သမီးတို့ခေတ်

သမီးတို့ခေတ်

သမီးနဲ့ မောင်လေး အဘွားကြွယ်ရဲ့အိမ်ကနေ ပြန်လာတော့ လမ်းမှာ ဆရာမနဲ့ တွေ့တယ်။ ဆရာမက သူ့ဆွဲခြင်းလေးကို ဆွဲပြီး လာနေတာ။ ဆရာမ ကျောင်းဆင်းခဲ့ပြီ။

နေရောင်ခြည်ထိုးကျနေတဲ့ ဆရာမရဲ့ဆွဲခြင်းကလေးဟာ ဝင်းပနေတာကို အဝေးကနေပဲ မြင်နေရတယ်။

ဆရာမကို မြင်တော့ သမီးစိတ်ထဲမှာ ညှိုးငယ်သွားတယ်။ ပြီးတော့ ပြောပြလို့မရနိုင်တဲ့ ခံစားမှုတွေဖြစ်တယ်။ သမီးရဲ့ခန္ဓာကိုယ်ဟာ မဖျားပါဘဲနဲ့ တုန်နေသလိုမျိုး ခံစားနေရတာ။

ဆရာမအနားကို ရောက်လာတဲ့အခါကျရင် ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာကို စဉ်းစားလို့မရနိုင်ဘူး။ ခေါင်းလေးပဲ ငုံ့ပြီး အသာအယာလျှောက်သွားရမလား။ သမီး ဝေခွဲလို့ မရဘူး။

သမီးကျောင်းမသွားရတာ သုံးနှစ်ရှိပြီ။ သမီးကျောင်းသွားချင်တယ်။ တခြားသူငယ်ချင်းတွေလည်း သွားနေကြတယ်။ တချို့တစ်ယောက်နှစ်ယောက်ကတော့ သမီးလိုပဲ မသွားကြဘူးပေါ့။

ဒါပေမဲ့လည်း အခုကျတော့လည်း မသွားချင်တော့ပါဘူး။ စာတွေလည်း မေ့ကုန်ပြီ။ ပြီးတော့ သမီးရဲ့ ကျောင်းဝတ်စုံတွေလည်း အခုဆို မတော်တော့ဘူး။ နွမ်းလည်း နွမ်းသွားကြပြီ။

တကယ်လို့သာ သမီးကျောင်းတက်နေခဲ့ရရင် အခုဆို ခုနစ်တန်း။ ဒါပပေမဲ့ သမီးကို လေးတန်းမှာပဲ နေရမယ်လို့ ပြောကြတယ်။ အဲဒီလိုကတော့ သမီးရှက်တာပေါ့။ သမီးသူငယ်ချင်း အိအိတို့၊ မိသွယ်တို့က ခုနစ်တန်းတွေဖြစ်နေကြပြီကိုး။

သမီးကကျ သက်ဦးကိုတို့နဲ့ အတူတူဖြစ်နေမှာ။ သက်ဦးကိုကို သိတယ်မလား။ မောင်လေးနဲ့ ရွယ်တူလေ။ သမီးတို့အိမ်နားကပဲ။ သူက သမီးသုံးတန်းတုန်းက သူက KG တန်းပဲ ရှိသေးတာ။ အခု သူနဲ့အတူတူ တက်ရမယ်ဆိုတော့ ရှက်စရာကြီး။ ဟုတ်တယ်၊ မောင်လေးလည်း ကျောင်းမသွားရဘူး။ သမီးကတော့ မောင်လေးကို ကျောင်းသွားစေချင်တာပဲ။ အမေက မသွားရဘူးတဲ့။ အခုမှ ပြန်သွားရင်လည်း မောင်လေးလည်း ရှက်နေမလားပါပဲ။

မောင်လေးလည်း KG ပဲတက်ခဲ့ရတာ။ ဒါပေမဲ့ အမေရော၊ သမီးရောက သင်ပေးထားလို့ စာတွေတော်တော် ရေးတတ်၊ ဖတ်တတ်နေပြီ။ အင်္ဂလိပ်စာတော့ သမီးလည်း မသင်ပေးနိုင်ဘူး။ သင်္ချာရောပေါ့။

သိလား၊ သမီးတို့ရဲ့ သင်္ချာဆရာက အခုက ထောင်ထဲမှာတဲ့။ ဆန္ဒပြလို့ဆိုပြီး ဖမ်းလိုက်ကြတာ။ ဆန္ဒပြတာကတော့ အမေရော၊ အဖေရောပဲ၊ တခြားသူတွေရော အများကြီးမှ အများကြီးပါပဲ။ သက်ဦးကိုတို့ အဖေလည်းပါတာပဲ။ အဲဒီတုန်းကဆို လူတန်းကြီးကို ကြည့်ပြီး သမီးဖြင့် ကြက်သီးမွေးညင်းတွေ ထလိုက်တာ။

အရင်တစ်နှစ်တုန်းက အမေ့ကို သမီး မေးကြည့်ခဲ့မိတယ်။ သမီးတို့ကကျ ကျောင်းမသွားရဘဲ ဆရာမတွေကကျ သွားနေကြတာ၊ မတရားလိုက်တာ အမေလို့။ အဲဒီလိုပြောလိုက်တော့ အမေ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလာတယ်။ ပြီးတော့ သမီးကို ဆွဲဖက်ပြီး ငိုတော့တာပဲ။ ခေတ်ကိုက တရားတဲ့ ခေတ်မှ မဟုတ်တာပဲ သမီးရယ်လို့ အမေက ပြောတယ်။ အဲဒီနောက်တော့ သမီးလည်း အမေ့ကို ကျောင်းကိစ္စက ထပ်မပြောတော့ပါဘူး။

အမေ့ဆီကနေ မကြာမကြာကြားနေရတာကတော့ နိုင်ငံရေးမကောင်းနေလို့ အခုလိုဖြစ်နေတာဆိုတဲ့ စကားပဲ။ အမေဟာ အဲဒီစကားကို ခဏခဏ ပြောတယ်။ အဖေနဲ့ ဖုန်းပြောပြီးတဲ့အခါတွေမှာလည်း အဲဒီစကားမျိုးကို ကြားရပြန်တယ်။

အဖေလား။ အဖေက အဝေးဆီမှာ။ ဘယ်လောက်ဝေးတဲ့နေရာမှာလဲဆိုတာတော့ သမီးလည်း မသိဘူး။ ဟိုဘက်ကမ်းမှာလို့လည်း ပြောတာပဲ။ ဪ..မေ့လို့။ သမီးတို့ရဲ့ သင်္ချာဆရာ အဖမ်းခံလိုက်ပြီးတဲ့အခါ အဖေလည်း အိမ်ကနေ ထွက်သွားတော့တာပါပဲ။ အမေ့ကို မေးတော့လည်း အမေက မ‌ဖြေဘူး။

အိမ်အတွက် ပိုက်ဆံရဖို့ အလုပ်လုပ်နေတယ်လို့ပဲ ပြောတယ်။ ပြီးတော့ အဖေဟာ သမီးတို့တတွေ ကျောင်းပြန်တက်နိုင်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့လည်း တစ်ခါတစ်ခါ ပြောတယ်။ အဖေပြန်လာမှ ကျောင်းပြန်တက်တဲ့။

အဖေက တစ်ပတ်တစ်ခါလောက်တော့ ဖုန်းဆက်တယ်။ တစ်ခါတလေကျရင်တော့ ဗီဒီယိုကောလည်း ပြောရတယ်။ အဲဒီအခါကျရင် အဖေက သမီးဟာ အတော်တော်ထွားလာတာပဲလို့ချည်း ပြောတယ်။ အဖေကတော့ အသားတွေ ညိုမှောင်နေတာပဲ။ သူတို့ဆီမှာ အင်တာနက်လည်း မရတစ်ချက်၊ ရတစ်ချက်တဲ့။ တစ်ခါတစ်ခါကျ လနဲ့ချီကြာတဲ့အထိ အဖေက ဖုန်းမဆက်ဘူး။ ဖုန်းဆက်ချင်ရင် တောင်ပေါ်တက်တက်ပြီး ဆက်ရတယ်လို့လည်း ပြောတယ်။

အမေက‌ ပြောတယ်။ သူများတွေက မေးရင် အဖေက နယ်စပ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ပြန်ဖြေတဲ့။ ဒါဆို အဖေဟာ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတာဖြစ်မှာပဲ။ စက်ရုံဖြစ်ပြီး ဘာဖြစ်လို့ အင်တာနက်လိုင်းမရတာလဲတော့ သမီးနားမလည်ဘူး။ ပြီးတော့ အဖေက တခြားသူတွေလို အသားလည်း ဖြူမလာဘူး။

ဦးလေး ထွန်းမြင့်ဝေဆိုရင် စက်ရုံမှာ အလုပ်လုပ်ပြီးပြန်လာတော့ အသားတွေ ဖွေးလာတာပဲ။ စက်ရုံအလုပ်က နေပူထဲမှာမဟုတ်လို့ အသားဖွေးတယ်တဲ့။ ခြံထဲမှာအလုပ်လုပ်ရသလိုမျိုးလည်း မပင်ပန်းဘူးတဲ့။ သမီးလည်း ကြီးလာရင် အဲဒီမှာ သွားလုပ်ချင်တာပဲ။ မောင်လေးကတော့ အဖေပြန်လာရင် မုန့်တွေအများကြီးဝယ်ခဲ့ဖို့ပဲ ပြောပြောနေတယ်။

အဖေ ပိုက်ဆံရှာနေတယ်သာပြောတယ်။ အဖေ့ဆီကနေ တစ်ခါမှ ပိုက်ဆံလွှဲတာကို မတွေ့ရဘူး။ အရင်ကတော့ အဖေရော၊ အမေရော ရာဘာခြံမှာ အလုပ်လုပ်ကြတာ။ အခုတော့ အမေတစ်ယောက်တည်းပေါ့။

အမေက မနက်အစောကြီး ထမင်းထချက်၊ ပြီးရင် ချိုင့်နဲ့ ထည့်ယူသွား။ နေ့ခင်းမှာ သမီးက မောင်လေးကို ထိန်း၊ ရပ်ကွက်ထဲက အဘွားကြွယ်အိမ်ကို အလည်သွားပေါ့။

အဘွားကြွယ်က သနားစရာပဲ။ အခု တစ်ယောက်တည်းနေရတာ။

အဘွားရဲ့ မြေး မြတ်မင်းစိုးလေ။ သမီးထက် တစ်နှစ်ငယ်တယ်၊ သူက။ ဟိုတစ်ခါတုန်းက သမီးတို့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်တာလေ။ သမီးဖြင့် ကြောက်လိုက်တာ။ အဒီတုန်းက လေးယောက်သေသွားတာ။ မြတ်မင်းစိုးရော၊ သူ့အဖေရော၊ အမေရောပဲ။ သူတို့ဘေးနားကအိမ်က တစ်ယောက်ရော။ အိမ်လည်း တစ်ခြမ်းပြိုသွားတယ်။ တစ်ခြမ်းပြိုသွားတော့လည်း တစ်ဆောင်လုံးကို ဖြိုလိုက်ရတော့ပါပဲ။ အခု အဘွားက အိမ်သေးသေးလေးနဲ့ နေနေနရတာ။

အဘွားကြွယ်ဟာ သမီးတို့ အလည်လာရင် ပျော်တယ်တဲ့။ စကားတွေလည်း အများကြီးပြောတယ်။ ပုံပြင်တွေရောပဲ။ ဒါပေမဲ့ အဘွားကြွယ်က ပျော်တယ်သာပြောတယ်။ တစ်ခါတစ်ခါကျ ငိုနေပြန်ရော။ သမီးတို့ကို မြင်ရင် သူ့မြေးလေးကို သတိရလို့တဲ့။ အဲဒီအခါကျ သမီးလည်း ငိုချင်လာရောပဲ။ သမီးငိုတော့ မောင်လေးလည်း ငိုတာပေါ့။

သမီး အဲဒီလိုတွေလျှောက်တွေးနေတုန်းမှာပဲ ဆရာမက အနားကိုရောက်လာခဲ့ရော။

ဆရာမက နှုတ်ဆက်တယ်။ သမီးတို့ ဘယ်ကပြန်လာတာလဲတဲ့။ ဆရာမရဲ့ ဆွဲခြင်းလေးဟာ အသစ်ကလေးပဲ။ သမီး ကျောင်းတတ်တုန်းကဟာလေးမဟုတ်တော့ဘူး။ အဲဒါလေးက ဟောင်းသွားပြီလားတော့ မသိဘူး။ မှတ်မိသေးတယ်။ အဲဒီတုန်းကဆို ဆရာမရဲ့ ဆွဲခြင်းကို ခဏခဏ သမီးကူဆွဲပေးနေကျပဲ။ ပြီးတော့ ဆရာမပြုံးပြတာကြီးကလည်း တစ်မျိုးပဲ။ အရင်တုန်းကနဲ့ မတူတော့သလိုပဲ။

အဘွားကြွယ်အိမ်ကပါရှင်လို့ သမီးက ဆရာမကို ပြန်ပြောလိုက်တယ်။ သမီးရဲ့အသံဟာ တုန်နေသလား၊ ကြောက်နေသလား၊ အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ တစ်ခုခုပဲ။ ဆရာမဟာ ဘာမှတော့ ဆက်မမေးတော့ဘူး။ သူ့ဟာသူ ဆက်လျှောက်သွားတာ။ သမီးလည်း ဒီတော့မှ ရင်အေးသွားရတယ်။

လျှောက်လာနေရင်း အမေ့ရဲ့စကားအသံကို နားထဲမှာ ကြားနေရတာ။ ခေတ်ဟာ မတရားဘူးဆိုတာလေ။

ငြိမ့်လွင့်

The Tanintharyi Times