ရွှေပြည်တော်ကို မျှော်ဖို့ဆိုရင်

ရွှေပြည်တော်ကို မျှော်ဖို့ဆိုရင်

နွေဦးတော်လှန်ရေးဟာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလတစ်လျှောက်လုံးကို လည်ပြန် ငဲ့ကြည့်မယ်ဆိုရင် အသေချာဆုံးအကြောင်းချင်းရာက သေဆုံးသူ ၇၀၀၀ ကျော်ရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက်အကျဉ်းချခံရသူ သုံးသောင်းကျော်ရှိခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ တိုက်တာ၊ အဆောက်အအုံ၊ အိမ်ခြံမြေအပါအဝင် အကြီးစားပိုင်ဆိုင်မှုပေါင်း ၁၀၀၀ နီးပါးရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးပျက်စီးခဲ့ရတဲ့ နေအိမ်အဆောက်အအုံ၊ ဘုရားကျောင်းကန်နဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကတော့ ရေတွက်မရနိုင်အောင်ဘဲ ဖြစ်ပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေခဲ့ပြီး နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲမွဲတေမှု အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ယခုနှစ် ဇွန်လ ၁၂ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်အစောပိုင်းက အခြေအနေကို ပြန်လည်ရောက်ရှိနေတယ်လို့ဆိုပေမဲ့ တကယ့်လက်တွေ့မှာ စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလဟာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍအားလုံး နှစ်ပေါင်း ၃၀ ၊ ၄၀ လောက် ခေတ်နောက်ပြန်ရောက်သွားသလို ရှိနေခဲ့တာဖြစ်ပါတယ်။

ငွေကြေးဟာ တန်ဖိုးမရှိတော့ဘဲ ဆိုးရွားတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရပြီး မြို့ပြအောက်ခြေလူတန်းစားဟာ ဆန်တစ်ပြည်၊ ဆီတစ်ခွက်အတွက် နေပူမိုးရွာမရှောင် တန်းစီတိုးနေရတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန် ကျွေးတဲ့ ရေစိုဆန်နဲ့ ဆန်ကွဲကို ဝယ်ယူစားသောက်ရတဲ့ အခြေအနေကို တချို့ပြည်သူတွေ ရောက်နေခဲ့တာပဲ ဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အညာဒေသနဲ့ နယ်ဘက်ကျေးဘက်က ပြည်သူတွေ ရင် ဆိုင်နေရတဲ့ အခြေအနေက ဆိုဖွယ်မရှိသော ဘဝတွေပဲ ဖြစ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းမဲ့လာတာ၊ ပြည်တွင်းရွှေ့ပြောင်းနဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေအဖြစ် ရွှေ့ပြောင်း သွားလာနေရတာ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန် နည်းပါးလာပြီး စားနပ်ရိက္ခာရှားပါးလာတာ၊ ဈေးနှုန်းကြီးမြင့်လာတာ၊ ‌လောင်စာဆီ၊ စားအုန်းဆီ ဈေးနှုန်းမြင့်တက်လာတာ၊ ရှားပါးပြတ်လပ်လာတာ၊ လုပ်သားရှားပါးလာတာ၊ ဝင် ငွေရလမ်းနည်းပါးလာတာ၊ အင်တာနက်ဆက်သွယ်ရေး ကန့်သတ်ဖြတ်တောက်ခံရတာ၊ အဓမ္မဖမ်းဆီးခြိမ်းခြောက်ခံရတာ၊ ဒါတွေဟာလက်ရှိ မြန်မာပြည်သူတစ်ရပ်လုံး ကြုံတွေ့ရင်ဆိုင်နေရတဲ့အဆိုးရွားဆုံးသော အကြောင်းတွေထဲက တချို့ပဲဖြစ်ပါတယ်။

ဒီအခြေအနေတွေဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အကြောင်းတွေပါပဲ။ ဒါပေမဲ့ ဒီလိုကြုံတွေ့ရင်ဆိုင်နေရမှုတွေက စစ် ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့်မှသာ ကြုံတွေ့ရင်ဆိုင်ရတာလားလို့ဆိုရင် လုံးဝမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ရမှာပါပဲ။

တကယ်တမ်းတော့ ဒီလို ဒုက္ခတရားတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆက်ဆက်သော စစ်အာဏာသိမ်းမှုနဲ့ အဲဒီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို စစ်တပ်က ဖြိုခွင်းနှိမ်နင်းပြီး စစ်အာဏာ တည်မြဲဖို့ လုပ်ဆောင်ခဲ့တဲ့ ကာလတွေတိုင်းမှာ လူထုက သူ့ကာလအတိုင်းအတာနဲ့သူ ဆိုးဆိုးရွားရွား ကြုံတွေ့ရင် ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်း စစ်တပ်က အာဏာသိမ်းရတဲ့ အခြေအနေကို ဆိုက်ရောက်စေခဲ့သလို ပြည်နယ်ပြည်မဆိုတဲ့ ဖက်ဒရယ်အကြောင်းတရားကို သွေဖြည်ပြီး လက်ရှိကာလအထိ ဗမာနဲ့တိုင်းရင်းသားလို့ ကွဲပြားစေအောင် တိုင်းပြည်ကို လူမျိုးကြီးဝါဒနဲ့ ဗမာဝါဒသွတ်သွင်းခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ အခန်းကဏ္ဍကိုလည်း မေ့ဖျောက်ထားလို့မရတာ အမှန်ပါပဲ။ တစ်ဆက်တည်းမှာပဲ ငါနဲ့မတူငါ့ရန်သူဆိုတဲ့သဘောထားအလေးသာ မှုမှာ အစိတ်စိတ်အမွှာမွှာ ကွဲပြဲခဲ့ကြတဲ့ အဖွဲ့အစည်း၊ ဂိုဏ်းဂဏတွေရဲ့ အဖြစ်သနစ်ကိုလည်း မေ့‌ဖျောက်ထားလို့ မရပါဘူး။ ဒါက တကယ့်ကိုသော သမိုင်းသင်ခန်းစာပါပဲ။

ဒီအကြောင်းအချက်တွေကြောင့်ပဲ စစ်တပ်ဟာတန်ခိုးထွားအာဏာအရှိဆုံးသော အဖွဲ့အစည်းဖြစ်တယ်၊ တိုင်းပြည်ချောက်ထဲကျခါနီး လက်တစ်လုံးအလိုမှာ ကယ်တင်ခဲ့သော ကျေးဇူးရှင်ဖြစ်တယ်ဆိုပြီး စစ်အာဏာဟာတိုင်းပြည်မှာ အမြစ်တွယ်ကြီးထွားခဲ့တာပါပဲ။

အဲဒီကတစ်ဆင့် အထက်ကဆိုခဲ့တဲ့ ဒုက္ခတရားတွေကို ပြည်သူလူထုဟာ ပြည်တွင်းစစ်မီးနဲ့ စစ်အာဏာရှင်လက်အောက်မှာ အဆက်ဆက် ခါးစည်းခံ ကြုံတွေ့ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။

အတိုချုံးပြီး ထုတ်နုတ်ပြရမယ်ဆိုရင် ၁၉၄၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်မီးဒဏ်မှာ ပြည်သူတွေဟာ အခုကာလ ကြုံတွေ့နေရတဲ့ ခက်ခဲကျပ်တည်းမှု တွေနည်းတူ ဒုက္ခသုက္ခတွေကို ရင်ဆိုင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ အဲဒီကာလဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကြောင့် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသုံးသန်းခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုဟာ (လက်ရှိကာလတန်ဖိုးနဲ့) အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်ရှိခဲ့တာဖြစ်ပါတယ်။ ( ဒီထက်ပိုချင်လည်း ပိုနိုင်ပါတယ်။)

အဲဒီနောက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာ အခုကာလ နေအိမ်တွေချိတ်ပိတ်၊ ဒေါ်လာသမား၊ ရွှေသမား စတာတွေကို ဖမ်းဆီးအရေးယူသလို ပြည်သူပိုင်သိမ်းဆည်းမှု ဒုက္ခကို လူထုကကြုံခဲ့ရတာဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ပြီးခါစ တိုင်းပြည်ရဲ့ ဖရိုဖရဲစီးပွားရေးဟာ ပြည်တွင်းစစ်မီးကြောင့် အဖတ်ဆယ်မရအောင် ရှိနေချိန် စစ်အာဏာ သိမ်းမှုနဲ့ပြည်သူပိုင်သိမ်းဆည်းပြီးဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်မှုမှာအလုံးစုံခြွတ်ခြုံကျခဲ့တာပဲဖြစ်ပါတယ်။

မဆလရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် သမဝါယမခေတ်မှာ ဆီတိုးစား၊ ဆန်တိုးစား၊ မှောင်ခိုလုပ်စားခဲ့ရတဲ့ ပြည်သူရဲ့ မျိုးဆက်တွေဟာ (အာဏာရှင်သန်းရွှေနဲ့) လက်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်အာဏာလက်အောက်မှာ ဆီတိုးစား၊ ဆန်တိုးစား နေရတုန်း၊ မှောင်ခိုလမ်းကြောင်းကဝင်တဲ့ ပစ္စည်းတွေကို အားကိုးနေရတုန်း အခြေအနေကို ပြန်လည်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါက စစ်အာဏာရှင်လက်အောက်မှာ မပြောင်းမလဲဘဲ သဏ္ဌာန်တူ ဖြစ် ပျက်နေရတဲ့ ပြည်သူတွေရဲ့ ဘဝအခြေအနေကို ညွှန်းဆိုပြနေတာပါပဲ။

မဆလခေတ်ကနေ နဝတခေတ် ဖြစ်လာခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ပြီး ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုတာတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ခွင့်ပြုတာတွေရှိလာခဲ့ပေမဲ့ ပြည်သူတွေရဲ့ ကျောမွဲအခြေအနေဟာ ဦးပိုင်နဲ့ ခရိုနီတစ်စုရဲ့ အုပ်စီးထားမှုမှာ ထူးမခြားနား ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်ပသွားရောက်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်အရ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုပေါ် အခြေပြုပြီး ရွှေ့ပြောင်းလုပ်သားဘဝတွေကို အစတည်ခဲ့ကြရတာဟာ တရားဝင်အဖြစ်ရော တရားမဝင်အဖြစ်ပါ ယနေ့အ ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဒေသတွင်း သယံဇာတဟာ ဒေသခံတိုင်းရင်းသားတွေကို အကျိုးမဖြစ်ထွန်းစေဘဲ ကျိန်စာသင့်စေခဲ့တာဟာ စစ်အာဏာရှင်ရဲ့စနစ်ကြောင့်ဆိုတာ အထင်အရှားသက်သေတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးဆက်တစ်ခုတည်းကြောင့် ပြည်သူလူထုက ကြုံတွေ့ရင်ဆိုင်ခဲ့ ရတာလားလို့ ဆိုရင်တော့ ရာနှုန်းပြည့်မှန်တယ်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်နောက်ပိုင်းကစပြီး အစိတ် စိတ်အမွှာမွှာကွဲပြား ပေါ်ပေါက်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစု၊ အတိုက်အခံအင်အားစုတွေ အချင်းချင်းကြား အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ဘဲ အမျိုးသားရေးဝါဒထက် အကျိုးစီးပွားဝါဒကိုရှေ့တန်းတင်ထားခဲ့ကြတဲ့ အချက်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်တာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်းကစပြီး တိုင်းပြည်ရဲ့ ပျက်စီးသွားခဲ့တဲ့ National Building ဟာ စစ်အာဏာကို တော်လှန်ဆန့်ကျင်နေကြတဲ့ အင်အားအစုအဖွဲ့တွေကြားမှာ ယုံကြည်ခိုင်မာတဲ့ ကတိကဝတ်နဲ့ ပြန်လည်မတည်ဆောက်နိုင် ခဲ့တာမို့ စစ်တပ်ရဲ့ အာဏာသက်တမ်းဟာ ယနေ့ထိ ရှည်ကြာခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ National Building တည်ဆောက်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်အရေးပါတဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ အပေါ်မှာ ခိုင်မာတဲ့ကတိကဝတ်မျိုး မပေးနိုင်ခဲ့သလို ၊ ယုံကြည်မှုအားလျော့စေတဲ့ အပြုအမူလုပ်ဆောင်ချက်တချို့ ရှိခဲ့တာကလည်း ဖက်ဒရယ်ခရီးကိုမရောက်ဘဲ တကျော့ပြန် စစ်အာဏာသိမ်းမှုဆီကိုဦးတည်စေခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အဲဒီရဲ့အကျိုးဆက်ကို ရေပြင်ညီမျဉ်းစွဲမှတ်ကြည့်ရင် အဆိုးရွားဆုံးဒဏ်ကို ရင်ဆိုင်ခံစားကြရသူတွေဟာ ပြည်သူလူထုပါပဲ။ အသက်ခန္ဓာပေးဆပ်ရင်းနှီးရသူတွေကလည်း လူငယ်မျိုးဆက်တွေပါပဲ။ စစ်အာဏာ ရှင်စနစ်ကို အံတုတော်လှန်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုကြည့်ရင် ဒါကငြင်းချက်ထုတ်မရတဲ့ အမှန်တရားပါပဲ။

တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်လို့ ဦးတည်ထားပေမဲ့ ကိုယ့်အကျိုးစီးပွားပေါ် အခြေခံထိုင်ရပ်ပြီး ပြိုင်တူတွန်းဖို့ အားနည်းနေကြတဲ့ ပြည်နယ်ပြည်မ လက်တွေ့ကျကျ မပူးပေါင်းနိုင်သေးမှုကလည်း အထင်အရှားရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းစစ်မီးကို နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှည်ကြာစေခဲ့တဲ့ အဓိက အကြောင်းရင်းပါပဲ။

ဒီအကြောင်းရင်းဟာ လက်ရှိနွေဦးတော်လှန်ရေးနဲ့အတူ အဆုံးသတ်မှ ဖြစ်မယ့် အကြောင်းရင်းပါပဲ။ ဒီအတွက်၊ အားလုံးမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဦးဆောင် အင်အားစုတွေကြား ခိုင်မာတဲ့ ကတိကဝတ်နဲ့ ဖက်ဒရယ်ပဋိညာဉ်ကို ဖော်ဆောင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါက တစ်ဦး၊တစ်ယောက်၊ တစ်ဖွဲ့၊ တစ်စည်းထဲက ထမ်းဆောင်ရမယ့် တာဝန်မဟုတ်ဘဲ ပါဝင်ပတ်သက်သူအားလုံး ပုခုံးထမ်းရမယ့် တာဝန်ပါပဲ။

အဲဒီလို ပုခုံးထမ်းတာဝန်အတွက် အချင်းချင်းကြား ယုံကြည်ချက်မရှိသရွေ့၊ ယုံကြည်မှုမဲ့စေတဲ့ အပြုအမူတွေကို မရှောင်ရှားနိုင်သရွေ့ လူငယ်တွေရဲ့ အိမ်အပြန်လမ်းဟာ ဝေးကွာရှည်ကြာနေဦးမှာဖြစ်သလို ပြည်သူတွေရဲ့ ဘဝကလည်း ဒုက္ခတရားတွေကို ခါးစည်းခံရင်ဆိုင်နေရဦးမှာပါပဲ။ ရွှေပြည်တော်ကို မျှော်ဖို့ဆိုတာ အိပ်မက်သာဖြစ်နေဦးမှာပါပဲ။

မာအောင်

The Tanintharyi Times