ရနောင်းအချုပ်ခန်းကပြန်လွတ်လာတဲ့ ထားဝယ်လူငယ်အမျိုးသမီးနဲ့ အင်တာဗျူး

ရနောင်းအချုပ်ခန်းကပြန်လွတ်လာတဲ့ ထားဝယ်လူငယ်အမျိုးသမီးနဲ့ အင်တာဗျူး

စစ်ကောင်စီက စစ်မှုထမ်းဥပ‌ဒေတည်ပြုကြောင်း ကြေညာပြီး‌နောက်မှာ မြန်မာနိုင်ငံက လူငယ်အများအပြားဟာ အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို တရားဝင်လမ်းကရော တရားမဝင်လမ်းက ထွက်ခွာခဲ့ကြပါတယ်။ အဲဒီအချိန် ထိုင်းအာဏာပိုင်တွေဘက်ကလည်း တရားမဝင် ဝင်ရောက်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ တင်းကြပ်ခဲ့ပါတယ်။ အဲဒါကြောင့် တရားမဝင်လမ်းက ဝင်ရောက်သူတချို့ဟာ ကံဆိုးစွာနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။

အသက ၂၀ ဝန်းကျင်အရွယ် ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးလည်း စစ်မှုထမ်းဥပဒေအတည်ပြုပြီး တစ်လအကြာမှာ ထိုင်းကိုတရားမဝင်လမ်းကသွားတဲ့အချိန် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အချုပ်ခန်းမှာ ၄၅ ရက်ကြာချုပ်နှောင်ခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရပါတယ်။

သူဘယ်လိုပုံစံ အဖမ်းခံခဲ့ရလဲ။ အချုပ်ခန်းထဲမှာ ဘာတွေကြုံခဲ့ရလဲဆိုတာနဲ့ ဘယ်လိုပြန်လွတ်မြောက်လာတာလဲဆိုတာတွေကို ဒီတစ်ပတ်ရဲ့တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး - ပထမဆုံးအနေနဲ့ ထိုင်းမှာ ဘယ်လိုအဖမ်းခံခဲ့ရတယ်ဆိုတာပြောပြပေးပါလား။
ဖြေ - ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ ဝင်မိတော့ လမ်းမှာတားပြီး အဖမ်းဆီးခံလိုက်ရတာပါ။ အဖမ်းခံရတဲ့နေ့က ရနောင်းမြို့ကနေတဆင့် ကော့စမွေကျွန်းကိုသွားတာပါ။ ရနောင်းမှာ လာကြိုတဲ့သူက လှေငယ်ဆိပ်တခုမှာပို့ခဲ့ပါတယ်။ လှေကို ၁ နာရီကျော်ကျော်လောက်စီးပြီး ကမ်းတခုကို ရောက်ပါတယ်။ အဲဒီကမ်းကနေတဆင့် ကားပြန်စီးတော့ ၁၅မိနစ်လောက်ဘဲ စီးရသေးတယ်။ ဇူဇလန်(Suk san ram) ရဲစခန်းအနားမှာ အဖမ်းခံလိုက်ရပါတယ်။ အဖမ်းခံရတဲ့နေ့က မတ်လ လကုန်ပိုင်းပါ။ တစ်ယောက်တည်းတော့မဟုတ်ပါဘူး တဝမ်းကွဲ အကိုတယောက်နဲ့ အတူတူ အဖမ်းခံ ရတာ။

မေး - အဖမ်းခံလိုက်ရပြီဆိုတာသိတဲ့အချိန် ခံစားချက်ကရောဘယ်လိုမျိုးဖြစ်သွားလဲ။
ဖြေ - အဖမ်းခံလိုက်ရတဲ့ခံစားချက်ကတော့ တော်တော်ကိုဆိုးတယ်။ အဖမ်းခံရပြီလို့သိတာနဲ့ ယူကြုံးမရဖြစ်ပြီး အရမ်းဝမ်းနည်းသွားခဲ့တယ်။ ပြီးတော့ထိုင်းမှာရှိတဲ့ ဦးဆီကို အကူအညီတောင်းပါတယ်။ တကယ်ပါ မငိုဘဲနဲ့ကျတဲ့မျက်ရည်ဆိုတာ အဲနေ့က ခံစားရတာပါပဲ။

မေး - ဖမ်းခံလိုက်ရပြီးတော့ ဘာဆက်ဖြစ်လဲ။ ထိုင်းစစ်တပ်နဲ့ရဲတွေက ဖမ်းမိတဲ့သူတွေကို ဆက်ဆံတဲ့ပုံစံကရော ဘယ်လိုမျိုးလဲ။
ဖြေ - အဖမ်းခံရပြီး ဇူဇလန်ရဲစခန်းကို ခေါ်သွားတယ်။ အချုပ်ထဲတန်းတော့ မထည့်သေးဘူး။ ရဲစခန်းရောက်တော့ဓာတ်ပုံရိုက်တယ်။ ပြီးတော့ အပေါ်ထပ်စစ်ဆေးတဲ့အခန်းကို ကားသမားကို ခေါ်သွားတယ်။ ကျမတို့ကိုတော့ အပြင်မှာထိုင်ခိုင်းခဲ့တယ်။ နာရီကတော့ ၂နာရီ ကျော်ကျော်
လောက်ကြာတယ်။ ကားသမားကိုစစ်ဆေးပီး လက်ဗွေနှိပ်ခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတယ်။ ဓာတ်ပုံရိုက်တယ်။ ကျမတို့အဖွဲ့ကိုလည်း အတူတူပဲ။ စစ်ဆေးမေးမြန်းတာတော့ အများကြီးမရှိပါဘူး။ ဘယ်ပွဲစားနဲ့လာလဲ။ ပိုက်ဆံဘယ်လောက်လဲ။ ရိုက်နှက်တာရှိလား။ အဲဒါတွေပဲမေးပါတယ်။ ရဲတွေ ဆက်ဆံတာတော့ ခက်ထန်တဲ့ ပုံစံတွေတော့မရှိပါဘူး။ တာဝန်အရ ဆိုတဲ့ သဘောမျိုးပဲ။

မေး - အချုပ်ခန်းထဲမှာရော ဘယ်လိုနေခဲ့ရလဲ။ အချုပ်ခန်းထဲမှာ လူဘယ်နှယောက်‌လောက်ရှိလဲ။
ဖြေ - အချုပ်ခန်းထဲမှာနေရတာကတော့ စားသောက်နေထိုင်အားလုံး စိတ်ဆင်းရဲရတယ်။ ဇူဇလန်အချုပ်မှာတော့ ကျား၊ မ မခွဲဘူး။ ဒါပေမဲ့ ၇ ရက်ပြည့်လို့ ရနောင်းအချုပ်ကို ပြောင်းရတယ်။ ရနောင်းအချုပ်မှာတော့ ကျား၊ မ ခွဲထားပါတယ်။ ဇူဇလန်အချုပ်မှာတော့ ကျား၊မ စုစုပေါင်း ၃၀ ဝန်းကျင်လောက်ရှိတယ်။ ရနောင်းအချုပ်မှာကတော့ ကျမတို့နေခဲ့တုန်းကလူပေါင်း ၃၇၀ ကျော်လောက်ရှိတယ်။

မေး - အစားအသောက်တွေက သူတို့ကျွေးတာလား၊ ဘယ်လိုစားသောက်ခဲ့ရလဲ။ ရေချိုးတာ မျက်နှာသစ်တာတွေရော ဘယ်လိုလုပ်ရလဲ။
ဖြေ - အစားအသောက်ကတော့ သူတို့ကျွေးတယ်။ မွန်းတည့် ထမင်းစားချိန်ဆိုရင် ကြက်သားနဲ့ ကျောက်ဖရုံသီး၊ ညနေပိုင်းဆိုရင် ကြက်သားနဲ့ရွှေဖရုံသီး နေ့စဥ်နဲ့အမျှ ကျွေးပါတယ်။ အဲဒါတွေ စားပြီး လေထိုးလေအောင့်တွေလည်း ဖြစ်ကြတယ်။ သူတို့ကျွေးတာ မစားနိုင်တော့ အိမ်က ရနောင်းမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်း ညီအကို မောင်နှမတွေကို အကူအညီတောင်းပြီး ပို့ပေးကြတာပေါ့။ ရေချိုးမျက်နှာသစ်ကလည်း သိပ်အဆင်မပြေပါဘူး။ ဇူဇလန်အချုပ်မှာဆို ကျား၊ မ ရောနေတော့ ရေချိုးခန်းဝင်ရတာ အဆင်မပြေဘူး။ တရက်နှစ်ရက်နေတော့ အတူတူအဖမ်းခံရတဲ့အကိုတွေက ကျမတို့ရေချိုးရင် အပြင်က စောင့်ပေးကြတယ်။ အဲဒီမှာနည်းနည်းတော့ အဆင်ပြေခဲ့ပါတယ်။ ရနောင်းအချုပ်မှာကျတော့ ကျား၊မ ခွဲထားတော့ပြသနာတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရေပြဿနာ အမြဲ ရှိတယ်။ ရေလုံလောက်မရကြပါဘူး။ ရေမချိုးရတဲ့နေ့တွေလည်းရှိကြတယ်။ အပူရှိန်ကလည်းပြင်း ရေကလည်းလုံလောက် မရတော့ အရေပြားရောဂါတွေလည်း ဖြစ်နေကြတယ်။

မေး - နောက်ထပ် ဘယ်လိုအဆင်မပြေတာတွေကြုံရလဲ။ အပြင်ကိုအကူအညီတောင်းတယ်ဆိုတော့ အထဲမှာဖုန်းတွေသုံးလို့ရလား။
ဖြေ - မိန်းကလေးတယောက်အနေနဲ့တော့ အဆင်မပြေမှုတွေအများကြီးဖြစ်ခဲ့ရတယ်။ လူတွေကလည်း အဖမ်းခံရတာချင်းအတူတူ နိုင်ထက်စီးနင်းလုပ်ကြတယ်။ သိပ်ကိုစိတ်ညစ်ဖို့ ကောင်းပါတယ်။ အိမ်နဲ့ဆက်သွယ်ကတော့ရပါတယ်။ ဖုန်းသုံးလို့ရလို့တော့မဟုတ်ဘူး။ အထဲမှာ ရိုဟင်ဂျာအမျိုးသမီးတွေ အဖမ်းခံထားရတယ်။ သူတို့က အမေရိကန်ရဲ့ထောက်ပံကြေးနဲ့ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေကြရတော့ သူတို့မှာဖုန်းရှိကြတယ်။ သိသာသိစေမမြင်စေနဲ့ ဆိုတဲ့အတိုင်း သုံးကြတယ်။ ဖုန်းပြောရတဲ့ စျေးနှုန်းက တနာရီကို ဘတ် ၁၀၀ ပေးရတယ်။ ကျမတို့ဖုန်းတွေက အဖမ်းခံရတဲ့ နေ့ကတည်းက သိမ်းလိုက်တာပါ။

မေး - စိတ်ပိုင်းဆိုင်ရာမှာဆိုရင်ရော ဘယ်လိုတွေခံစားရလဲ။
ဖြေ - စိတ်ပိုင်းဆိုင်ရာကတော့ အားငယ်စိတ်အရမ်းဝင်မိတယ်။ ငါ့အလှည့်ကျမှ ဖြစ်ရတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယူကြုံးမရ ဖြစ်မိတယ်။ တနေ့ တနေ့ နေထွက်တာနဲ့ နေဝင်တာကို သံတိုင်ကြားကနေ ထိုင်စောင့်ခဲ့ရတာ တော်တော်ရင်နာစရာကောင်းတယ်။ ပြန်တွေးမိတိုင်းလည်း အိပ်မက်သာဖြစ်ခဲ့ပါတော့လားလို့ တွေးထင်မိတယ်။ တနေ့တနေ့ ဒီသံတိုင်ကြားကနေ ဘယ်နေ့ထွက်မရလဲ မျှော်ရင်းနဲ့ အကြိမ်ကြိမ် ငိုခဲ့မိတယ်။ မလွတ်တော့ရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့လည်း ကြောက်ရွံ့ပြီး ထပ်ထပ်ခါခါ ငိုခဲ့မိတယ်။

မေး - မြန်မာပြည်ပြန်ပို့ဖို့ဘယ်လိုဖြစ်လာတာလဲ။ အချုပ်ထဲမှာ ဘယ်လောက်ကြာကြာနေလိုက်ရလဲ။
ဖြေ - မြန်မာပြည်ပြန်ဖို့ကတော့ အိမ်ကထုတ်တဲ့ အစီအစဥ်နဲ့ပဲထွက်လာခဲ့တယ်။ ပိုက်ဆံကတော့ ဘတ် ၃၅၀၀၀ ကုန်တယ်။ ကျမ စုစုပေါင်း ၄၅ ရက်အချုပ်ခံရတယ်။ ကျမနဲ့အတူတူ အဖမ်းခံရတဲ့သူတွေကတော့ နောက်မှ ရနောင်းလဝက က ပို့ပေးတဲ့ အစီအစဥ်နဲ့ လွတ်လာကြတယ်။ ပြန်လွှတ်တဲ့အချိန်မှာတော့ ကိုယ့်ပစ္စည်းကိုယ်ပြန်ပေးပါတယ်။ ဖုန်းတွေလည်း ပြန်ပေးပါတယ်။ ကျမနဲ့အတူတူထွက်လာတဲ့သူတွေကတော့ ပိုက်ဆံနဲ့ထုတ်တဲ့သူတွေပေါ့။ စုစုပေါင်း ၁၀ ယောက်ကျော်လွတ်တယ်။ ကျန်းမာရေးမကောင်းလို့ထွက်လာရတဲ့သူက တစ်ယောက်ပါတယ်။ သူကတော့ ပိုက်ဆံနဲ့မထုတ်ရဘူး။ ကျန်းမာရေးမကောင်းလို့ ပြန်လွှတ်လိုက်တာပါပဲ

မေး - မြန်မာပြည်ကို ဘယ်လိုပုံစံပြန်ပို့တာလဲ။ မြန်မာဘက်က လဝကတွေစစ်သားတွေလာခေါ်တာလား။
ဖြေ - အဲဒီရနောင်းအချုပ်ကနေ ရဲကားနဲ့ ရနောင်းဆိပ်ကမ်းကို ပို့ခဲ့တယ်။ ဆိပ်ကမ်းရောက်တော့ ဓာတ်ပုံရိုက်တယ်။ ပြီးရင်လှေပေါ် တခါတည်းတင်ပေးလိုက်တယ်။ မြန်မာဘက်ရောက်တော့ လဝကတွေ စစ်သားတွေ လာခေါ်တာတော့မရှိပါဘူး။

မေး - ပြန်ပို့ခံရပြီးတော့ လက်ရှိကပြည်တွင်းမှာပဲပြန်နေနေတယ်လို့ သိရတယ်။ ထိုင်းကို နောက်ထပ်သွားဖို့ ရည်ရွယ်ထားတာမျိုးရှိသေးလား။
ဖြေ - ဟုတ်ပါတယ် မြန်မာနိုင်ငံမှာပါပဲ။ နောက်ထပ်သွားဖို့ကတော့ဖြစ်နိုင်တော့မယ် မထင်ပါဘူး။

မေး - ဘာကြောင့် သွားဖို့မဖြစ်နိုင်တော့ဘူးလို့ထင်တာလဲ။
ဖြေ - အိမ်ကလည်း မလွှတ်တော့တဲ့အပြင် အခုလို ပြန်ဖမ်းမိမှာလည်း သိပ်ကြောက်နေပါပြီ။ အလုပ်လုပ်တာတော့လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကိုယ်နေရာဒေသ ထက် ပိုကောင်းတဲ့နေရာ မရှိဘူးလို့မြင်ပါတယ်။ ခက်တာကလည်းလူငယ်တွေမှာ ရွေးချယ်စရာလမ်းမရှိဘူးလေ။ စစ်မှုထမ်းဥပဒေကို ကြောက်တော့ သွားကြရတာပေါ့။ စကားပုံ တခုလိုပေါ့ “ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက် ဆိုး” ဆိုသလိုပေါ့။ ပြည်တွင်းမှာ နေလို့မရလို့ပြည်ပသွားကြတဲ့အချိန် ပြည်ပ ရောက်တော့လည်း ဒုက္ခ ထပ်ရောက်ကြရတာ။

မေး - အချုပ်‌ထောင်ထဲမှာရှိနေပြီး ပြန်လည်းအပို့မခံရ မိသားစုနဲ့လည်းအဆက်အသွယ်မရဖြစ်ပြီး ဒုက္ခရောက်နေတဲ့သူတွေရှိလား။ အဲဒီလူတွေကိုယ်စား အပြင်ကမိသားစုဝင်တွေကို ဘာများပြောပြပေးချင်လဲ။
ဖြေ - ဟုတ်ကဲ့။ အချုပ်ထဲမှာ ပြန်မပို့ခံရတဲ့သူတွေတော့ ရှိပါတယ်။ ကိုယ့်မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေရင် ဆက်သွယ်ရအောင်စုံစမ်းကြပါ။ အထဲမှာနေရတဲ့သူတွေက တော်တော်ကို ဒုက္ခဖြစ်ပါတယ်။ အဓိက ကတော့ နေထိုင်စားသောက်ပေါ့။ အထဲမှာက ပိုက်ဆံ မရှိတဲ့သူဆိုနှိမ်ချင်ကြတယ်။ နိုင်ထက်စီးနင်းလုပ်ကြတယ်။ ပြီးတော့ ရေအလုံအလောက်မရကြဘူး။ အစားအသောက်ကလည်း မသေရုံတမယ်ကျွေးထားတယ်။ မိန်းကလေးအများစုက အစားအသောက်နည်းကြတော့ ထမင်းထုပ်လာရင် အဲတထုပ်နဲ့ဘဲ ဗိုက်ဝကြတယ်။ ယောက်ျားလေးတွေကျတော့ သူတို့ပေးတဲ့ ထမင်းထုပ်နဲ့ မလောက်ကြဘူး။ ကြာလာတော့ အားအင်နည်းလာကြတာပေါ့။ အထဲမှာနေတဲ့သူတွေလိုအပ်တာတော့အဓိကတော့ အစားအသောက်ပါပဲ။ ပြီးတော့ တတ်နိုင်တဲ့သူတွေဆိုရင် သူတို့ဘက်ကမလွှတ်ရင် ကိုယ့်ဘက်ကဘဲ ကြိုးစားပြီး လွတ်အောင်ထုတ်လိုက်စေချင်ပါတယ်။ ပိုက်ဆံဆိုတာမသေမချင်းရှာလို့ရပါတယ်။ ထုတ်လိုက်လို့ကုန်သွားတဲ့ပိုက်ဆံနဲ့ အထဲမှာ နေရတာနဲ့ နှိုင်းယှဥ်ရင် ကုန်သွားတဲ့ ပိုက်ဆံကိုမနှမျောမိပါဘူး။

မေး - နောက်ထပ်သွားမယ့်သူတွေကိုရော အဖမ်းမခံရအောင် ဘယ်လိုအကြံပေးချင်လဲ။
ဖြေ - နောက်ထပ်သွားမယ်သူတွေရှိရင်တော့ အကြံပေးချင်တာက တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ပွဲစားတွေကို ရှာပါ။ ဒါမှမဟုတ် ဗီဇာ စာအုပ်လုပ်ပြီးသွားကြပါ။ စာအုပ်လုပ်ပြီးလို့ အပေါ်လမ်းက သွားဖြစ်ရင်လည်း လူခံရှိရင် ပိုကောင်းတယ်။ လူခံ မရှိရင်တော့ အကောင်းဆုံးပွဲစားနဲ့ပဲ ချိတ်ဆက်ပါ။ အပေါ်လမ်းက သွားလို့ပြန်လာရတဲ့သူတွေလည်းရှိတယ်။ သူတို့ကျတော့ ပိုက်ဆံပဲကုန်တယ် လူတော့ဒုက္ခမရောက်ဘူးပေါ့။ အဲလိုပဲအပေါ်လမ်းကသွားလို့ ပြန်လာရတဲ့ အသိတယောက်ရှိတယ် ။ ဘယ်လို ဖြစ်တာလဲ မေးတော့ ဗီဇာနဲ့ ဆိုတော့ ဒီအတိုင်းသွားတာ ထိုင်းလေဆိပ်ရောက်တော့ ထိုင်း အာဏာပိုင်တွေက ဝင်ခွင့်မပေးကြဘူးတဲ့။ နင်တို့က အလုပ်လုပ်ဖို့လာကြတာ ဝင်ခွင့်မပေးဘူးပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ လက်ရှိအခြေအနေကတော့ ပြည်တွင်းမှာ နေလို့မရလို့ ပြည်ပထွက်ကြတဲ့အခါ အကောင်းဆုံးသော တာဝန်ယူမှု အပြည့်ရှိသော ပွဲစားတွေကိုရှာပြီး သွားကြဖို့ ပြောချင်ပါတယ်။

The Tanintharyi Times