အဂတိလိုက်စားမှု သံသရာကို ဘယ်လိုဖြတ်တောက်ကြမလဲ

အဂတိလိုက်စားမှု သံသရာကို ဘယ်လိုဖြတ်တောက်ကြမလဲ

အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ ရွှေပြည်ကြီးဟာ စနစ်ဆိုးနဲ့အတူ အရိုးစွဲနေတဲ့ အကျင့်ဆိုးကြီးတစ်ခု ရှိပါတယ်။ အဲဒီအကျင့်ဆိုးကြီးဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးမှာ အတွင်းလှိုက်စားရုံတင်မကပဲ သွေးပြည်တယိုယိုနဲ့ အပုပ်နံ့တွေ လှိုင်လှိုင်ထနေတာ ကြာလှပါပြီ။ အဲဒါကတော့ “အဂတိလိုက်စားမှု” ပါပဲ။

အဂတိလိုက်စားမှုလို့ဆိုရင် “လာဘ်စားမှု”ကို မျက်စိထဲ တန်းမြင်ကြပါတယ်။ “အကျင့်ပျက်ခြစားတယ်” ဆိုတာ ရလာတဲ့ ရာထူး၊ နေရာကို အသုံးချပြီး မတရားတဲ့နည်းနဲ့ ကိုယ်ကျိုးစီးပွားရှာတာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဆိုးကြီးကို မပြုပြင်နိုင်ကြဘူးဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်တည်ဆောက်ရေးမှာ ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေမှာ အမှန်ပါ။

လာဘ်စားမှုလို့ပြောပြော၊ အကျင့်ပျက်ခြစားမှုလို့ဆိုဆို အဲဒီအကျင့်ဆိုးကြီးဟာ မြန်မာပြည်ရဲ့ နေရာအနှံ့အပြားမှာ အားကောင်းမောင်းသန် အမြစ်တွယ်နေတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ အကျင့်ဓလေ့တစ်ခု အမြစ်တွယ်မှု ဘယ်လောက်အထိ အားကောင်းသလဲ ဆိုတာကို လူထုကြားထဲ ပျံ့နှံ့နေတဲ့ ဆိုရိုးစကား၊ ပုံပြင်ဝတ္ထုတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

“ငွေများ တရားနိုင်”၊ “အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား” စတဲ့ စကားပုံတွေက ကျွန်မတို့ လူမှုအဖွဲ့အစည်းမှာ သိပ်သိပ်သည်းသည်း နေရာယူထားခဲ့တာ တွေ့ရမှာပါ။ ကောသလမင်းကြီးရဲ့ အိပ်မက် ၁၆ ချက် ပုံဝတ္ထုထဲက ပဉ္စမမြောက် အိပ်မက်ဖြစ်တဲ့ “ခံတွင်းနှစ်ခွ မြင်းလှရာဇာ၊ ကျွေးကျွေးသမျှ မဝနိုင်ပါ၊ မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား တရားစီရင်မှာ” ဆိုတဲ့ စာချိုးလေးကလည်း မြန်မာတွေရဲ့ စိတ်ထဲမှာ စွဲထင်နေပြီး ဒါဟာ တရားစီရင်ရေးမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဖြစ်တစ်ခုအနေနဲ့ လက်ခံထားကြတာက များပါတယ်။

လာဘ်စားမှုတွေအကြောင်း ကြားရဖန်များလာတဲ့အခါ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ “အမြီးပေါက်သူ” ဝတ္ထုတိုလေးကို သတိရသွားမိတယ်။ ဇာတ်လမ်းက ရိုးရိုးလေး။ ရုံးစာရေးတစ်ယောက်က လာဘ်စားမိလို့ အမြီးပေါက်လာသတဲ့။ တရုံးလုံးမှာ သူတစ်ယောက်ပဲ အမြီးပေါက်တယ် ထင်ပြီးတော့ ရှက်ရှက်နဲ့ အမြီးကိုဝှက်ထားရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တနေ့မှာ အချင်းချင်း တိုးတိုးပြောကြရင်းနဲ့ ဟိုလူလည်း အမြီးပေါက်နေ၊ ဒီလူလည်း အမြီးပေါက်နေ၊ နောက်ဆုံး အမြီးပေါက်သူဟာ တရုံးလုံး ဖြစ်နေတာ သိလိုက်ရသတဲ့။

ဒီဝတ္ထုလေးကို အထက်တန်းကတည်းက သိခဲ့ပေမယ့် လာဘ်စားမှုတွေကို တွေ့မြင်ရတဲ့ အခါတိုင်း ပြန်သတိရပြီး တယ်မှန်ပါလားလို့ တွေးမိသလို စိတ်မကောင်းလည်းဖြစ်၊ ဒီအဖြစ်မျိုးတွေ အဆုံးသတ်အောင် ဘယ်လို လုပ်ကြရမလဲလို့ တွေးမိတာ ခဏခဏပါပဲ။

ပုံဝတ္ထုတွေ၊ စာချိုးတွေ၊ ဆိုးရိုးစကားတွေဟာ လူအဖွဲ့အစည်းရဲ့ ဖြတ်သန်းနေတဲ့ ပုံရိပ် အခြေအနေမှန်ကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ အရာတွေပါ။ မြန်မာပြည်ရဲ့ ရုံးပြင်ကန္နား ဌာနဆိုင်ရာတွေမှာ လာဘ်စားမှု ဘယ်လောက်အထိ ပြန့်ပွားနေသလဲ ဆိုတာကို ဒီစာချိုး ပုံဝတ္ထုတွေက သက်သေပါပဲ။ မကောင်းတဲ့ အကျင့်ဓလေ့တွေကို လက်ခံကျင့်သုံးလာတာ အချိန်ကာလကြာသွားတဲ့အခါ မကောင်းမှုနဲ့ နေသားကျလာပြီး အမှားကို အမှန်လို့ ထင်မြင်မိသွားတတ်ကြတယ်။ ဒီလိုအမှားကို အမှန်ထင်ပြီး လက်ခံကျင့်သုံးမှု များလာတာနဲ့အမျှ အမှားကို အမှန်ပြင်ဖို့ ပိုပိုပြီး ခက်ခဲလာတော့တယ်။

မြန်မာပြည်မှာ လာဘ်စားမှု အကျင့်ဓလေ့ ဘယ်လောက်အထိ အရိုးစွဲနေသလဲဆိုရင် ဒါကို မကောင်းမှုလို့ မမြင်ကြတော့တဲ့ အထိပါပဲ။ တခါကကျွန်မအသိ ကျောင်းဆရာမတစ်ယောက်က ပြောတယ်။ “အောက်ဆိုဒ်ဝင်ငွေဆိုတာ နေရာတိုင်းလက်ခံနေကြတာ၊ ဒါကမထူးဆန်းဘူး” တဲ့။

သူရာထူးတိုးဖို့အတွက် ပိုက်ဆံအများကြီး အကုန်ခံထားရလို့ သူ့ဆီပြန်ဝင်လာသမျှကို တရားဝင် မဝင် မစဉ်းစားတော့။ လာဘ်ပေးလာဘ်ယူတာကို မကောင်းမှုလို့ မတွေးတော့ပဲ ဖြစ်ရိုးဖြစ်စဉ် လုပ်သင့်တဲ့အရာလို့ပဲ သဘောထားတော့တယ်။

ဒီမိုကရေစီ အချိုးအကွေ့လို့ ကြွေးကြော်ခဲ့တဲ့ ဆယ်စုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်နေပါတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ကော်မရှင်တွေဖွဲ့၊ ဥပဒေတွေပြဌာန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း စတာတွေ မျိုးစုံလုပ်ခဲ့ကြတယ်။

ကုလသမဂ္ဂရဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သဘောတူညီချက် (UNCAC) ရဲ့ ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၂ ခုနှစ်မှာ ဝင်ရောက်ခဲ့တယ်။

ဒီလိုလုပ်ခဲ့ကြပေမယ့် မြန်မာပြည်ရဲ့ လာဘ်စားမှု ညွှန်းကိန်းကို ကြည့်ရင် အနာတခြား ဆေးတခြား ဖြစ်နေတာကို တွေ့ရမှာပါ။ နှစ်စဉ် ဒီဇင်ဘာ (၉) ရက်နေ့ရောက်တိုင်း “ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့” အခမ်းအနားကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြတာနဲ့အတူ အကျင့်ပျက်ခြစားမှုတွေကလည်း နေရာတိုင်းမှာ အပုပ်နံ့လှိုင်လှိုင်နဲ့ တွေ့နေရမြဲပါပဲ။

၂၀၂၁ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားပြီးနောက်မှာ အကျင့်ပျက်ခြစားမှု အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့တယ်။ အကြမ်းဖက်အုပ်စုနဲ့ အပေါင်းပါတို့က ပြည်သူတွေအပေါ် ဓါးပြတိုက်သလိုပဲ ခြိမ်းခြောက်ငွေညှစ်တာ၊ မတရားဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေကို အမြဲလိုလို ကြားနေရတယ်။ အဓမ္မဘက်တော်သားတွေဖြစ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ရသမျှ အထုပ်ပိုက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားကြတော့တယ်။

ကျွန်မရဲ့ ပတ်ဝန်းကျင်မှာဆိုရင် ရဲတွေက ပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးသွား၊ သူတို့သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်း မရှိရှိရာ ရှာကြံပြီး ရွေးနှုတ်ရတဲ့ အဖြစ်မျိုးက ခဏခဏပါပဲ။ သာမန်ရဲဝန်ထမ်းတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေဟာ နေ့ချင်းညချင်း ဒီရေအလားတိုးပွားလာတာ မမြင်ချင်မှ အဆုံး။ အရာရှိ အရာခံတွေဆိုရင် ဘယ်လောက်အထိ အထုပ်ပိုက်မိမလဲဆိုတာ ခန့်မှန်းလို့တောင် မရပါဘူး။

World Economics ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ၂၀၂၂ ဒေတာအရ ကမ္ဘာ့နိုင်ငံ ၁၅၀ ကျော်ထဲက အဂတိလိုက်စားမှု ညွှန်းကိန်းကို ၁ ကနေ ၁၀၀ အထိ သတ်မှတ်ထားပါတယ်။ အညွှန်းကိန်း ၁၀၀ ရတဲ့နိုင်ငံက အဂတိလိုက်စားမှု အကင်းရှင်းဆုံးနိုင်ငံဖြစ်ပြီး၊ အညွှန်းကိန်းနံပါတ် နိမ့်ကျသွားလေလေ အဂတိလိုက်စားမှု ပိုများလေလေ ဖြစ်ပါတယ်။

ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်၊ နော်ဝေး နိုင်ငံတို့ဟာ ကမ္ဘာ့အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံတွေဖြစ်ကြတယ်။ ယီမင်၊ လစ်ဗျား၊ ဟေတီ နိုင်ငံတို့က ကမ္ဘာ့အဆိုးရွားဆုံး အဂတိလိုက်စားမှုပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းဟာ ၂၅.၆ ရှိပြီး၊ ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံကနေ စတင်ရေတွက်ရင် နံပါတ် ၁၄ မှာ ရှိနေပါတယ်။ ဒီကိန်းဂဏန်းတွေက လက်လှမ်းမီသမျှ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေဖြစ်လို့ တကယ့်မြေပြင်အခြေအနေမှာ ဒီထက်ပိုမိုဆိုးရွားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ လာဘ်စားမှု သံသရာဟာ မုန့်လုံးစက္ကူကပ်သလို လုံးလည်ချာလည်လိုက်ပြီး လက်ဖက်ရည်ဖိုး၊ ကွမ်းယာဖိုးကစလို့ အထုပ်အထည်ကြီးကြီးနဲ့ ကန်တော့ရတာအဆုံး နေရာတိုင်းလိုလိုမှာ တွေ့နေရတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာပါလဲ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ဘာတွေလုပ်ဆောင်ကြရမှာပါလဲ။

သုတေသန စစ်တမ်းတွေကတော့ ဝန်ထမ်းလခ မလုံလောက် နည်းပါးလွန်းတာ၊ ပုံမှန်ဝင်ငွေကောင်းတစ်ခုရဖို့အတွက် အလုပ်အကိုင်နဲ့ လူမှုရေးအခြေအနေ အခွင့်အလမ်း မကောင်းတာ၊ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အားကိုးလို့မရပဲ အာဏာရှင်စရိုက်ရှိတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး မီးစင်ကြည့် က,နေရတာ၊ လာဘ်ပေးလာဘ်ယူလုပ်လို့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူမခံရတာ စတဲ့ အချက်တွေက လာဘ်စားမှုကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတွေလို့ ဆိုပါတယ်။

ကျွန်မတို့ ရွှေပြည်ကြီးဟာ အဲဒီအချက်အလက်တွေ အားလုံးနဲ့ အကျုံးဝင်နေခဲ့တာ ဝမ်းနည်းစရာ တွေ့လိုက်ရတယ်။ တော်လှန်ရေးအောင်မြင်ပြီးလို့ တိုင်းပြည်တည်ဆောက်ရေး ကာလရောက်တဲ့အခါ အဂတိလိုက်စားမှု ဖြစ်စေတဲ့ အကြောင်းရင်းကို ကြိုးစားပြုပြင်ကြမယ်လို့ မျှော်လင့်မိပါတယ်။

တကိုယ်ကောင်းဆန် အတ္တကြီးပြီး ကိုယ့်ဖို့တဖို့တည်းကြည့်တဲ့ အာဏာရှင်အကျင့်စရိုက်နဲ့စနစ်ဆိုးကို ဖြိုဖျက်ကြတာနဲ့အတူ အဂတိလိုက်စားမှု ပပျောက်ဖို့ကိုလည်း ဝိုင်းဝန်းကြိုးစားကြဖို့ အလွန်အရေးကြီးပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ သုတေသန စစ်တမ်းတွေအရ အဂတိလိုက်စားမှုကြောင့် နှစ်စဉ်ကမ္ဘာပေါ်မှာ ဆုံးရှုံးမှု Global Lost ဒေါ်လာ ၂.၆ ထရီလီယံကျော် ရှိပြီး၊ ဒီပမာဏဟာ ကမ္ဘာ့ GDP ရဲ့ ၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ အဂတိလိုက်စားမှုဟာ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများစွာရဲ့ အရင်းအမြစ်တစ်ခု ဖြစ်သလို ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အဟန့်အတားဖြစ်စေတဲ့ အရင်းခံပြဿနာတရပ်လည်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှု ပပျောက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်၊ စည်းနှောင်အားကောင်းတဲ့ တရားဥပဒေ၊ မျှတမှန်ကန်တဲ့ တရားစီရင်ရေးစနစ် စတာတွေကလည်း အရေးကြီးသလို ပြည်သူတစ်ဦးချင်းစီရဲ့ မှားယွင်းတဲ့ခံယူချက်၊ မှားယွင်းတဲ့ အကျင့်ဓလေ့တွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။

လာဘ်ပေးလာဘ်ယူတာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်၊ လူ့ဂုဏ်သိက္ခာ ကျဆင်းတဲ့အလုပ်၊ ရှက်ကြောက်ရမယ့်အလုပ်လို့ တစ်ဦးချင်းစီရဲ့ စိတ်နှလုံးမှာ ခံယူထားမယ်။ အုပ်ချုပ်ရေးစနစ်လည်း ကောင်းမွန်မယ်။ တရားဥပဒေ စိုးမိုးမှုလည်း ရှိမယ်ဆိုရင် အဂတိလိုက်စားမှုတွေ ပပျောက်ပြီး အားလုံးမျှော်မှန်းတဲ့ ငြိမ်းချမ်းလုံခြုံသော နေပျော်ဖွယ်ကောင်းသော လူ့အဖွဲ့အစည်းကို အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ။

ငြိမ်းပန်

The Tanintharyi Times