ကမ်းရိုတန်းတစ်လျှောက် လေအားလျှပ်စစ်စီမံကိန်းတွေအကောင်အထည်ဖော်မယ်လို့ တရုတ်ဖိုရမ်မှာ စစ်ကောင်စီပြော
ကမ်းရိုတန်းတစ်လျှောက် လေအားလျှပ်စစ်စီမံကိန်းတွေအကောင်အထည်ဖော်မယ်လို့ တရုတ်ဖိုရမ်မှာ စစ်ကောင်စီပြော

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာ လေအားကနေ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ စစ်ကောင်စီ ရဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်က တရုတ်နိုင်ငံ မကာအိုဒေသမှာကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်မှာ ထုတ်ပြောလာပါတယ်။
မြန်မာ နိုင်ငံမှာ လျှပ်စစ်စွမ်းအင် လုံလောက်စေဖို့ ရည်ရွယ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ လေအားကနေ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို စစ်ကောင်စီ က တရုတ် နဲ့ ရုရှား တို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ အစီစဉ်ရှိတယ်လို့ ဦးမျိုးသန့်ကဆိုပါတယ်။
၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် ဇွန်လ ၁၉ ရက်ကနေ ၂၁ နေ့ထိ တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပြီး စစ်ကောင်စီ ကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဂွ၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ လေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စီမံကိန်းများဆိုင်ရာ သဘောတူစာချွန်လွှာ MOA ရေးထိုးထားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီထဲက လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ဂွ စီမံကိန်းကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်နိုင်ဖို့ စစ်ကောင်စီဘက်က တိုက်တွန်းထားပေမယ့် တရုတ်ကုမ္ပဏီတွေဘက်က စီမံကိန်းစတင်ကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုး မရှိသေးကြောင်း စစ်ကောင်စီ အာဘော် သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
“လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေပုံမှန်တောင်မရဘူးလေ။ ဒီကောင်တွေက ပြည်သူလူထုအတွက် လုပ်မှာလား ဒါမှမဟုတ် သူတို့နဲ့ ဆက်စပ်တဲ့ကုမ္ပဏီအတွက် လုပ်မှာလားဆိုတာ သူတို့ဘဲ သိမှာ။ သူတို့ လုပ်တာက အပြောသက်သက်ဘဲ။ တရုတ်ကတော့ သူ့နိုင်ငံရဲ့ စီးပွားရေးထွက်ပေါက်ရှိနေတဲ့ ရခိုင်လိုနေရာကို သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လွှမ်းမိုးအောင် လုပ်နေတာ” လို့ အမည်မဖော်လိုတဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း Connect Burma ကိုဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ ဆောင်လုပ်မယ့် လေအားလျှပ်စစ်စီမံကိန်းဟာ ဒေသအကျိုးပြုမယ့် စီမံကိန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်မှာ လေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နှင့်မြန်မာ နားလည်မှု စာချွန်လွှာ နှစ်ကြိမ်တိုင် ရေးထိုးမှုရှိခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ပထမ အကြိမ် စမ်းသပ်လေ့လာခဲ့သော်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြည်တွင်းလျှပ်စစ်ဓာတ်အား ဖူလုံမှုနဲ့ ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံတော်ဓာတ်အားစနစ်ကနေ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်တွေ ပြည့်မီစေဖို့ လျှပ်စစ်ကဏ္ဍမှာ တရုတ်ကုမ္ပဏီတွေ ဆက်လက်ပူးပေါင်း ပါဝင်နေတယ်”လို့ တရုတ်သံအမတ်ကြီး ချန်းဟိုင်က ပြောထားဖူးပါတယ်။
ဒါပြင် တဖက်မှာလည်းစစ်ကောင်စီအနေနဲ့ လေအားလျှပ်စစ်စီမံကိန်း ၃ ခု အကောင်အထည်ဖော်ဖို့ ရုရှားကုမ္ပဏီ Nova Wind JSC နဲ့ နားလည်မှုစာချွန်လွှာ MOU ရေးထိုးထားပါသေးတယ်။
၁၁၆ မဂ္ဂါဝပ် ထွက်ရှိမယ့် မင်းလှစီမံကိန်း၊ ၅၆ မဂ္ဂါဝပ် ထွက်ရှိမယ့် မင်းတုန်းစီမံကိန်းနဲ့ ၂၀၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ပုပ္ပားစီမံကိန်းတို့ဖြစ်ပြီး မင်းလှနဲ့ မင်းတုန်းစီမံကိန်းကို မြန်မာကုမ္ပဏီ PRIMUS နဲ့ ပုပ္ပါးစီမံကိန်းကို Zeya & Associates တို့က ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာတော့ ၂ဝ၂၃ – ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ လျှပ်စစ်စွမ်းအားအတွက် အသုံးစရိတ်ကျပ်ငွေ ၆၈၂ ဘီလီယံနဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်ကျပ်ငွေ ၁၃ ဘီလီယံကျော် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
တစ်နိုင်ငံလုံးမီးလင်းရေး ထိုစီမံချက်အရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံအထိ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ကာ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ သွယ်တန်းရေးအတွက် ဒေါ်လာ သန်း ၄၀ ထက်မနည်း ထပ်မံလိုအပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပြီး ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အားလုံလုံ လောက်လောက်ရဖို့ ဆောင်ရွက်နေကြောင်း ၂၄ နာရီအပြည့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းခေါင်းဆောင်က ယခုနှစ်ဆန်းပိုင်းမှာ ဝန်ခံပြောဆိုထားပါတယ်။
Connect Burma
The Tanintharyi Times