မန္တလေးတိုင်း၊ သပိတ်ကျင်းက စစ်ကောင်စီ တပ်စခန်း ငါးခုကို မန္တလေး PDF သိမ်းပိုက်ရရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းက စစ်ကောင်စီ တပ်စခန်း ငါးခုကို မန္တလေး PDF သိမ်းပိုက်ရရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် က စစ်ကောင်စီတပ်စခန်း ၅ ခုကို အပြီးတပ်သိမ်းပိုက်ရရှိထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က မနေ့က ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း ၃၀ ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်း တို့ကို သိမ်းပိုက်ရရှိထားတာပါ။

လက်ရှိမှာတော့ သပိတ်ကျင်းမြိုနယ်အတွင်းမှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း MDY-PDF ထုတ်ပြန်ပြောဆိုပါတယ်။

MDY-PDF ဟာ တအာင်းတပ်မတော် TNLA ဦးဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲတွေမှာ ပူးပေါင်းတပ်ဖွဲ့အဖြစ် ပါဝင်တိုက်ခိုက်နေပါတယ်။

TNLA က သိမ်းပိုက်ရရှိထားတဲ့ မြို့တွေဖြစ်တဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲမြို့ ၊မိုးမိတ်မြို့ တွေ နဲမန္တလေးတိုင်းက မိုးကုတ် မြို့ကိုသိမ်းယူတဲ့တိုက်ပွဲတွေမှာ MDY-PDF က ပါဝင်ခဲ့သလို စဉ့်ကူးမြို့ကို လည်း သိမ်းပိုက်ရရှိထားပါတယ်။

စစ်ရေးဖော်ဆောင်နေတဲ့ မတ္တရာမြို့မှာ စစ်ကောင်စီတပ်စခန်း ၃၅ ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီး ရှမ်း-မန်း စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

မန္တလေး PDF ဟာ မန္တလေးတိုင်းမြို့နဲ့ နီးစပ်တဲ့ မြို့နယ်တွေမှာ တိုက်ပွဲအောင်ပွဲရနေချိန် စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုဩဂုတ်လ ပထမရက်သတ္တပတ်မှာပင် မတ္တရာ၊ စဉ့်ကူး၊ ပုသိမ်မြို့နယ်နေ ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

The Tanintharyi Times