ပဋိပက္ခများနှင့် အရပ်ဘောင်

ပဋိပက္ခများနှင့် အရပ်ဘောင်

မြန်မာ့အရေးအထူးအကြံပေးကောင်စီ (Myanmar Advisory Council) က မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း နေရာအနှံအပြားဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ဒေသ (သို့မဟုတ်)​ ရောနှော ထိန်းချုပ်မှုအောက်မှာ ရှိနေတာတွေ့ရတယ်။ တနည်းအားဖြင့် ဒါဟာ နယ်မြေထိန်းချုပ်ရေးအတွက် အဖွဲ့အချင်းချင်းအကြား အထူးသဖြင့် လက်နက်ကိုင် အုပ်စုတွေကြား အာဏာလွန်ဆွဲမှုတွေ မလွဲမသွေပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

နိုင်ငံဧရိယာရဲ့ ၈၆ ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံလူဦးရေရဲ့ ၆၇ သော ရာခိုင်နှုန်းဟာ စစ်ကောင်စီရဲ့ ပြည့်ပြည့်ဝဝ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ရေးထားတာ တွေ့ရပါတယ်။ နယ်စပ်မြို့စုစုပေါင်း ၅၁ မြို့ ရှိရာ မြို့တစ်မြို့ပဲ စစ်ကောင်စီက အပြည့်ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေက နယ်စပ်မြို့နယ်ပေါင်း ၃၀ ကို ၉၀ ရာနှုန်းထိန်းချုပ်ထားပြီး ဒီအထဲက ၁၄ မြို့ကို အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

“ သမိုင်းတလျှောက် အကောင်းဆုံး အခြေအနေကို တော်လှန်ရေးအဖွဲ့တွေ ရရှိနေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ တော်လှန်ရေးရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီက ဖြည့်ဆည်းလိုက်လျောမယ့်အစား နောက်ထပ် အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကိုပဲ ဆက်လုပ်ဖို့ အရိပ်အယောင်တွေပြနေတယ် ။ ” လို့ ဟု SAC-M မှ Chris Sidoti က ပြောကြားထားပါတယ်။

လက်ရှိအခြေအနေအရ စစ်ဘက်ဆိုင်ရာဩဇာလွှမ်းမိုးတာတွေ ဆက်လက်တိုးပွားနေပြီး အရပ်ဘက်ဆိုင်ရာ နေရာတွေ သိသိသာသာ လျော့ကျလာနေတာကို တွေ့ရပါတယ်။ တော်လှန်ရေးကာလအတွင်းမှာတောင်မှ အရပ်ဘက်လူမှုအသိုင်းအဝိုင်း (Civic Space) များ ချဲ့ထွင်ရေး အာရုံစိုက်ဖို့ လိုပါတယ်။ ပါဝါလစ်ဟာမှုကို လျှော့ချပြီး ပြည်သူ့အုပ်ချုပ်ရေးကို မြှင့်တင်ဖို့နဲ့ ပြည်သူ့အရေးအရာတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်ညွှန်ကြား စီမံတာမျိုးကို လျှော့ချဖို့ လိုပါတယ်။

ပဋိပက္ခတွေအတွင်း နယ်မြေထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ လက်နက်ကိုင်အဖွဲ့များစွာ ရှိနေခြင်းဟာ မတည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။ မကြာခဏဆိုသလို အရပ်သားအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကျဆင်းသွားပြီး ပြည်သူ့အရေးအရာတွေမှာ လူထုပါဝင်မှု ကျဆင်းလာစေပါတယ်။ တနည်းအားဖြင့် စစ်ဘောင်ကျယ်လာပါမယ်။

စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက သူတို့ရဲ့ အာဏာလွှမ်းမိုးမှုကို ခိုင်မာဖို့ ကြိုးစားရင်း အရပ်သားတွေရဲ့ အုပ်ချုပ်မှုနှင့် ရပ်ရွာလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်မှုစွမ်းရည်တွေကို ကန့်သတ်ဖို့ကြိုးစားတာ သို့မဟုတ် ထိန်းချုပ်တာတွေ လုပ်လာနိုင်ပါတယ်။ ဒါဟာ အရပ်ဘက်ဘောင်ကျဥ်းလာပြီး စစ်ဘက်ဘောင်ကျယ်လာတာပါပဲ။

ဒီလို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံလာနိုင်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက ပြည့်သူ့ရေးရာတွေကို ချုပ်ကိုင်ပြီး လူ့အခွင့်အရေးကို မကြာခဏလျစ်လျူရှုတာ မတရားဖမ်းဆီးတာ နဲ့ တရားလက်လွတ်သတ်ဖြတ်တာတွေ ပြုလုပ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ တဆက်တည်း စစ်ဘက်ရေးရာတွေကို ဦးစားပေးတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ၊​ပညာရေးနဲ့ အခြားသော မရှိမဖြစ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အာရုံစိုက်မှုနည်းလာတာ ၊ အရပ်သားတွေရဲ့ နိစ္စဓူဝ အမြဲဖြစ်ပေါ်နေတဲ့ အခက်အခဲတွေအပေါ် လျစ်လျူရှုတာမျိုးတွေ ဖြစ်လာနိုင်တာ သတိချပ်ရပါမယ်။

အုပ်ချုပ်ရေးနဲ့ ဥပဒေစိုးမိုးမှုအားနည်းတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာမျိုးတွေ ဒါမှမဟုတ် အရပ်သားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် လက်နက်ကိုင်တွေက ခြယ်လှယ်မင်းမူတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီမှန်းဆချက်တွေဟာ စစ်ဘောင်ကျယ်လာရင် ဖြစ်လာနိုင်ချေတွေထဲက အပေါ်ယံလောက်ပဲ ဖြစ်ပါတယ်။

အချက်အလက်ကိန်းဂဏန်းတွေအရ အရပ်သားအင်စတီကျူးရှင်းတွေ အားကောင်းတဲ့ နေရာတွေမှာ လူသားဖွံ့ဖြိုးမှုနဲ့ စီးပွားရေး တည်ငြိမ်မှု ပိုအားကောင်းတယ်လို့ ဆိုပါတယ်။ အရပ်သားတွေပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းတဲ့ အုပ်ချုပ်မှု ပုံစံတွေကသာ ပဋိပက္ခနဲ့ ၎င်းပဋိပက္ခရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေနိုင်တယ်လို့ သုတေသနစာတမ်းတွေက မီးမောင်းထိုးပြတာရှိပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် စစ်အုပ်ချုပ်ရေးလွှမ်းမိုးတဲ့ ဒေသတွေဟာ ကာလကြာ မတည်ငြိမ်မှုနဲ့ လူစားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဒီမိုကရေစီဘက်တော်သားတွေဟာ စစ်ကောင်စီကို တော်လှန်ရင်းနဲ့ တပြိုင်တည်း အရပ်ဘက်ဘောင်ချဲ့ဖို့လိုပါတယ်။ ပဋိပက္ခအတွင်း စစ်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပြည်သူ့အသံ နားထောင်ဖို့လိုပါတယ်။ ပြည်သူ့အင်စတီကျူးရှင်းတွေ တည်ဆောက်တာ အုပ်ချုပ်ရေး ပြည်သူ့ရေးရာတွေမှာ ပြည်သူတွေရဲ့ ပါဝင်မှုကို မြှင့်တင်ပေးဖို့ လိုပါတယ်။

ဒေသန္တရခေါင်းဆောင်တွေ၊ ဒေသန္တရအုပ်ချုပ်ရေးဖွဲ့စည်းပုံတွေ အားကောင်းလာဖို့၊အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဥ်တွေကို မြှင့်တင်ဖို့ ပြင်ဆင်ရပါမယ်။ အသွင်ကူးပြောင်းရေကာလ တရားမျှတမှုနဲ့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေအတွက် အခုကတည်းက အားထုတ်ထားဖို့လိုပါတယ်။ ဒီလိုလုပ်တဲ့ နေရာမှာ လူထုအသံကို အာရုံစိုက်ဖို့ အခရာကျပါတယ်။ အရပ်ဘက်ဘောင်ချဲ့ထွင်ခြင်းဖြင့် ပိုမိုခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခကာလတွေ ပရမ်းပတာ အခြေအနေတွေမှာ လိုအပ်တဲ့ လုံခြုံရေးကိစ္စတွေ ကို အမိန့်အာဏာ စည်းမျဥ်းတွေနဲ့ လက်နက်ကိုင်တွေက ထိန်းချုပ်တာ၊ လက်နက်ကိုင်တွေက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပံ့ပိုးတာလုပ်ဖို့ လိုတယ်လို့ အချို့က ငြင်းကြခုံကြတာလည်းရှိပါတယ်။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လိုချင်ရင်တော့ အရပ်ဘက်အဖွဲ့တွေ အားကောင်းဖို့ တနည်း အရပ်ဘောင်ကျယ်ဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုရပါမယ်။

ရေရှည်တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်မှုတွေကို လက်နက်နဲ့ တည်ဆောက်လို့ မရပါ။ အောက်ခြေလူထုလှုပ်ရှားမှုတွေ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ အားကောင်းလာဖို့ ၊ နောက်တစ်ဆင့်အနေနဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာ ဒေသနေလူထု ပါဝင်ဖို့ အခွင့်အာဏာပေးရပါမယ်။ အရပ်ဘက်ဆိုင်ရာနေရာတွေကို ဦးစားပေးပြီး အရပ်ဘက်ရေးရာတွေမှာ စစ်ဘက်ပါဝင်မှုကို လျှော့ချမည့် မူဝါဒများကို တော်လှန်ရေးကာလကတည်းက ချမှတ်ထားရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

ဝီးဂျား

The Tanintharyi Times