ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက် ဖြစ်နေပြီး စစ်ကောင်စီတပ်စခန်း ၂၆ ခုအထိ TNLA သိမ်းပိုက်
ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက် ဖြစ်နေပြီး စစ်ကောင်စီတပ်စခန်း ၂၆ ခုအထိ TNLA သိမ်းပိုက်
ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့မှာ ဒီကနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးတကျော့ပြန်အနေနဲ့ တအာင်းတပ်မတော် TNLA၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၃ ရက်မြောက်နေ့၊ ဒီကနေ့မှာတော့ နောင်ချိုမြို့ရှိ အုမ္မခါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို TNLA က သိမ်းပိုက်ခဲ့သလို စစ်ကောင်စီတပ်ရင်း (၆၀၆) တပ်စခန်းကိုလည်း TNLAနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေး MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိထားပါတယ်။
နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ (၁၁၅) တပ်စခန်းကို မနက် ၆ နာရီမှာ TNLA စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သလို မနက် ၁၀ နာရီမှာတော့ အုမ္မခါးကျေးရွာက စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်ရရှိခဲ့ပါတယ်။
မနက် ၁၁ နာရီကျော်မှာ တအာင်းတပ်မတော် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရင်း (၁၁၄) တပ်စခန်းကို စစ်ကောင်စီ Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။
တဆက်တည်းမှာပဲ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ရင်း (၆၀၆) ကို သိမ်းပိုက်လိုက်တာ ဖြစ်ပြီး စစ်ကောင်စီ Y-12 လေယာဉ်က အဲဒီတပ်ရင်း (၆၀၆) ကိုလည်း ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမှာတော့ မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် စကခ (၁)၊ ခမရ (၅၀၁) ၊ ခမရ (၅၀၂) တပ်တွေနဲ့ TNLAနဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မိုးကုတ်မြို့နယ်၊ အေးစေတီမှာတပ်စွဲထားတဲ့ စစ်ကောင်စီ ခလရ (၈၈) လက်အောက်ခံ လပခ၊ ခလ၇ (၁၄၈) တပ်စခန်းတို့ကိုလည်း တအာင်းတပ်မတော်က ဒီကနေ့မနက် ၈ နာရီခွဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းတာကြောင့် တအာင်းတပ်မတော်၊ အာရက္ခတပ်တော်၊ ကိုးကန့်တပ်မတော်တို့ ညီနောင် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဟိုင်ဂင် အပစ်ရပ် သဘောတူချက်မှာ လက်မှတ်ထိုးလိုက်ကြအပြီး အခု ၆ လနီးပါးအတွင်း ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။
အခု ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ရဲ့ ၃ ရက်မြောက်နေ့မှာ TNLA ဘက်က ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်း၊စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြှောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း စတဲ့ စစ်ကောင်စီတပ်စခန်း (၈) နေရာကို သိမ်းပိုက်ထားပါတယ်။
နောင်ချိုမြို့နယ်မှာလည်း ခမရ (၁၁၅) ၊ အုမ္မခါး၊ ရမခ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စတဲ့ (၁၃) နေရာကို TNLA က သိမ်းပိုက်ရရှိထားပါတယ်။
အလားတူ မိုးကုတ်မြို့နယ်မှာလည်း ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်းတို့ကို TNLA က သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် စစ်ဒေသ ၂ ရှိ မြို့နယ် ၃ မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းပေါင်း ၂၆ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့ကညနေ ၄ နာရီအချိန်မှာ ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးက TNLA ဆီမှာ လက်နက်ချအလင်းဝင်လာခဲ့တယ်လို့လည်း TNLA ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့ရှိရပါတယ်။
လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကို အသက်အာမခံချက် အပြည့်အဝပေးမှာ ဖြစ်ပြီး လွတ်မြောက်နယ်မြေကိုလည်း ပို့ဆောင်ပေးမှာ ဖြစ်သလို ပြန်ဖို့အတွက် လမ်းစရိတ်တွေလည်း ပေးသွားမယ်လို့ တအာင်းတပ်မတော် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး တားမဝါဝ်းက ပြောဆိုခဲ့ပါတယ်။
မနေ့က စစ်ကောင်စီ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ်ရှိ ဒေသခံ (၄) ဦး သေဆုံးခဲ့ရသလို ပြည်သူ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန် ၂၅ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့တာကြောင့် တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒေသခံ (၆) ဦး သေဆုံးခဲ့ရကာ (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times