူအညီပေးရေး လုပ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီနဲ့ လက်တွဲနေတဲ့ အပေါ် ပြည်သူတွေ ဝေဖန်မှု ရှိနေပြီး တချို့သော အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေက စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတဲ့ နည်းလမ်းအတိုင်း သွားဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မဇ္ဈိမသတင်းဌာနကို ပြောထားပါတယ်။

“ လက်ရှိ အကြမ်းဖက်မှုတွေ ရှိနေသမျှ ကာလပတ်လုံး ကျနော်တို့က ဘယ်လိုလုပ်ဆွေးနွေးနိုင်မှာလဲ။ တရားမျှတမှုဖော်ဆောင်တဲ့ လမ်းကြောင်းမပါဘဲနဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ဖို့ မဖြစ်နိုင်ဘူး “ လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဦးအောင်မျိုးမင်း ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ ကျင်းပတဲ့ Forum 2000 ညီလာခံကို တက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီကို ပရာ့ဂ်ပန်ကြားချက် ပေးပို့ခဲ့ပါတယ်။

ဒီပန်ကြားချက် ၁၀ ချက်ထဲမှာ မြည်မာပြည်သူတွေရဲ့ မိမိကိုယ်တိုင်နဲ့ မိမိတို့ရဲ့ လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်မယ့် ဆုံးဖြတ်ချက်ကို လေးစားရန်နဲ့ မြန်မာစစ်တပ်ကို အကျိုးဖြစ်စေမယ့် ကိုယ့်သဘောနဲ့ကိုယ် ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေကို မပြုလုပ်ကြဖို့ ဆိုတဲ့ အချက်ကို ထည့်သွင်းတောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု ကူညီပေးတဲ့နေရာမှာ စစ်ကောင်စီနဲ့ ချဉ်းကပ်တဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲနယ်စပ်မျဉ်းပေါ်မှာ ပြင်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ တဆင့် တိုက်ရိုက်ပေးပို့တာမျိုး လုပ်ဆောင်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ပြောဆိုထားတာ ရှိပါတယ်။

The Tanintharyi Times