မိုးကာလနဲ့ အစာမကြေခြင်း
မိုးကာလနဲ့ အစာမကြေခြင်း
မိုးကာလမှာ အများစုက အအေးမိ၊ ချောင်းဆိုးတာနဲ့ တုပ်ကွေးဖြစ်မှာကို ကြိုတင်ကာကွယ်ထားကြပေမဲ့ အစာမကြေခြင်းကိုတော့ သတိမပြုမိကြပါဘူး။
စိုစွတ်တဲ့ မိုးရာသီက အစာခြေစနစ်ကိုထိခိုက်စေတာကို မေ့လျော့ နေကြတာများပါတယ်။
“ခြေအေးဝမ်းရောင်”ဆိုတဲ့ စကားစုနဲ့ အညီ မိုးတွင်းကာလမှာ ခြေထောက်အေးအေးကြီးဖြစ်မနေစေဖို့ သတိပြုရပါမယ်။ဖြစ်နိုင်ရင်အပြင်မထွက်ဘဲ နေရပါမယ်။အပြင်က ပြန်လာပြီးရင်လည်း မိမိခြေထောက်ကိုနွေးနွေးထွေးထွေး ထားဖို့လိုပါတယ်။
အဲ့ဒီလို ခြေအေးရာကတစ်ဆင့် အစာမကြေခြင်း ဖြစ်စေနိုင်ပါတယ်။
အစာမကြေဖြစ်တယ်ဆိုတာ အစာအိမ်ထဲမှာ အက်ဆစ်ဟန်ချက်မညီခြင်းကြောင့် ဖြစ်တာပါ။အစာမကြေရင် ရင်ဘတ်အောက်နား၊ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသကဲ့သို့ပူလောင်တတ်ပါတယ်။
- အစာမကြေခြင်းဖြစ်စေတဲ့အကြောင်းတွေ
- အမြဲလိုလို ခြေအေးနေခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- စိတ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်း
- အစာမြန်မြန်စားလေ့ရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- ကွမ်းစားခြင်း
- အက်ဆစ်ကဲတဲ့ အစာတွေ စားမိခြင်း
- အစာမကြေခြင်းရဲ့လက္ခဏာတွေ
- ဗိုက်တင်းနေခြင်း
- မအီမသာဖြစ်နေခြင်း
- ရင်ပူခြင်း
- ဗိုက်ထဲမှအသံမြည်နေခြင်း
- အစာမကြေခြင်းဖြစ်ရင် လုပ်ဆောင်နိုင်တဲ့ အိမ်တွင်းကုထုံးတွေ
ဝမ်းဗိုက်ကို နှမ်းဆီ (သို့)မုန်ညှင်းဆီလိမ်းပြီး ပွတ်ပေးနိုင်ပါတယ်။ဗိုက်ကိုပွတ်ပေးတဲ့နေရာမှာ ထမင်းစားပြီးပြီးချင်း အချိန်ဖြစ်ဆိုရင်တော့ အသာအယာသာပွတ်သပ်သင့်ပါတယ်။နာရီလက်တံအတိုင်း ပွတ်ပေးနိုင်ပါတယ်။
အစာမကြေဖြစ်ရင် ရေသောက်ပေးနိုင်ပါတယ်။
အစာခြေစနစ်ကို ကောင်းမွန်တဲ့ အာနိသင်ရှိတဲ့ ငှက်ပျောသီးစားပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
လေသက်စေတဲ့ ဆေးတစ်မျိုးမျိုးသောက်ပေးနိုင်ပါတယ်။
လေဆေးမရှိရင် ကြက်သွန်ဖြူကို အစိမ်းလိုက်ဝါးစားနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်ဆိုင်ရာ ဖိစီးမှုတွေကိုလျော့ချပေးပါ။
အရက်သောက်သုံးသူဖြစ်ရင် အရက်သောက်
တာကို ရပ်ထားသင့်ပါတယ်။
အစာစားတဲ့အခါ ကြေကြေညက်ညက်ဝါးစားပါ။
အစာမကြေတတ်သူတွေ အနေနဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
အစာစားရင် အချိန်မှန်မှန်စားသင့်ပါတယ်။
အစာအိမ်အူလမ်းကြောင်းကိုထောက်ပံပေးနိုင်တဲ့ အစာတွေဖြစ်တဲ့ ကောက်ပဲသီးနှံတွေနဲ့အစေ့အဆန်တွေကို စားသုံးပေးသင့်ပါတယ်။
ပန်းသီးရှာလကာရည်ကို ပျားရည်နဲ့ ရောကာသောက်ပေးခြင်းဖြင့် အစာမကြေခြင်းကိုသက်သာစေနိုင်ပါတယ်။
ပျားရည်ကို ရေတစ်ဖန်ခွက်နဲ့ ရောကာသောက်ပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။
အစပ်နဲ့ အဆီများတဲ့အစာတွေကိုရှောင်ခြင်းကလည်း အစာမကြေခြင်းကို ကာကွယ်ရာရောက်ပါတယ်။
အစာစားပြီးတာနဲ့ ချက်ချင်းလှဲအိပ်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
အချိန်မှန်မှန်အိပ်စက်ခြင်း၊အိပ်ရေး၀၀အိပ်စက် ခြင်းတို့ကလည်း အစာမကြေခြင်းကိုကာကွယ်ရာရောက်ပါတယ်။
အစာစားရင် တခါတည်းနဲ့ တနင့်တပိုးစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ လက်ဖက်ရည်၊ လက်ဖက်တို့ကိုလည်း လျော့စားသင့်ပါတယ်။
လက်သန့်ရှင်းရေးကို ဂရုပြုခြင်းကလည်း အစာမကြေခြင်းကို ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။
ရောဂါမူလံ အဇိဏ္ဏကံ ဆိုတဲ့အတိုင်း ရောဂါအားလုံးရဲ့ မူလအရင်းအမြစ်က အစာမကြေခြင်းဖြစ်တာမို့ အစာမကြေခြင်းမဖြစ်စေဖို့သတိပြုကြရပါမယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်ပါတယ်။)
The Tanintharyi Times
