စံပြ ဒေါ်အောင်ဆန်းစုကြည်
စံပြ ဒေါ်အောင်ဆန်းစုကြည်
၁၉၉၁ခုနှစ်၊ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရတာ ဝါသနာထုံတဲ့ စစ်အစိုးရက အောက်ဖဲလှန်ဖို့ အပြင်းအထန်အားထုတ်ခဲ့ကြောင်း သတင်းထွက်ပေါ် ခဲ့ဖူးတယ်။
အဲဒီအချိန် ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်ဆိုသူက အင်မတန်ဉာဏ်များလွန်းတဲ့သူ။ပြီးတော့ အဲဒီကာလထောက်လှမ်းရေးအဖွဲ့အစည်းဆိုတာ စနစ်တကျ။
ချောင်ကြိုချောင်ကြား ပုဂ္ဂိုလ်ရေးအတင်းအ ဖျင်းတွေကအစ လက်စောင်းခပ်ထက်ထက်နဲ့ ဖော်ထုတ်နိုင်စွမ်းရှိတဲ့နေရာမှာ နာမည်ကျော်။
ဒေါ်အောင်ဆန်းစုကြည် အပျိုဘဝ အခြေချနေထိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ အမေရိကန်တို့ဆီ စစ်ထောက်လှမ်းရေးတွေ စေလွှတ်ကာ ပုဂ္ဂိုလ်ရေးအညှီအဟောက်တွေ ဘာတွေရှိခဲ့သလဲလို့ လှန်လှောခိုင်းခဲ့တယ်လို့ ကြားခဲ့ဖူးတယ်။
စစ်အစိုးရ လက်ဝေခံကလောင်တွေက စစ်အစိုးရဩဇာခံ သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး အပုတ်ချမှုမျိုးစုံ ရေးသားခဲ့ကြပြီး အထူးသဖြင့် နိုင်ငံခြားသားနဲ့ လက်ထပ် ထိမ်းမြားတဲ့ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ပုတ်ခတ်ခဲ့တယ်။ဒါပေမဲ့၊ဒေါ်အောင်ဆန်းစုကြည် အပျိုဘဝတုန်းက ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတာမျိုး အခိုင်အမာ ဖော်ထုတ်ရေးသားချက်များတော့ မပါ။
ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆု ရပြီးနောက် သူ့ရဲ့ တက္ကသိုလ်သူငယ်ချင်းတစ်ဦးက အနောက်နိုင်ငံ စာနယ်ဇင်းတစ်ခုမှာ သူမြင်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ကျောင်းသူဘဝပုံရိပ်ကို ရေး ခြစ်ခဲ့ဖူးတယ်။ ကျနော် အမှတ်မမှားဘူးဆိုရင် ကမ္ဘာကျော်ရုရှားစာရေးဆရာ ဒေါက်စတိုယက်စကီးရဲ့ တူမ။ (၂၀၁၀ပြည့်နှစ် ဒီဘက် စာပေကင်ပေတိုင်စခန်းကြီး ပြိုသွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း အဲဒီအမျိုးသမီးရေးခဲ့တဲ့ ဆောင်းပါး စာအုပ်တစ်အုပ်မှာ ဖော်ပြခဲ့ဖူးတယ်)
သူတို့ခေတ် အနောက်နိုင်ငံက တက္ကသိုလ်ကျောင်းသူတွေ ဆုံတဲ့အခါ ရံဖန်ရံခါ သူတို့ရဲ့ ရည်းစားတွေနဲ့ အတူ အိပ်တဲ့အကြောင်း ပြောလေ့ရှိသတဲ့။မြီးကောင်ပေါက်အရွယ် လက်တည့်စမ်းနေတဲ့အချိန် အခုမှ ထိတွေ့ဖူးတဲ့ လိင်ပြဿနာဟာ သိပ်ပြောလို့ဆိုလို့ ကောင်းတဲ့ အကြောင်းအရာ မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို စကားဝိုင်းတွေဆို ဘယ်တော့မှ ဝင်ပါလေ့မရှိဘူးလို့ ဆိုတယ်။တစ် ည၊ ကျောင်းအဆောင်မှာ ကျောင်းသူတွေ စုဝေးပြီး လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံ ဖလှယ်နေကြခိုက် အမှတ်မထင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ။
“စု၊နင်ရော ရည်းစားမထားသေးဘူးလား၊အတူမနေသေးဘူးလား”လို့ တစ်ယောက်က မေးတော့ ဒေါ်အောင်ဆန်းစုကြည်က ငါတို့မြန်မာမိန်းကလေးတွေဟာ လက်မထပ်သေးဘဲ အတူနေတာမျိုးမရှိဘူး။လက်ထပ်တဲ့အချိန်ကျမှ အတူနေကြတာလို့ ခပ်တင်းတင်းပြောဆိုကာ လှည့်ထွက်သွားခဲ့သတဲ့။သူတို့ အနောက် နိုင်ငံသူတွေကြား ဒေါ်အောင်ဆန်းစုကြည်က တစ်ဘာသာ။ သူ့ယုံကြည်မှုကို တစ်ပြားမှ မလျှော့။
လက်မထပ်ဘဲ အတူမနေရဘူးဆိုတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သွန်သင်ချက်။ အပျံသင်စအရွယ် အနောက်နိုင်ငံမှာ အမိအုပ်ထိန်းမှုမပါဘဲ ကြီးပြင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အရွယ်ငယ်သေးလို့ မှားမိပါတယ်ဆိုတာမျိုး မရှိ။မြန်မာ့ယဉ်ကျေးမှု သွန်သင်ချက်အတိုင်း အတိအကျ။ အဲဒါကြောင့်လည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မြေလှန်ရှာခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေ အောက်လုံးပစ်စရာ၊ ထေ့စရာ၊ ဟားစရာ ဘာမှပြန်ပါမလာဘဲ လက်ချည်းဗလာနဲ့ ပြန်လာခဲ့ရတဲ့ပုံ။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်မှာ မြန်မာ့နိုင်ငံရေးထဲဝင်မယ်၊နိုင်ငံ့ခေါင်းဆောင်ဖြစ်အောင် လုပ်မယ်၊ အများပြောစရာ မဖြစ်အောင် နေရမယ်ဆိုတဲ့ အနာဂတ်
အတွက် စည်းကြီးကမ်းကြီးနဲ့ ကြိုတင်ပြင်ဆင်ခဲ့တာမျိုး မဟုတ်ဘဲနဲ့ သူ့အလေ့ သူ့ယုံကြည်မှုအတိုင်း သူ့ပုဂ္ဂိုလ်ရေးဘဝကို တည်ဆောက်ခဲ့တယ်လို့ ထင်တယ်။
နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊နိုင်ငံတကာတန်းဝင် ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ယောက်၊နိုဗယ်လ်ဆုရှင်တစ်ယောက်။ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်လူတစ်ဦးမဟုတ်လေတော့ ပုပ်ခဲ့ရာ ဟိုးဟိုးကျော်ပေါ်မှာ အသေအချာ။
၂၀၁၀ပြည့်နှစ် ဒီဘက် မြန်မာမှာ အင်တာနက်တွေ လှိုင်လှိုင်ပွင့်တဲ့အချိန် ရောက်တော့ ကမ္ဘာကျော်အမျိုးသမီးရဲ့ ရုပ်ပုံလွှာတွေကလည်း အင်တာနက်ပေါ်မှာ အောတိုက်တွေ့လာရတယ်။ဒေါ်အောင်ဆန်းစုကြည် ရိုက်ခဲ့သမျှ ဓာတ်ပုံတွေ အကုန်နီးပါး လိုင်းပေါ်ကို ဟိုလူဒီလူ အလုအယက်တင်ကြရင်းနဲ့ သူ့ဓာတ်ပုံ အပြည့်အစုံနီးပါး လိုင်းပေါ်မှာ ပြန်တွေ့လာရတဲ့ပုံ။
အောက်စဖို့တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ အနောက်ကမ္ဘာရဲ့ ဝတ်စားဆင်ယင်မှု ဘောင်းဘီရှည်တကားကားနဲ့ ကျောင်းတက်ခဲ့တာမျိုး ရှိနိုင်ပေမဲ့ နက်ကမ္ဘာပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေမှာ ဘောင်းဘီနဲ့ပုံ တွေ့ရခဲပြီး မြန်မာအမျိုးသမီးဝတ်စုံတွေနဲ့သာ အတွေ့ရများလှ။မြန်မာအမြင်မှာ လျှပ်ပေါ်လော် လီတဲ့ ဝတ်စားဆင်ယင်မှုဆိုတာ လုံးဝမတွေ့ရ။
တစ်ခါက ဒေါ်အောင်ဆန်းစုကြည်ကို တူးတူးခါးခါး ဖြစ်နေသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုအပေါ် မြန်မာဝတ်စုံနဲ့ မြန်မာကို ချစ်သလိုလို နိုင်ငံရေး ပရိုမိုးရှင်းလုပ်နေတာပါလို့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ခရေစီ ကျနော့်ဘကြီးက ချက်ချင်း ထ ကန့်ကွက်ဖူးတယ်။
“အသက်အရွယ်အရ သိခဲ့တဲ့ အသိအရ ပြောရမယ်ဆိုရင် ဘယ်သူမဆို ကိုယ်တကယ်မနှစ်သက်တဲ့ အရာကို ချစ်သယောင်ကြိုက်သယောင် ဟန်ဆောင်လုပ်နိုင်လွန်းလှ ခဏပဲ။တကယ်ကြိုက်မှ တစ်သက်တာ စွဲစွဲမြဲမြဲ လုပ်နိုင်တယ်”လို့ ဘကြီးက ဆိုတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မျဉ်းတစ်ကြောင်းပေါ်မှာ တသမတ်တည်း။အကျယ်ချုပ်ဝင်လိုက်ထွက်လိုက် လူထုခေါင်းဆောင်ဘဝမှာလည်း ဒါပဲ။၂၀၁၂ခုနှစ်၊လွှတ်တော်အမတ်အဖြစ်နဲ့လည်း ဒါပဲ။နိုင်ငံတော်အတိုင်ပင်ခံဘဝ တိုင်းပြည်ရဲ့ အဓိပတိရာထူးကို ဆက်ခံပြီးနောက်မှာလည်း တစ်ဖြောင့်တည်း။
ခါးတို ရင်ဖုံးနဲ့ မြန်မာဝတ်စုံဟာ ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင်ဖြစ်လာတယ်။ဂလိုဗယ်ဂျင်းပန်နဲ့ ဖြတ်လတ်တက်ကြွ မြန်မာအမျိုးသမီးငယ်တွေကြား ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင် ခါးတို ရင်ဖုံးကို ဒီနေ့ ခေတ်ဖက်ရှင်လို စုံမက်ခဲ့ကြတယ်။ပြီးတော့ အနောက်၊အရှေ့ ဘယ်နိုင်ငံကို ဘယ်လိုပဲရွေ့ရွေ့ မြန်မာအမျိုး သမီးဝတ်စုံနဲ့ ကျော့ရှင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စတိုင်က မြန်မာတင်မက မြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စုံကိုပါ ကမ္ဘာသိအောင် ဖြန့်ချိနိုင်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ဖြောင့်တည်း သူယုံကြည်သလို နေတယ်။သူယုံကြည်သလို ဝတ်ဆင်တယ်။သူ့ယုံကြည်မှုကို မြန်မာတင်မက ကမ္ဘာပါ သိအောင် ဖြန့်ချိနိုင်ခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအမျိုးသမီးတို့ရဲ့ စံပြဖြစ်တယ်။ ကျနော်တို့အားလုံးရဲ့ စံလည်း ဖြစ်တယ်။
ထွန်းလင်း
The Tanintharyi Times
