မသိကိန်းတို့ရဲ့အဖြေနဲ့ လားရာ

မသိကိန်းတို့ရဲ့အဖြေနဲ့ လားရာ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အဖွင့်စာမျက်နှာတွေဟာ စိတ်ဝင်စားဖွယ်အတိလို့ ဆိုရမှာဖြစ်ပါတယ်။ ပထမ လှိုင်းတုန်းက ရှမ်းမြောက်ဧရိယာကို ဦးတည်ခဲ့သလို ရခိုင်ဘက်မှာလည်း အာရက္ခတပ်တော်က ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို ဦးတည်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အခု ဒုတိယလှိုင်းကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ အမည်နာမပြုပေမဲ့ ပထမလှိုင်းလိုမဟုတ်တဲ့ အခင်းအကျင်းကို မြင်နေရတာ ဖြစ်ပါတယ်။ဒီနေရာမှာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလ ထိုးစစ်ဆင် တိုက်ပွဲတွေနဲ့ ရလဒ်အခင်းအကျင်း ဖော်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် စစ်အုပ်စုက နှစ်ပေါင်းများစွာ ခြေကုတ်ရယူသိမ်းပိုက်ထားတဲ့ မူလနေရာတွေဆီကို ညီနောင်မဟာမိတ်အဖွဲ့တွေ ပြန်လည်ခြေချနိုင်ဖို့ အကြောင်းတရား ဦးတည်မှုကို မြင်ရမှာဖြစ်သလို ကွန်ဖယ်ဒရိတ်နဲ့ ပလောင်ပြည်နယ်အိပ်မက် ၊ ကိုးကန့်ပြည်နယ်အိပ်မက် မျှော်လင့်ချက်တွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

ဒီအခင်းအကျင်းတွေအတွက် တစ်ဖက်မှာ တရုတ်နိုင်ငံက ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်အောက်ကနေ မီးစိမ်းပြခဲ့တဲ့ ရွှေ့ကွက်တချို့လည်း ရှိခဲ့သလို အဲဒီခေါင်းစဉ်အောက်ကနေပဲ ဟိုင်ဂင်သဘောတူညီချက်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးမှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ကစားကွက်ကို ဖော်ဆောင်မှုလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါက ၁၀၂၇ စစ်ဆင်ရေးနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေအပေါ်မှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ ရှိနေတယ်ဆိုတာ မေ့ထားမရတဲ့ အကြောင်းတစ်ချက်ဖြစ်သလို လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ မြားဦးပစ်မှတ် လာရာ၊ လားရာကိုလည်း ဖျင်တွက်ကြည့်နိုင်ဖို့ လိုအပ်တာပဲဖြစ်ပါတယ်။

အခုနှစ် ဇွန်လ ၁၈ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် နေပြည်တော်ကို လာရောက်ခဲ့ပြီးနောက် ရက်သတ္တပတ် တစ်ပတ်အကြာ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီ ချက်ကို မလိုက်နာဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါက ပထမလှိုင်းကာလ သူ့ရဲ့အကျိုးစီးပွားထိခိုက်နစ်နာမှု ရှိလာတဲ့အပေါ် ဟိုင်ဂင်သဘောတူညီချက် ခေါင်းစဉ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဖိအားပေး အပစ်ရပ်စေခဲ့တဲ့ တရုတ်အနေနဲ့ ဘုန်းကြီးတစ္ဆေလိုနားချ၊ ကမ္မဝါ ဖတ်မရ ဖြစ်လာတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သဘောထားအပေါ် သုံးသပ်ရှုမြင်ချက်ကနေ ထွက်ပေါ်လာတဲ့ ဒုတိယမ္ပိ မီးစိမ်းလို့ ဆိုရင်လည်း ရမယ့်သဘော ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ တရုတ်ရဲ့တိကျသေချာ မြင်သာတဲ့ သဘောထားတစ်စုံတစ်ရာ ပေါ်ထွက်လာမှုမရှိသေးတာကို ထောက်ရှုရင် ဒါက သိသာစေတဲ့အကြောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အထူးဖိတ်ကြားခံရတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို အာဏာစွန့်ဖို့ ဦးသိန်းစိန်ကို နားချခိုင်းခဲ့တဲ့ တိုက်တွန်းချက်ကို ကြည့်ရင်လည်း အဆက်ဆက်ဖြစ်တည်ခဲ့သော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာ ယိုင်နဲ့လာတဲ့သဘောတည်နေတာကို ပြသနေခဲ့တာပဲဖြစ်ပါတယ်။ ( တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထုတ်ပြန်လာရင်း သွေ့ပုချိ လုပ်လာတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရလည်း ယိုင်နဲ့မှုအခြေအနေက ပိုမိုသိသာစေတာမျိုးပါပဲ။)

တစ်ဖက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ပတ်သက်လို့ တရုတ်ရဲ့သဘောထားဟာ အထက်က ဆိုခဲ့သလို အကျိုးအကြောင်း တည်ရှိနေသလို တစ်ဖက်မှာလည်း ဇူလိုင်လ ၁၄ ရက်ကနေ ၁၈ ရက်အထိ လေးရက်ကြာတစ် ဖက် သတ်အပစ်ရပ်ဖို့ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေကို ဖိအားပေးခဲ့တဲ့ အခြေအနေလည်း ရှိနေပြန်သလို စစ်တပ်ရဲ့ အမာခံပါတီ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီလေးပါတီကို တရုတ်နိုင်ငံဆီ လေ့လာရေးဖိတ်ကြားမှုခေါင်းစဉ်နဲ့ ချဉ်းကပ်တံတားထိုးမှုကလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲ ဂယ်ပေါက်ကနေ နိုင်ငံရေးလမ်းကြောင်းကို ထွက်နိုင်ဖို့နည်းနာနဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် ဘယ်နည်း၊ ဘယ်ပုံ၊ ဘယ်ဟန်၊ ဘယ်ကကြိုးမှာဖြစ်ဖြစ် သူ့အကျိုးစီးပွားအတွက် တရုတ်နိုင်ငံဟာ ပါဝင်ပတ်သက်ရင်း အဖိအဖော့လုပ်နေဦးမယ့်သဘောဆိုတာကို ပြသနေမှုလည်း ဖြစ်ပါတယ်။

ဒီအကြောင်းချင်းရာကို ခေတ္တမှိန်ဖျော့ထားပြီး တစ်ဖက်မှာရှိနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ ထိုးစစ်ဆင်မှုဧရိယာတွေကို ခွဲခြမ်း စိတ်ဖြာကြည့်မယ်ဆိုရင် စစ်ရေးမြားဦးဟာ ဗျူဟာကျကျရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့အပြင် တစ်ခုပိုမိုလာတဲ့ ရှမ်း-မန်း စစ်ဆင်ရေးကလည်း မြန်မာပြည် အလယ် ပိုင်း အထက်အညာနဲ့ အောက်အကြေတို့ရဲ့ ဗဟိုချက်ဆီမှာ တည်ရှိနေခဲ့တဲ့အချက်ပါပဲ။

တိုက်ပွဲဧရိယာတွေဟာ ရှမ်းမြောက်နဲ့ မန္တလေးမြောက်ပိုင်း ဖြစ်တဲ့ သိန္နီ ၊ လားရှိုး၊ နောင်ချို ၊ကျောက်မဲ ၊ သီပေါ ၊ မိုး မိတ်၊ မိုးကုတ် ၊ သပိတ်ကျင်း ၊ မတ္တရာ ၊ စဉ့်ကူ တို့ ဖြစ်သလို အထက်ပိုင်း KIA နဲ့ ABSDF တို့ရဲ့ စစ်ရေးဖော်ဆောင်မှုဟာလည်း ကွတ်ခိုင် ၊ မိုးမိတ် ၊ မဘိမ်း စတဲ့ ဧရိယာတွေမှာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် KIA နဲ့ ABSDF တို့ရဲ့ သပိတ်ကျင်း ၊ တွင်းငယ်စတဲ့ ဧရိယာထဲက စစ်ကောင်စီတပ်စခန်းတချို့ကိုထိုးစစ် ဆင်သိမ်းပိုက်ရင်း အောက်ဆီဆင်းသက်လာတဲ့ စစ်ရေးဗျူဟာကလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ကိုးကန့်တပ်မ တော်နဲ့ တအာင်းတပ်မတော်တို့ရဲ့ မိုးကုတ်၊ မိုးမိတ်နဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေမှုအရလည်း ပြည်နယ်အိပ်မက်တွေကို မြင်နေရတာပဲဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ စစ်ရေးဧရိယာတွေကို ကြည့်မယ်ဆိုရင်လည်း ၁၀၂၇ စစ်ဆင်ရေးပထမကာလ ရခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာတွေကို စစ်ဆင်ရေးဦးတည်ခဲ့ပေမဲ့ လက်ရှိကာလ ရက္ခိုင့်မြေပေါ်ကစစ်ဆင်ရေးတွေဟာ တောင်ပိုင်းနယ်တခွင်နဲ့ အမ်း- မင်းဘူး – မကွေး လမ်းကြောင်းတွေရဲ့ ထွက်ပေါက်ဆီ စစ်ဆင်ရေး ဦးတည်နေတာကို မြင်ရတာပဲဖြစ်ပါတယ်။

ဒါတွေဟာ တစ်ဖက်မှာ တရုတ်ရဲ့ မြန်မာ့အရေး နည်းစုံသော ချဉ်းကပ်ရှိတည်နေမှုနဲ့အတူ တစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခင်းအကျင်းရှိတည်နေမှုတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်္ချာကိန်းတစ်ခုလို တရုတ်၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ရေးနယ်မြေစိုးမိုးသိမ်းပိုက်မှုလို့ အချိုးချတွက်ချက်ကြည့်မယ်ဆိုရင် အမျိုးသားညီညွတ် ရေးအစိုးရနဲ့ လက်ရှိစစ်ရေးမှာပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မသိကိန်းတစ်ခုအဖြစ် ရှိနေခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

လက်ခံတာဖြစ်ဖြစ်၊ လက်မခံတာဖြစ်ဖြစ် လက်တွေ့မှာ စစ်ရေးထဲရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ဖြစ်တဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ အဲဒီလက်အောက်က ကင်းလွတ်နေတဲ့ စစ်ရေးအင်အားစုတွေဟာ အမှန်တကယ် ရှိနေခဲ့တာပါ။ နယ်မြေသိမ်းပိုက်တာပဲဖြစ်ဖြစ် ၊ စစ်စခန်းတွေသိမ်းပိုက်နိုင်တာပဲဖြစ်ဖြစ် အောင်ပွဲရသတင်းထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတဲ့အခါ ဆိုခဲ့တဲ့ မသိကိန်း စစ်ရေးအင်အားစု အစုအဖွဲ့တွေဟာ အများအပြားရှိနေခဲ့တာ မြင်တွေ့ရတာပါပဲ။

လက်ရှိကာလ စစ်ရေးအရ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အကျိုးအကြောင်းမှာ စစ်ဘီလူးအာဏာရှင် အမြစ်ပြုတ်ရေး လက်တွဲအတူ ပူးပေါင်းဆင်နွှဲ တိုက်ပွဲဝင်နေကြပေမဲ့ အဲဒီစစ်ရေးအလွန် ကာလတွေမှာ မသိကိန်း တွေကို အဖြေရှာနေရာချဖို့ အရေးဟာ လက်ရှိ စစ်ရေးထက်ပိုမိုခက်ခဲနိုင်တယ်ဆိုတာ အသေအချာပါပဲ။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအလွန်ကစပြီး ဆိုခဲ့တဲ့ မသိကိန်းအဖြေရှာခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗျူဟာကျကျဆောင်ရွက်နိုင်မှုကို ထောင့်မတ်မျဉ်းထောင်ကြည့်ရင် ခိုင်မာတဲ့ အနားထောင့်အဖြစ် ရှိမနေခဲ့ဘဲ ပထဝီနိုင်ငံရေးအရပဲဖြစ်ဖြစ်၊ တိုင်းရင်းသားညီနောင်မဟာမိတ်တွေနဲ့ ရေရာတဲ့ကတိကဝတ်ပဲဖြစ်ဖြစ် အချိတ်အဆက်အားနည်းနေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။

တစ်ဖက်မှာ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် မျိုးစုံသော နည်းနာအဖိအဖော့နဲ့ မြန်မာ့အရေးကို စွက်ဖက်ပါဝင် နေမှာဖြစ်သလို အခြားတစ်ဖက်မှာလည်း ညီနောင်မဟာမိတ်အဖွဲ့တွေဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကနေ အပြည့် အဝ လွတ်မြောက်မှု ရှိမနေခဲ့ဘူးဆိုတာ သေချာနေတဲ့ အကြောင်းပါပဲ။

အဲဒီပေးထားချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ သူ့ဩဇာခံရော သူ့ဩဇာအောက်ကနေ ကင်းလွတ်နေတဲ့ မသိကိန်းအင်အားစုတွေအတွက် ဘယ်လိုစီမံကိုင်တွယ်ညှိနှိုင်းမလဲဆိုတာ လက်ရှိကာလမှာ အတိအကျအဖြေရှိထားဖို့ လိုအပ်နေပြီဖြစ်တဲ့ အကြောင်းပဲဖြစ်ပါတယ်။

ဆိုခဲ့သလို အဖြေရှိမထားဘဲ ဟိုကွေ့ဟိုတက်လှော် ၊ ဒီကွေ့ဒီတက်လှော်နဲ့ ခရီးဆက်နေဦးမယ်ဆိုရင်တော့ စစ်အာဏာရှင်အမြစ်ပြုတ်သွားပြီးတဲ့အခါ တိုင်းပြည်ဟာမငြိမ်းတဲ့ အခြားသောစစ်မီးတွေကို ထပ်မံကြုံလာနေရဦးမယ်ဆိုတာ ဧကန်မလွဲသော မုချအကျိုးဆိုတာ အသေအချာလို့ ဆိုရမှာပါ။

မာအောင်

The Tanintharyi Times