ကိုးကန့်တပ်ဖွဲ့ (MNDAA) ဆိုတာဘာလဲ
ကိုးကန့်တပ်ဖွဲ့ (MNDAA) ဆိုတာဘာလဲ

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) ပေါင်း ၄၀ နီးပါးရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုဟာ ၂၀၂၁ ခုမှာ စစ်တပ်ကအာဏာသိမ်းတာကို လုံး၀ လက်မခံဘဲ ပြန်လည်ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြပါတယ်။
အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့ဟာ ပိုထင်ရှားပါတယ်။
မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့ကို သိမ်းယူခဲ့တဲ့အထဲ အဓိကဦးဆောင်သူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့ကို သိမ်းယူဖို့ အလားအလာကောင်းနေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အမည်တွေဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေထဲမှာ ခပ်စိတ်စိတ်နဲ့ အတွေ့ရများလာပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး”နဲ့အတူ အဲ့ဒီအဖွဲ့အမည်တွေဟာ လူသိပိုများလာပြီး ထင်ရှားလာတာဖြစ်ပါတယ်။
အခုဆောင်းပါးမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အကြောင်းကို ရှင်းပြပါ့မယ်။
- MNDAA ဆိုတာဘာလဲ။
MNDAA ဆိုတာ အင်္ဂလိပ်လို Myanmar National Democratic Alliance Army ရဲ့ အတိုကောက်တွေပါ။ မြန်မာလိုတော့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ဖြစ်ပါတယ်။ လူအများစုကတော့ MNDAA ကိုးကန့်တပ်ဖွဲ့လို့ပဲ သိကြတာများပါတယ်။
- MNDAA ကို တည်ထောင်ခြင်း
ဖုန်ညီနောင်ဖြစ်တဲ့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူတို့က ဗကဗ လို့ လူသိများတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ပထမဆုံးခွဲထွက်ပုန်ကန်ပြီး မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) ကို ၁၉၈၉ ခု မတ်လအတွင်းမှာ တည်ထောင်ခဲ့ပါတယ်။ မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ MNDAA ပဲ ဖြစ်ပါတယ်။ MNDAA ဟာ အခုချိန်ထိဆို ၃၅ နှစ်သက်တမ်းရှိပါပြီ။
ဖုန်ကြားရှင်ဟာ MNDAA ကို ၂၀၂၀ ပြည့် နှစ်ကုန်ပိုင်းထိ ဦးဆောင်တာဝန်ယူခဲ့ပြီး ၂၀၂၂ ခု ဖေဖော်ဝါရီလတုန်းက လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။
- MNDAA အခြေစိုက်ရာဒေသ
MNDAA ဟာ ကုန်းကြမ်းမြို့နဲ့ လောက်ကိုင်မြို့တွေမှာ အခြေစိုက်ပါတယ်။ကုန်းကြမ်းမြို့နယ် ဟုန်အိုင်တောင်ကြောမှာ စစ်ဦးစီးချုပ်ရုံး ရှိပြီး လောက်ကိုင်မြို့မှာက ကိုးကန့်ဒေသ အုပ်ချုပ်ရေးကော်မတီရုံးစိုက်တယ်လို့ ISP- Myanmar က ဖော်ပြသလို အင်အား တစ် သောင်းခန့်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ သူတို့ဟာ လောက်ကိုင်၊ ကုန်ကြမ်း၊ မော်ထိုက်၊ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနဲ့ မူဆယ်မြို့နယ်တွေမှာ လှုပ်ရှားကြပါတယ်။
ကိုးကန့်ဒေသဟာ တရုတ်နယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းမှာ တည်ရှိပြီး အစိုးရအဆက်ဆက်က အသိမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကိုးကန့်ပါဝင်ပါတယ်။ ကိုးကန့်ဒေသမှာ နေထိုင်ကြသူတွေထဲကမှ ၉၀ ရာခိုင်နှုန်းဟာ တရုတ်လူမျိုးတွေဖြစ်ပြီး မြန်မာစကားပြောနိုင်သူ အနည်းငယ်ပဲ ရှိပါတယ်။
- န၀တနဲ့ ပထမဆုံး ငြိမ်းချမ်းရေး ယူခဲ့တဲ့ အဖွဲ့
MNDAA ဟာ တည်ထောင်ပြီး သိပ်မကြာခင်မှာပဲ စစ်အစိုးရ (ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့-နဝတ) နဲ့ အပစ်ခပ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပြီး ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ MNDAA ဟာ န၀တနဲ့ ပထမဆုံးသော ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
နဝတအစိုးရဟာ အဲ့ဒီအချိန်ကစပြီး ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ်သတ်မှတ်ပေးခဲ့ပြီး MNDAA ကို အပြည့်အဝ ထိန်းချူပ်ခွင့် စီမံခွင့်ပေးခဲ့ပါတယ်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းလိုက်တဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနဲ့လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကိုးကန့်ဒေသဟာ ရှမ်းပြည်နယ်အတွင်းမှာ ရှိနေပေမယ့် ရှမ်းပြည်နယ်အစိုးရရဲ့အောက်မှာ ရှိမနေဘဲ ဗဟိုအစိုးရရဲ့ လက်အောက်မှာပဲ တိုက်ရိုက်ရှိနေခဲ့ပါတယ်။
- အပစ်ခတ်ရပ်စဲရေး စာချုပ် ပျက်ပြီ
အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဖိအားပေးလာတာကြောင့် MNDAA ခေါင်းဆောင် ဖုန်ကြားရှင်က လက်မခံရာကနေအစပြုပြီး MNDAAနဲ့ စစ်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ ၂၀၀၉ ခုမှာ ပျက်ပြယ်ခဲ့ပါတယ်။
အဲ့ဒီနောက်ဖုန်ကြားရှင်နဲ့ နောက်လိုက်အပေါင်းပါတွေဟာ တရုတ်နိုင်ငံတွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး MNDAA ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်တည်ထောင်ဖို့ ကြိုးစားခဲ့ပါတယ်။
၂၀၁၅ ခု သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ MNDAA ဟာ ကိုးကန့်ဒေသကို တကျော့ပြန်ဝင်ရောက်လာပြီး မြန်မာစစ်တပ်နဲ့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဟာ လေးလနီးပါးကြာမြင့်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
MNDAA ဟာ ဦးသိန်းစိန်လက်ထက်ကနေ စတည်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားခြင်းလည်း မရှိပါဘူး။
- MNDAA ရဲ့ မဟာမိတ်အဖွဲ့တွေ
၂၀၁၆ ခုမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (The Northern Alliance)ကို ရခိုင်တပ်တော်လို့ အရင်ကခေါ်တဲ့ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီလိုဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်ရှိ မူဆယ်၊ မုန်းကိုး၊ ပန်ဆန်း၊နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ရေးအရ စုဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထဲကနေ MNDAAဟာ AA ၊ TNLAနဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့ဆိုပြီး ၂၀၁၉ ခုမှာ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် MNDAAဟာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)ရဲ့ အဖွဲ့ဝင်အဖြစ်လည်း ရှိနေပါတယ်။ အဲ့အဖွဲ့မှာ အဖွဲ့ဝင် ခုနှစ်ဖွဲ့ရှိပါတယ်။
အဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ MNDAA၊ AA၊ KIAနဲ့ TNLA တို့ပါဝင်သလို စစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲ ‘ဝ’ တပ်ဖွဲ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်
တပ်မတော်(NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လည်း ပါဝင်နေပါတယ်။
- ၁၀၂၇ စစ်ဆင်ရေး
မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထဲက အာရက္ခတပ်တော်(AA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) အဖွဲ့သုံးဖွဲ့ဟာ “၁၀၂၇ စစ်ဆင်ရေး” အမည်နဲ့ ကြေညာကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ၂၀၂၃ ခု အောက်တိုဘာလ ၂၇ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ဆင်ရေးမတိုင်ခင်ကာလတွေမှာတော့ MNDAA ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ မြို့ပြတွေကနေ ရောက်လာတဲ့ လူငယ်တွေကို စစ်ရေးလေ့ကျင်ပေးတာ၊ လိုအပ်တဲ့ လက်နက်ရိက္ခာတွေ ထောက်ကူပေးတာတွေ လုပ်ခဲ့ပါတယ်။
စစ်ဆင်ရေးရဲ့ အဓိက ရည်မှန်းချက်ကတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့၊လူထုကို စစ်ကောင်စီရန်ကနေ အကာကွယ်ပေးဖို့၊စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ဖို့နဲ့ ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေကို နှိမ်နှင်းဖို့တို့ပဲ ဖြစ်တယ်လို့ စစ်ဆင်ရေးကြေညာချက် မှာ ဖော်ပြပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းကာလအတွင်း MNDAA ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက အချက်ခြာကျတဲ့ မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်းဆိုင်း၊ ကွမ်းလုံ၊ ကုန်ကြမ်းနဲ့ လောက်ကိုင်မြို့တွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
- ဟိုင်ဂင်စာချုပ်နဲ့ အပစ်ခတ် ယာယီရပ်
ရှမ်းပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၆ မြို့ကို သိမ်းပိုက်အပြီး တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုအရ အခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ကြား ယာယီအပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ ဟိုင်ဂင်သဘောတူစာချုပ်လို့ ခေါ်ပါတယ်။
ဟိုင်ဂင်သဘောတူစာချုပ်ဟာ အခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ပျက်ပြယ်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး”ရဲ့ နောက်ဆက်တွဲအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့ပါတယ်။
MNDAA ဟာ မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်ဖို့ကို ဇွန်လအတွင်းက ထိုးစစ်ဆင်ခဲ့ပြီး ရက် ၂၀ ကျော်အကြာ ဇူလိုင်လ ၂၅ ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မြို့သိမ်းပိုက်ခံရတဲ့ သတင်းဟာ ဝါဒဖြန့်မှုသာဖြစ်ပြီး အသိမ်းမခံရသေးဘူးလို့ စစ်ကောင်စီဟာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
- အထူးဒေသ(၁) အခြေခံဥပဒေ
MNDAAရဲ့ အခုလက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး ဖုန်တာ့ရွင်(ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်)ဖြစ်ပြီး ဗိုလ်ချုပ် ရန်ဝင်ကျုံး က ဒုတိယစစ်ဦးစီးချုပ် ဖြစ်ကာ ဗိုလ်ချုပ် ဆုန်ကဲ့ချန် က အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စစ်ဦးစီးချုပ် ဖုန်တာ့ရွင်ရဲ့ နှစ်သစ်ကူးသဝဏ်လွှာ ထုတ်ပြန်ရာမှာ MNDAA ရဲ့ အနာဂတ်ရည်မှန်းချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အထူးဒေသ(၁)အခြေခံဥပဒေကို အခြေခံကျင့်သုံးပြီး ကိုးကန့်ဒေသ တိုးတတ်ဖွံ့ဖြိုးလာအောင် ပြည်သူနဲ့ အတူတကွ ကြိုးစာအကောင်အထည်ဖော်မယ်လို့ ဖော်ပြခဲ့တာပါ။
ဒါ့အပြင် ကိုးကန့်ရဲ့ အနာဂတ်ဘယ်လောက်ပဲခက်ခက် အထူးဒေသအုပ်ချုပ်ရေးကော်မတီဟာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်း ပြန်လည်ရှင်သန်လာမှာကို လုံးဝခွင့်ပြုမှာ မဟုတ်ဘဲ ပြည်သူလူထု အဖိနှိပ်ခံရမှုတွေ၊ ကိုးကန့် ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ အကျင့်ဆိုးတွေကို ပပျောက်စေဖို့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ MNDAA ဟာ ညီနောင်မဟာမိတ်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရှိန်ဟုန်ကောင်းကောင်းနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို အောင်မြင်အောင် ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
The Tanintharyi Times