မန္တလေးမှာ စစ်ရေးနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍပါ ပြင်ဆင်ထားဖို့ NUG ဝန်ကြီးချုပ် ပြော
မန္တလေးမှာ စစ်ရေးနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍပါ ပြင်ဆင်ထားဖို့ NUG ဝန်ကြီးချုပ် ပြော
စစ်ဆင်ရေးတွေဟာ မန္တလေးအထိ ရောက်လာပြီဖြစ်တဲ့အတွက် စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ ပြင်ဆင်လုပ်ဆောင်စရာတွေ ပိုများလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးကို တက်ရောက်စဥ် ပြောကြားခဲ့တာ ဖြစ်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
“စစ်ဆင်ရေးအခြေအနေတွေ အနေအထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက်မှာ ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေ အနေနဲ့ ကြိုတင်ပြင်ဆင်မှသာ နယ်မြေစိုးမိုးမှုနဲ့အတူ အုပ်ချုပ်ရေးယန္တရား ထူထောင်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီတော်လှန်ရေးမှာ စစ်ရေးအားသာဖို့လိုအပ်သလို အုပ်ချုပ်ရေးယန္တရားခိုင်ခံဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအစိုးရတရပ်အနေနဲ့ စစ်အုပ်စုကို အပြီးတိုင်ဖြိုချပစ်နိုင်ဖို့၊ တော်လှန်ရေးကို အောင်မြင်စွာ ပွဲသိမ်းနိုင်ဖို့ဆိုရင် အချိန်အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်တို့ကို အချိန်ကိုက် စနစ်တကျစီမံခန့်ခွဲ့ဖို့ ဝန်ကြီးချုပ်က NUG အစိုးရ၊ ဝန်ကြီးဌာနတွေကို တိုက်တွန်းခဲ့ပါတယ်။
“အာဏာရှင်အဆက်ဆက်ရဲ့ အမျိုးမျိုးသော သွေးခွဲအုပ်ချုပ်မှုတွေကို ကြုံတွေ့လာရတဲ့ နိုင်ငံဖြစ်တာကြောင့် ဖြေရှင်းစရာကိစ္စတွေကလည်း အင်မတန်များတာ အမှန်ပါပဲ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပါတယ်။
မန္တလေးမြို့သိမ်းတိုက်ပွဲ အောင်ပွဲရဖို့ စစ်ရေးရည်မှန်းချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF ဟာ စဥ့်ကူးမြို့ကို သိမ်းပိုက်ရရှိထားပါတယ်။
MDY – PDF ဟာ တအာင်းတပ်မတော် TNLA နဲ့အတူ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့ မြို့တွေမှာ စစ်ဆင်ရေးဖော်ဆောင်ခဲ့သလို မန္တလေးနဲ့ နီးတဲ့ မတ္တရာမြို့မှာလည်း စစ်ကောင်စီတပ်စခန်း ၃၀ လောက်ကို တိုက်ခိုက်ရရှိထားနိုင်ခဲ့ပါတယ်။
မိုးကုတ်မြို့၊ မြို့သိမ်းတိုက်ပွဲမှာလည်း မန္တလေး PDF တပ်ဖွဲ့ဝင်တွေ ပါဝင်နေတာကြောင့် တပ်ဖွဲ့ရဲ့ စစ်ရေးအောင်မြင်မှုဟာ မန္တလေးအထိ ရောက်ရှိလာမယ်လို့ သုံးသပ်သူတွေ ရှိနေချိန်မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မန္တလေးမြို့နဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးယန္တရားအတွက် ပြင်ဆင်ထားဖို့ကို အခုလို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
The Tanintharyi Times