ဆောင်ပုဒ်အဖြစ်လား၊ လက်တွေ့လား
ဆောင်ပုဒ်အဖြစ်လား၊ လက်တွေ့လား
မြန်မာနိုင်ငံမှာ အကျယ်လောင်ဆုံး အော်ဟစ်တောင်းဆိုရင်း ပဲ့တင်ထပ်သလို အခါခါမြည်ဟီးနေဆဲဖြစ်ပေမဲ့ ဘယ်တုန်းကမှ အပြည့်အဝမရရှိခဲ့တာဟာ လူ့အခွင့်အရေးပါပဲ။ (ကမ္ဘာအဝှမ်းမှာလည်း အဲဒီအခွင့်အရေးအတွက် လက် ရှိ အချိန်ထိ တောင်းဆိုနေရဆဲပဲဖြစ်ပါတယ်။)
ကမ္ဘာကြီးမှာ စစ်မက်ဘေးနဲ့အတူဖြစ်လာတဲ့ အငတ်ဘေး၊ ရောဂါဘေး စတဲ့ ကပ်ကြီးသုံးပါး ဆိုက်ရောက်တာကို အကြောင်းပြုပြီး ဆင်ခြင်သုံးသပ်အဖြေရှာရင်း လူတိုင်းဟာ တန်းတူညီမျှအခွင့်အရေးရှိတယ်ဆိုတဲ့ ကုလသမဂ္ဂလူ့ အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ အတိအကျ ဆိုရရင် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ်နဲ့ တစ်နှစ်တည်း ဖြစ်တည်လာတဲ့ အဆိုပါ အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ များစွာသော စိန်ခေါ်မှုတွေကြားမှာပဲ အရင်းအနှီးပေါင်းများစွာနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ လူသတ္တဝါမှန်သမျှ တူညီတဲ့လွတ်လပ်မှု၊ တရားမျှတမှု၊ လုံခြုံမှုစတဲ့ အခွင့်အရေးတွေကို ခံစားခွင့်ရှိတယ်။ လူတိုင်းဟာမွေးဖွားလာချိန်ကစပြီး အခွင့်အရေးအတူတူနဲ့ တစ်သက်တာလုံး နေမှုထိုင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှုတွေတူညီစွာ ရရှိမှာဖြစ်တယ်။ လူသတ္တဝါအချင်းချင်း နှိပ်စက်ညှဉ်းပမ်းမှု၊ ချုပ်ချယ်မှု၊ နိုင်ထက်စီးနင်းပြုမှု တွေကို တားမြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။ အဆိုပါ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုလက်မှတ်ရေးထိုး ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် ကို လူ့အခွင့်အရေးနေ့အဖြစ် ကမ္ဘာကြီးတစ်ခုလုံးက သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွက် အဲဒီကြေညာစာတမ်းက ညွှန်းဆိုထားခဲ့တဲ့ လူ့အခွင့်အရေးဆိုတာဟာ (လွတ်လပ်ရေး နည်းတူ) နှစ်သာကြီးရင့်လာပြီး အနှစ်သာရမရှိတဲ့ ကျီးအာသီးလို ဖြစ်နေခဲ့တာ အမှန်တရားတစ်ခုပါပဲ။ လွတ်လပ်ရေး ရပြီးနောက်ကတည်းက ကမ္ဘာပေါ်မှာ အရက်စက်၊ အချုပ်ချယ်ဆုံး စစ်အာဏာရှင်စနစ်ကို ဖြတ်သန်းလာခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အကြောင်းကို ကျယ်ကျယ်လောင်လောင် အသံထွက်ခွင့်မရခဲ့ပါဘူး။ အဲဒီအစား အဆိုးရွားဆုံးလူ့အခွင့်အရေးချိုး ဖောက်မှုတွေပဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ပညာရှင်တချို့ရဲ့ သုတေသနပြုချက်အရ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင်လက်အောက်နေထိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်တွေ အားလုံးနီးပါး ချိုးဖောက်ခံခဲ့ရသလို အသက်ရှင်ပိုင်ခွင့် အပါအဝင် အဆိုးရွားဆုံးချိုးဖောက်ခံရတဲ့ အချက်ငါးချက်ရှိခဲ့တာပဲဖြစ်ပါတယ်။
အပိုဒ်ပေါင်း ၃၀ ပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ လူတိုင်းဟာ အသက်ရှင်ပိုင်ခွင့် ၊ လွတ်လပ်စွာ အသက်မွေးဝမ်းကြောင်းခွင့်နဲ့ ဘဝလုံခြုံခွင့်ရှိတယ်လို့ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။
အသက်ရှင်ပိုင်ခွင့်ဟာ လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးတစ်ခုပါပဲ။ ။ လူတစ်ယောက် အတွက် အခြေခံအကျဆုံးသော ရပိုင်ခွင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်မှာ မြန်မာပြည်သူလူထုဟာ အဲဒီအခြေခံအကျဆုံးသော အခွင့်အရေးကိုတောင် ဆိုးဆိုးရွားရွား အချိုးဖောက်ခံခဲ့ရ ၊ ခံနေရဆဲ ဖြစ်ပါတယ်။
အတိတ်သမိုင်းကြောင်းက အဖြစ်အပျက်တွေဟာ ဥပမာအဖြစ်ညွှန်းဆိုဖို့ ဝေးကွာနေတယ်ဆိုရင် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အာဏာရှင်စနစ်လက်အောက် ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ရုပ် အလောင်းအဖြစ်သာ မိသားစုက မြင်ခွင့်ရလိုက်တဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်ပိုင်ခွင့်အပေါ်ချိုးဖောက်ခံရမှု ဖြစ် ရပ်တွေဟာ ပူပူနွေးနွေးရှိနေတုန်းပါပဲ။
အာရှလူ့အခွင့်အရေးနဲ့တိုးတက်ရေးအဖွဲ့က အခုနှစ် ဇွန်လထဲ ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်အခံရဆုံး နိုင်ငံအဖြစ် မှတ်တမ်းဖော်ပြခဲ့ပါတယ်။ ဒါဟာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အခြေအနေကို ညွှန်းဆိုဖော်ပြခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုး ဖောက်မှုပေါင်း ၂၀၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
တကယ့် တကယ်တမ်းမှာတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ၂၀၁၀ ခုနှစ်မတိုင်မီထိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ အဆိုးရွားဆုံး အဝါရောင်အဆင့်မှာ ရှိတည်နေခဲ့ပြီး အဲဒီအဝါရောင်အဆင့် သုည ဒသမ တစ်တစ် ( ၀.၁၁ ) ကနေ သုည ဒသမ တစ်လေး (၀.၁၄) အဆင့်တွေမှာသာ အညွှန်းကိန်းတည်နေခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၀ ခုနှစ် အတွင်းကာလတွေမှာ အညွှန်းကိန်းဟာ သုညဒသမတစ်တစ် (၀.၁၁) ကနေ သုညဒသမ လေးခြောက် (၀.၄၆) အဆင့်ထိ မြင့်တက်လာခဲ့ပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးဖြစ်တဲ့ အဝါရောင်အဆင့်ကနေ မလွတ် မြောက်ခဲ့ပါဘူး။
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၅ မှာ ဘယ်သူမှ လူတိုင်းအပေါ် မတရားညှင်းပမ်းနှိပ်စက်ခွင့်မရှိလို့ ဆိုထားပြီး အပိုဒ် ၆ မှာ လူတိုင်းဟာ ဥပဒေရဲ့ အကာအကွယ်ကို ဘယ်နေရာမှာမဆို တန်းတူညီမျှ ခံစားခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ အပိုဒ် ၁၇ မှာ လူတိုင်းဟာ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ရှိပြီး ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဘယ် သူမှ ယူဆောင်ခွင့်မရှိစေရလို့ ဆိုထားပါတယ်။
အပိုဒ် ၁၉ မှာ လူတိုင်းဟာ လွတ်လပ်စွာတွေးခေါ် ပြောဆိုပိုင်ခွင့်ရှိတယ်လို့ ဆိုထားပြီး အပိုဒ် ၂၀ မှာ လူတိုင်းဟာ ကန့်ကွက်ဆန္ဒပြမှုကို အေးချမ်းစွာလုပ်ဆောင်ခွင့် ၊ ပါဝင်ခွင့်ရှိတယ် လို့ ဆိုထားတာဖြစ်ပါတယ်။
ဒါတွေဟာ လူ့အခွင့်အရေးနေ့လို့ သတ်မှတ်မှုဖြစ်လာစေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်တွေထဲက ထင်သာမြင်သာဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်၊ တားမြစ်ချက်တွေကို ညွှန်းဆိုပြတာပဲဖြစ်ပါ တယ်။
ဘာကြောင့်လဲဆိုရင် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ခေတ် အဆက်ဆက်က စစ်ခေါင်းဆောင်အာဏာရှင်တွေဟာ ပြည်သူလူထုအပေါ်မှာ ဘယ်လိုတောင် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတာကို သိသာစေလိုတာကြောင့်ဖြစ်သလို လူထုအနေနဲ့လည်း လူ့အခွင့်အရေးဆိုတာရဲ့ စစ်စစ်မှန်မှန် ရပိုင်ခွင့် အကြောင်းတ ရားတွေကို နားလည်စေ့ငုနိုင်စေဖို့ဖြစ်ပါတယ်။
အခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်က Freedom, Equality and Justice for All ( လူတိုင်းအတွက် တရားမျှတမှု ၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှု) ဆိုတာပဲဖြစ်ပါ တယ်။ အနှစ်သာရ ပြည့်ဝတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်ပြီး ဒါဟာ လူတိုင်းအတွက် အခြေခံရပိုင်ခွင့်ဖြစ်သော အကြောင်း တရားလည်းဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ လူ့အခွင့်အရေးရဲ့ ပင်မကျောရိုးတိုင်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က ကြီးစိုးထားတဲ့ ခေတ်စနစ်အောက် အမှောင်ကမ္ဘာမှာ ရှင်သန်နေရတဲ့ မြန် မာလူထုဟာ တရားမျှတမှု၊ တန်းတူညီမျှမှု ၊ လွတ်လပ်မှုဆိုတာတွေကို စကားလုံးတွေအဖြစ်သာ မြင်တွေ့နေခဲ့ရပြီး လက်တွေ့ခံစားရပိုင်ခွင့်ဆိုတာ ဒဏ္ဍာရီလာပုံပြင်ပမာ ရှိနေဆဲ ဖြစ်ပါတယ်။ လူတိုင်းဟာ နေ့စဉ် မျိုးစုံသောလူ့အ ခွင့်အရေးချိုးဖောက်ခံရမှုကို ရင်ဆိုင်ဖြတ်ကျော်နေရဆဲဖြစ်ပါတယ်။
ဒီနေရာမှာ လူ့အခွင့်အရေးဆိုတာဟာ အုပ်ချုပ်သူလူတန်းစားရဲ့ စနစ်ကိုအကြောင်းပြုပြီး ချိုးဖောက်ခံရတာ၊ ချိုး ဖောက်မခံရတာမျိုး ကွဲပြားတယ်လို့ ကောက်ချက်စွဲမထားစေချင်ပါဘူး။ ဥပမာ အာဏာရှင်စနစ်က လူ့အခွင့်အရေး ချိုး ဖောက်တယ် ၊ ဒီမိုကရေစီစနစ်က လူ့အခွင့်အရေးခံစားရရှိတယ် ဆိုတာမျိုး တရားသေလက်ကိုင်မထားဖို့ပါပဲ။

တကယ်တော့ လူ့အခွင့်အရေးဆိုတာဟာ စနစ်ရဲ့အောက်မှာ မမှီတည်ပါဘူး။ လူ့အခွင့်အရေးဆိုတာဟာ လူတိုင်း ရဲ့အပေါ်မှာပဲ မှီတည်တဲ့ အကြောင်းတရားပါပဲ။ လူတိုင်းနဲ့သက်ဆိုင်တဲ့ နိစ္စဓူဝ ကိစ္စရပ်ပါပဲ။
မျှော်လင့်စောင့်စားနေဖို့ အကြောင်းမဟုတ်ပါဘူး။ လူတိုင်းအခွင့်အရေးအတွက် လူတိုင်းတောင်းဆိုတိုက်ပွဲဝင်နေရမယ့် အရာပါပဲ။ အဲဒီလိုမှမဟုတ်ရင် လူတိုင်းအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှု ဆိုတာတွေဟာ လက်တွေ့ဖြစ်မလာဘဲ ဆောင်ပုဒ်တွေအဖြစ်သာ ထာဝရရှိနေမှာ အသေအချာပါပဲ။
မာအောင်
The Tanintharyi Times
