မဗေဒါ ကနေသည်
မဗေဒါ ကနေသည်
ဗေဒါပန်းရောင် မင်းသမီးဝတ်စုံလေးနှင့် မဗေဒါ ကနေသည်။ တေးသွားအတိုင်း ကွေးညွန့်အောင် ကနေသည်။
ပျော်လွန်း၍ ကနေခြင်း မဟုတ်ပါ။ ပျော်စေချင်၍ ကနေခြင်း ဖြစ်ပါသည်။
သူခင်တွယ်သော၊ သူချစ်မြတ်သော သူ့တပ်ရင်းမှ ရဲဘော်များ ပျော်စေချင်၍ ကပြဖျော်ဖြေနေခြင်း ဖြစ်ပါသည်။
“တော်လှန်ရေးသမား ကျွန်မရည်းစား”
ဤသီချင်းဖြင့် ကရသည်က မဗေဒါ ရင်ခုန်ရဆုံး၊ စိတ်နူးညွတ်ရဆုံး ဖြစ်သည်။
ထိုသီချင်းဖြင့်ကစဉ် တပ်ရင်းပရိသတ်အားလုံးက လိုက်ဆိုကြ၊ အချို့က စင်အောက်က လိုက်ကကြသလို သူ့ဘေးတွင် တပ်ရင်းမှ လူပျိုရဲဘော်လေးနှစ်ဦးက သေနတ်အစစ်ကြီးများကိုင်တွယ်ကာ အားဖြည့် သရုပ်ဖော်ပေးနေခြင်းကြောင့်လည်း ရင် ပိုခုန်နေရသည်။
သူတာဝန်ထမ်းဆောင်ရာ ကော့သောင်းခရိုင်တပ်ရင်း(၁)သို့ တိုင်းအဆင့်တာဝန်ရှိသူ လာရောက်၍ တပ်တွင်းဖျော်ဖြေပွဲ ကျင်းပခြင်းဖြစ်ရာ ကပြရမည်က သူ့တာဝန် ဖြစ်လာသည်။
ယခုလို ကပြခွင့်ရခြင်းကို သူနှစ်သက်သည်။
“ကိုယ်တတ်တဲ့ အနုပညာနဲ့ ခုလို ရဲဘော်တွေကို ပျော်ရွှင်ခွင့်ရစေချင်နေတာ ကြာပါပြီ၊ ကိုယ့်အနုပညာကိုလည်း ပြသခွင့် ရတာပေါ့လေ”ဟု
သူက ပြောသည်။
မဗေဒါ ကနေသည်။
ဗလာပွဲ၊ ရုံပွဲများကို မီးရောင်စုံဇာတ်စင်ကြီးပေါ် မှန်စီရွှေချ မြန်မာ့ဆိုင်းဝိုင်းကြီးမှ ထွက်ပေါ်လာသည့် ပဒေသာတေးသွားနှင့် ပရိသတ်ရာထောင်ချီကို မင်းသားအကဖြင့် ဖျော်ဖြေခဲ့ဖူးသည့် မဗေဒါ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBT)ရဲဘော်တစ်ဦးဖြစ်သည့် မဗေဒါ။
မို့သည်ဆိုယုံ ကုန်းမိုမို့လေးပေါ် တာလပတ်ခင်း၊ အဖြူရောင်မီးတန်းအောက်တွင် အားသွင်းလက်ဆွဲစပီကာလေးမှ ထွက်လာသော တေးသွားအတိုင်း အားပါးတရ ကနေသည်။ ဟုတ်သည်။ အတော်ကြာခဲ့ပြီ။ ယခုကဲ့သို့ မကရသည်မှာ ကြာခဲ့ပြီ။
သူ့အနုပညာကို ပရိသတ်ထံ တင်ဆက်အသုံးတော်ခံခွင့် မရသည်မှာ နှစ်ချီကြာခဲ့ပြီ ဖြစ်သည်။
သူသည် ကော့သောင်းခရိုင်တပ်ရင်းတွင် တာဝန်ထမ်းနေသော်လည်း သူ့ဇာတိက ကော့သောင်းနယ်က မဟုတ်သလို တနင်္သာရီတိုင်းသားလည်း မဟုတ်။
ပဲခူတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှ လယ်ယာကိုင်းကျွန်းလုပ်သည့် ရွာလေးတစ်ရွာတွင် လွန်ခဲ့သည့် နှစ် ၄၀ က သူ မွေးလာသည်။
ရွာမူလတန်းကျောင်းတွင် ၄ တန်းအောင်သောအခါ ခေါင်းလောင်းသံနှင့် အဖြူအစိမ်းဝတ်စုံအား သူ အပြီးအပိုင် လမ်းခွဲလိုက်ရသည်။
ရွာနှင့် ၂ မိုင်ခွဲဝေးသည့် အလယ်တန်းကျောင်းသို့ မတက်နိုင်သော ကျောင်းနေဘက် ၂၀ ထဲ သူပါ ပါဝင်သောကြောင့် ဖြစ်သည်။
“အိမ်မှာလည်း စီးပွားရေးက အဆင်မပြေတော့ ပညာရေးစရိတ်တွေ မတတ်နိုင်တာရယ်၊ သွားဖို့လာဖို့ ခက်တာရယ်ကြောင့် ပညာတတ်မှ လူရာဝင်မယ်ဆိုတာ သိပေမယ့် ပညာရေးဘက်ကို ဦးစားမပေးနိုင်ဘူးလေ”ဟု ပြောသည့် သူ့အသံက ဖျော့တော့တော့။ သူ့ဘဝခရီးကတော့ မပျော့ခဲ့။
မိဘနှစ်ပါးနှင့် တစ်ဦးတည်းသော အစ်ကိုတို့နှင့်အတူ တောင်ယာ ဝင်လုပ်ရသည်။
ညဘက်ဆိုလျှင် သူက မိသားစုကို မင်းသားအကဖြင့် ဖျော်ဖြေသည်။
“ငယ်ငယ်ကတည်းက အကဝါသနာပါခဲ့တာ။ အိမ်မှာလည်း ကိုယ်မှာ စောင်တွေ ပတ်ပြီး ကတာပဲ” ဟု သူက ပြုံးပြုံးလေး ပြောသည်။
သူ့အသက် ၁၇ နှစ်အရွယ်တွင် ကျင်းပသော ရွာဘုရားပွဲက သူ့ကို ဇာတ်သဘင်လောကသို့ ကူးပြောင်းစေခဲ့သည်။
ရွာဘုရားပွဲတွင် ပြည်မှ ပဒေသာဇာတ်သဘင်တစ်ခုက ရုံပွဲ လာကသည်။
သူက ဇာတ်ဆရာကို သွားတွေ့ကာ ဇာတ်ကချင်ကြောင်း တတွင်တွင် ပြောသည်။
ဇာတ်ဆရာက ဇာတ်ရုံ စင်နောက်ခေါ်ကာ ကပြခိုင်းတယ်။
“လက်ချိုးဘာချိုးလည်း ကောင်းတယ်။ သင်ပေးမယ်ပေါ့။ ဇာတ်ထဲလိုက်မလားဆိုတော့ လိုက်မယ်ပေါ့”ဟု ဇတ်ထဲရောက်လာပုံကို မဗေဒါ ပြောပြသည်။
ဇာတ်ဆရာက သူ့မိဖကို ကိုယ်တိုင်လိုက်ပြောပေးရာ သူ့ဝါသနာကို သိနေသော သူ့မိဘကလည်း ခွင့်ပြုလိုက်သည်။
ဇာတ်ထဲ စလိုက်သည့် ပထမနှစ်တစ်နှစ်လုံးက လုံးဝ ကခွင့်မရ။ ညဘက် ပွဲကြည့်၊ နေ့ဘက်အကသင်။
မိုးတွင်း ပွဲနားချိန် တချိန်လုံး ဒရစပ်သင်ပေးသည်။
မိုးလေကင်းလွတ် သီတင်းကျွတ်သောအခါ သူ မင်းသား ဖြစ်ခွင့် ရလေသည်။
“လက်ထောက်မင်းသား ဝင်းဇော်ကို”
ပဒေသာ ကရသည်။ မြန်မာသံစဉ်သီချင်း ဆိုရသည်။
ပြဇာတ်တွင် ရဲ၊ မင်းသားသူငယ်ချင်း စသဖြင့် ပါဝင်သရုပ်ဆောင်ရပြီး နှစ်ပါးသွား၊ နောက်ပိုင်းဇာတ်ထုတ်တို့တွင် အဓိက ပါဝင်ကပြရသည်။
ပြဇာတ်တွင် ရဲအဖြစ် သရုပ်ဆောင်စဉ်က သေနတ်အတု ကိုင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ သေနတ်အစစ်များ ထိတွေ့ကိုင်တွယ်ခွင့် ရလိမ့်မည်ဟု သူ စိတ်ကူးပင် မယဉ်ဖူးခဲ့။
နိုင်ငံရေး၊ စစ်ရေးသည် ၂၀၀၂ ခုနှစ်က ဇာတ်သမားလူငယ်တစ်ဦး၏ ဘဝနှင့် လားလားမျှ ဆက်နွယ်ခြင်း ရှိမနေခဲ့။
သို့သော် အိပ်ရေးပျက်ခြင်း၊ အစာအသောက်အချိန် မမှန်ခြင်း၊ တစ်နေကုန် နေပူထားသော ပွဲခင်းကွင်းပြင်များထဲ နေရ၊ ကပြရသဖြင့် အပူငွေ့ရိုက်ခြင်းတို့ဒဏ်ကို ခံရခြင်းကမူ ဇာတ်သမားတိုင်းနှင့် ဆက်နွယ်နေသလို သူလည်း ခံရသည်။
“နေ့ချင်းကူးပွဲဆိုကာ အိပ်ချိန်မရဘူးလေ၊ အစားအသောက်ကြမ်းတာ ကြာတော့ ကျမ်းမာရေးမကောင်း ဖြစ်လာတယ်”
ပွဲ သုံးနှစ်ဆက်ကပြီးနောက်တွင် အစာအိမ်ရောဂါဖြစ်ကာ ဆေးရုံတက် ဗိုက်ခွဲကုသလိုက်ရသည်။
ဆေးရုံက ဆင်းသောအခါ မိဘက စိတ်မချ၍ သူ့ကို ရွာပြန်ခေါ်သွားတော့ သူ၏ လက်ထောက်မင်းသားဘဝ အပြီးအပိုင် ကန့်လန့်ကာ ကျသွားလေတော့သည်။ ရွာပြန်ရောက်သောအခါ ရွာထုံးစံအတိုင်း နှမ်း၊ ပဲ၊ ကြံ၊ စပါးတို့ဖြင့် နပမ်းလုံးရပြန်သည်။ ထိုကာလတွင် ရွာသူ ရည်းစား ကောင်မလေးတစ်ယောက် သူ့ဘဝထဲ ရောက်လာခဲ့သည်။
“လူငယ်သဘာဝဆိုတော့ ခြေကိုင်လက်ကိုင်တော့ ရှိတာပေါ့..ဟင်းဟင်း”
ဟု ပြောချိန်တွင် သူ့အပြုံးက ထိုခဏကို ပြန်ရောက်သွားသလိုလို။
သို့သော် ခဏသာ။
သူ့အပြုံးကဲ့သို့ပင် ရည်းစားသက်တမ်းလည်း သိပ်မကြာခဲ့။
သူ ဒုလ္လဘရဟန်း ဝတ်ရင်း သာသနာ့ဘောင်တွင် တစ်နှစ်သာသာ ကြာသွားရာ ကြားထဲတွင် သူ့ရည်းစားအား တစ်ရွာသားက လာရောက် တောင်းရမ်းလေသည်။
ကောင်မလေး၏ မိဘကလည်း သမီးကညာ အခါမလင့်စေရေး စီစဉ်ပေးလိုက်လေရာ သူ့ခမျာ တစ်ရွာသားနဲ့ညားသည့် ငါ့ရည်းစာအတွက် ရဟန်းဘဝဖြင့် လွမ်းရခက်ခက် ဖြစ်နေခဲ့ရလေသည်။ထိုကတည်းက ရည်းစား မထားဖြစ်တော့။
အသက် ၃၃ အရွယ်တွင် မိတ်ကပ်ပညာ သင်ယူဖြစ်လိုက်သည့် သူ့ဘဝ တစ်ဆစ်ချိုးခဲ့ရသည်။
စက်(လော်စပီကာ၊ ဆောင်းဘောက်)ထောင်သော သူ့၏ သူငယ်ချင်း၏ ချိတ်ဆက်ပေးမှုဖြင့် သဲကုန်းမြို့တွင် အလှူ၊ မင်္ဂလာပွဲများ၌ မိတ်ကပ်(အလှ)ပြင်၊ ပန်းအလှဆင်လုပ်ငန်းလုပ်သူများနှင့် တွဲလုပ်ဖြစ်သွားသည်။
ထိုအလုပ်လုပ်သူအများစုမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBT)များ ဖြစ်ကြရာ နဂိုကတည်းက နူးနူးညံ့ညံ့နေတတ်တဲ့ မဗေဒါတစ်ယောက် မိတ်ကပ်ပညာဖြင့် အသက်မွေးတော့မည်ဟု ဆုံးဖြတ်လိုက်ပြီးနောက်တွင် သူ့လိင်စိတ်ခံယူမှုအတိုင်း ပြုမူနေထိုင်တော့သည်။
“သူများ သိမ်းသွင်းတာမျိုးလည်း မဟုတ်ဘူး၊ ကိုယ့်စိတ်ကကိုပဲ ဒီဘက်ကို မဲပါသွားတာမျိုး။ သာယာမှုတွေ ရှိသွားတာပေါ့။ လိင်ကွဲ(အမျိုးသမီး)တွေနဲ့ နေထိုင်ဆက်ဆံရတယ်ဆိုရင်လည်းပဲ ညီအစ်ကိုမောင်နှမလို စိတ်မျိုးပဲ၊ အဲလိုမျိုးပဲ တွေးလို့ရတော့တယ်၊ စိတ်ယိမ်းယိုင်မှုလည်း မရှိတော့ဘူး၊ သာယာမှုလည်း မရှိတော့ဘူး” ဟု မဗေဒါက ပြောသည်။
ကိုဗစ်-19 ကပ်ရောဂါကာလ ရောက်လာသောအခါ ပွဲလမ်းများ ပြတ်လတ်သွားရာ သူတို့လည်း အလုပ်ပြတ်သွားရတော့သည်။
ထိုအခါ ကော့သောင်းဘက် ဆင်းကာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ဒီဘက်မှာ အလုပ်တွေကောင်းတယ်၊ သူဌေးလည်းကောင်းတယ်ပေါ့။ ရွာမှာ လုပ်တာတဲ့ သာတယ်ပေါ့။ တစ်နေ့တာ လုပ်ရတာချင်းအတူတူ ဒီဘက်မှာ အလုပ်လုပ်တာ ငွေ ထက်ဝက်လောက်ပိုရတယ်ဆိုတော့ ဒီဘက်လာလုပ်ဖြစ်တာပါ”ဟု မဗေဒါ ပြောသည်။
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ စိုက်ပျိုးရေးခြံ တစ်ခုတွင် သူအလုပ်ဝင်သည်။ ရော်ဘာခြစ်သည်။ ကော်ဇီစေ့ကောက်သည်။ တောခုတ်လိုက်သည်။
စစ်ကောင်စီမှ အာဏာသိမ်းသောအခါ သူ အလုပ်လုပ်သည့်ခြံနှင့် ဆန္ဒပြပွဲများက အလှမ်းကွာသဖြင့် ဆန္ဒပြများတွင် မပါဝင်ဖြစ်။ ပါဝင်ရကောင်းမှန်းလည်း မတွေးခဲ့။
သို့သော်..၊
တီဗွီလိုင်းများတွင် ပြည်သူလူထုကို သတ်ဖြတ်သည့်သတင်းများပါလာသောအခါ သူ့တော်လှန်စိတ်တို့ ရုန်းကြွလာသည်။
“မဲလည်း မပေးဖူးဘူး၊ ဆန္ဒလည်း မပြဖူးဘူး။ အာဏာကို မတရားသိမ်းပြီး ပြည်သူတွေကို သတ်ဖြတ်နေတာတော့ မတရားဘူးလို့ ခံစားတတ်လာ၊ သိလာတယ်။ ဒီလိုမျိုး မတရားလုပ်နေတာကို တွေ့တော့ ပြည်သူတစ်ယောက်အနေနဲ့ ဖြေသိမ့်လို့ မရဘူး” ဟု သူက ပြောသည်။
လက်နက်ကိုင်တော်လှန်ရေး စသောအခါ သူက ခြံတွင် အလုပ်လုပ်ရင်း တော်လှန်ရေးအတွက် နိုင်သည့်ဝန် ထမ်းသည်။
ရဲဘော်များကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခြင်း၊ ရိက္ခာပစ္စည်းများ စုဆောင်းပေးခြင်းတို့ကို တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ တတ်အားသမျှ လုပ်ဆောင်သည်။
သို့သော် ထိုမျှဖြင့် သူ မရောင့်ရဲ။ ထိုထက် ပို၍လုပ်လိုသည်။ တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ကိုယ်တိုင်ဝင်ချမှ ကျေနပ်ရတော့မည်။
မှတ်မှတ်ရရပင်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၄ ရက် ၊ လွတ်လပ်ရေးနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်( ၁ )တပ်ရင်းသို့ သူ ခြေစုံပစ် ဝင်ရောက်လာခဲ့တော့သည်။
“အပြင်မှာ ထောက်ပို့လုပ်နေယုံနဲ့ မတင်းတိမ်နိုင်ဘူး၊ ကိုယ်တိုင်လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ်ဆိုပြီးတော့ ဒီကို ရောက်လာတာပဲ” ဟု မဗေဒါက သူဆုံးဖြတ်ဖြစ်ပုံကို ပြောပြသည်။
သူ့ခန္ဓာသည် ပိန်သည်၊ နွဲ့သည်။ သို့သော် သူ့စိတ်သည် ရဲရင့်သည်၊ သန်မာသည်ဟု သူ ခံယူသည်။
သူသည် ခြောက်နေသော်လည်း ကြောက်မနေသူ ဖြစ်ရမည်။
သူ အခြေခံစစ်ပညာသင်တန်းကို အခြားရဲဘော်များနှင့် တန်းတူ တက်ရောက်အောင်မြင်ခဲ့ပြီးပြီ။
သူ့ကို လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBT)ရဲဘော်တစ်ဦးဖြစ်နေသည့်အတွက် တပ်ရင်းရှိ ရဲဘော်အများစုက ခွဲခြားဆက်ဆံခြင်းမျိုးတော့ မရှိ။
သို့သော် တစ်ခါတစ်လေ သူ စိတ်ထွေးရသည်တို့ ကြုံရသည်။
“အချို့ကလည်း အပေါင်းအသင်းလုပ်တာ၊ နေထိုင်မှုတွေတွေကအစ ခွဲခြားတာမျိုးပေါ့။ ဥပမာပေါ့၊ အမှာင်ရိပ်ထဲမှာ၊ လူမျက်ကွယ်မှာ နှစ်ယောက်တူတူ နေရတာ မသင့်ဘူးလို့ သူတို့အမြင်၊ သူတို့အတွးနဲ့ သိထား၊ လက်ခံထားကြ။ ဆုံးဖြတ်ကြတာမျိုးတွေ ရှိတယ်။
ပတ်ဝန်းကျင်က သူတို့ကို တမျိုးမြင်သွားတာမျိုး အထင်မခံချင်တာမျိုး” ဟု သူက ရင်ဖွင့်သည်။
ထိုကိစ္စမျိုးက တပ်ရင်းအတွင်းရောက်လာမှ ထူးထူးခြားခြား ကြုံရတာမျိုးမဟုတ်ဘဲ အပြင်လောကတွင် နေခဲ့စဉ်ကလည်း ကြုံခဲ့ဖူးသည့်ကိစ္စ ဖြစ်သောကြောင့် မဗေဒါ အလေးအနက်မထားတော့။
သူ အလေးအနက်ထားသည်က တော်လှန်ရေး အမြန်အောင်မြင်ရန်နှင့် သူ့ကို တပ်ရင်းက ပေးအပ်ထားသည့်တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ပင်။
တပ်ထဲဝင်ကာစက သူစိတ်ကူးလာခဲ့သည်မှာဆေးတပ်သားသင်တန်းတက်ကာ ဆေးအိပ်နှင့် သေနတ်လွယ်ကာ ရှေ့တမ်းထွက်ရန်။
လက်ရှိ သူ့ကို တပ်ရင်းက ပေးအပ်ထားသည့် အဓိကတာဝန်က စားဖိုဆောင် ရိက္ခာမှူး။
တပ်ရင်းရှိ ရဲဘော်အားလုံး ဝလင်စွာ၊ ကျမ်းမာရေးနှင့် ညီညွတ်စွာ စားသောက်နိုင်ရေးက သူ၏ လုံးဝ ပျက်ကွက်လစ်ဟင်း၍ မရသော နိစ္စဒူဝ တာဝန်ကြီး။
မနက်လင်းမှစ နေ့လည်၊ ညစာ ရဲဘော်အားလုံးအတွက် ဘယ်ဟင်းလျာ ဘယ်လိုချက်ရမည်က ဈေးဆိုင်တွင် ပြေးဝယ်ရန် မဖြစ်နိုင်သော တောတွင်းတပ်ရင်းထဲတွင် နေ့စဉ်ရင်ဆိုင်ရသည့် စိန်ခေါ်ချက်။
သို့သော် မဗေဒါအတွက်ကတော့ တဖြည်းဖြည်းကျင့်သားရခဲ့ပြီ။
“LGBD မို့လို့ တာဝန်အရ ခွဲခြားတာမျိုး မရှိပါဘူး။ အားလုံးက ဒီတာဝန်နဲ့ လိုက်ဖက်တယ်၊ အဆင်ပြေတယ်၊ ဒီတာဝန်တွေ ထမ်းဆောင်ပေးဆိုပြီး အကူအညီတောင်းတယ်။ ရောက်ပြီး လေးရက်ကြာတာနဲ့ ဒီတာဝန်ထမ်းခဲ့တာ ခုထိပါပဲ” ဟု သူက ရှင်းပြသည်။
တပ်ရင်းအနီးတစ်ဝိုက် လိုသလောက်ရသော မျှစ်၊ တညင်ရွက်တို့ကိုပင် အမျိုးအမည်ပေါင်းများစွာ သူချက်တတ်နေပြီ။
မဗေဒါက ဖြစ်နိုင်လျှင် ရှေ့တန်းသာ သွားချင်သည်။
တပ်ရင်းတာဝန်ရှိသူတို့က သူ့ဌာနလုပ်ငန်းတာတန်များ လွှဲပေးရန် သင့်တော်သည့် အခြားရဲဘော်များ ရှိ၍ လွှဲပေးခဲ့လျှင် ရှေ့တန်းထွက်တိုက်နိုင်ရင် မိမိကိုယ်ကို အသင့်ပြင်ဆင်ထားကြောင်း မဗေဒါက ဆိုသည်။
“အသင့်ရှိတယ်။ ကိုယ်လည်း သူများတွေလိုပဲ တိုက်ချင်ခိုက်ချင်တယ်။ တော်လှန်ရေးတစ်ခုထဲမှာ တာဝန်ထမ်းဆောင်လာပြီးတော့ နောက်တန်းကပဲ တာဝန်တစ်ခုတည်းနဲ့လည်း မတင်းတိမ်ချင်ဘူး” ဟု သူက ပြောသည်။
မဗေဒါ အသံက တည်ကြည်မာတောက်နေသည်။
မဗေဒါတို့ တပ်ရင်းတွင်မူ လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBT) အဖြစ် ပွင့်လင်းစွာ လက်ခံထားသူဆို၍ မဗေဒါ တစ်ဦးသာရှိသည်။
အခြားတပ်ရင်း တပ်ဖွဲ့များမှ LGBT များကိုမူ မဗေဒါက အောက်ပါအတိုင်း အမှာစကားပါးပါသည်။
“စိတ်ဓာတ်လည်း မကျနဲ့ ၊ စိတ်အားငယ်စရာလည်း မလိုဘူး။ ခွဲခြားဆက်ဆံလာခဲ့ရင်တောင် ပန်းတိုင်ဆုံးထိသွား၊ ရည်ရွယ်ချက် မပျောက်စေချင်ဘူး။ ခွဲခြားဆက်ဆံလို့ သိမ်ငယ်မှုတွေ စိတ်အားငယ်တာတွေ ရှေ့တန်းတင် ခေါင်းထဲထည့် မထားစေချင်ဘူး၊ တာဝန်ကျေအောင်ထမ်းကြပါ”ဟု သူက အကြံပြုသည်။
တနင်္သာရီတိုင်းရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များထဲတွင် လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBT) ဦးရေမည်မျှ ရှိသည်ကို သီးခြား စာရင်းပြုစုထားခြင်း မရှိသော်လည်း လက်ချိုးရေ၍ရသည့် ပမာဏသာရှိကြောင်း တိုင်းစစ်ဌာန(တနင်္သာရီ)၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
“LGBT ရဲဘော်တွေအပါအဝင် ကျား၊မ၊ လူမျိုးဘာသာ ဘယ်လိုမတူကွဲပြားတဲ့ ရဲဘော်တွေကိုမှ ခွဲခြားဆက်ဆံတာမျိုး မလုပ်ရဘူးလို့ အတိအလင်း ပြဌာန်း၊ လမ်းညွှန်ထားပြီးသားပါ။ တာဝန် ထမ်းဆောင်ကြရာမှာ ရဲဘော်တိုင်းက သူတို့ အားသာရာ၊ အားသန်ရာကို ရွေးချယ်လျှောက်ထားခွင့် လမ်းဖွင့်ပေးထားပါတယ်” ဟု အထက်ပါ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
မိတ်ကပ်(အလှ)ပြင်ရသည်ကို ဝါသနာထုံပြီး သူတပါးကို ပျော်စေချင်သူ မဗေဒါကတော့ တပ်ရင်း၏ ချက်ကြီးခေါ် စားဖိုဆောင်မှူးတာဝန်ကို ထမ်းဆောင်ရင်း ကြားထဲတွင် ရဲဘော်တို့၏ ယူနီဖောင်းများ၊ အဝတ်အထည်များကို ဖာထေးချုပ်လုပ်သည့် စက်ချုပ်ဆောင်မှူးတာဝန်နှင့် ညနေ ရေချိုးခါနီး ဆံပင်ညှပ်တာဝန်ပါ တွဲယူထားလိုက်သေးသည်။
“ကိုယ်လည်း တတ်တဲ့ပညာ ဖြစ်နေတယ်။ ဒီမှာလည်း လိုအပ်နေတယ်။ တော်လှန်ရေးထဲမှာဆိုတော့လည်း ကိုယ်လိုချင်တဲ့နေရာတွေ ရှေ့တန်းတင်နေလို့ မရတဲ့အခါကျတော့ လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းမယ်ဆိုတဲ့စိတ်နဲ့ပဲ အဲလိုမျိုးခံယူပြီးတော့ပဲ လုပ်နေပါတယ်” ဟု မဗေဒါက ပြောပြသည်။
တော်လှန်ရေး ပြီးသွားပါက မဗေဒါ တပ်က ထွက်တော့မည်။ နောက်ပိုင်းကိစ္စများ သူပါဝင်ရန် မလိုအပ်တော့ဟု သူခံယူသည်။
နောင်လာမည့် အစိုးရသည် တိုင်းပြည်ကောင်းအောင် လုပ်ဆောင်လိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေသည်။
“မျောချင်ရာမျော၊ မိသားစု အကုန်လုံး အသက်နဲ့ခန္ဒာပါ ပေးထားပြီးမှတော့ မျောချင်ရာမျောကွာဆိုပြီး ဗေဒါလို့ နာမည် ပေးဖြစ်တာ။ တော်လှန်ရေးပြီးသွားရင်တော့ ကိုယ်တတ်တဲ့ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြန်ပြုမယ်၊ ပြည်သူတစ်ယောက်အနေနဲ့ ပြန်ရပ်တည်မယ်” ဟု မဗေဒါက ကတိစကားဆိုသည်။
လက်ရှိတွင်မူ နေ့စဉ်နှင့်အမျှ မနက် အစောကြီး သူထရဦးမည်။ သူ၏ နိစ္စဒူဝ တာဝန်များက တော်လှန်ရေး မပြီးမချင်း သူ့ကို ကြိုနေလိမ့်ဦးမည်။
ဒီညတော့ မဗေဒါ ကနေသည်။
ဗေဒါပန်းရောင် မင်းသမီးဝတ်စုံလေးနှင့် မဗေဒါ ကနေသည်။ ပျော်လွန်း၍ ကနေခြင်းကား မဟုတ်ပါ။
သူခင်တွယ်သော၊ သူချစ်မြတ်သော သူ့တပ်ရင်းမှ ရဲဘော်များ ပျော်စေချင်၍ ကနေခြင်း ဖြစ်ပါသည်။
ကနေသည့် သီချင်းအမည်က “ဒေါင်းကတဲ့ နေ့”။
လင်းခ
The Tanintharyi Times
