NUG အိန္ဒိယ ကိုယ်စားလှယ် ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကို အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို
NUG အိန္ဒိယ ကိုယ်စားလှယ် ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကို အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် NUG အနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးကို ဆလိုင်းအိုက်ဇက်ခင်က အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အမြတ်ထုတ်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးဆီကနေ ကြားသိခဲ့ရကြောင်း WLB က ထုတ်ပြန်ပါတယ်။
ကျူးလွန်ခံရသူ အမျိုးသမီးဟာ ဆလိုင်းအိုက်ဇက်ခင် ကို ထိရောက်စွာ အရေးယူပေးဖို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ပေမယ့် အပြစ်ပေးအရေးယူမှု ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သလို ယင်းအမျိုးသမီးကို ရာထူးကနေ ရပ်နားခဲ့တာကြောင့် အဆိုပါ လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ WLB က မနေ့က ထုတ်ပြန်ပါတယ်။
“ကျားမ ဖြစ်တည်မှုအပေါ် အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်တဲ့ ကိစ္စဆိုလို့ရှိရင် ကျမတို့ လုံးဝ လက်သင့်မခံဘူး၊ အကြမ်းဖက်မှုတွေ ရှိလာပြီးဆိုလို့ရှိရင်ကျူးလွန်ခံရသူရဲ့ တရားမျှတမှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူမှုတွေက လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ကျူးလွန်သူကလည်း တကယ့်ကို အာဏာပါဝါရှိတဲ့ အနေအထားဖြစ်တယ်၊ သူ့ကို အပြစ်ပေးအရေးယူမှု မလုပ်တဲ့အပေါ်မှာ ကျမတို့ လက်မခံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်” လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ကျူးလွန်ခံရသူ ဆိုတဲ့ ချင်းအမျိုးသမီးကို NUG ဘက်က ဧပြီလ ၃၀ ရက်နေ့မှာ အလုပ်ကနေ အနားပေးလိုက်ကြောင်း အလုပ်ရပ်နားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စအပေါ် ကာယကံရှင်က လက်မခံနိုင်တာကြောင့် မိမိဆန္ဒအလျောက် အလုပ်တာဝန်ကနေ နှုတ်ထွက်ကြောင်း စာတစောင်ကို မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ပြန်လည်ပေးပို့ခဲ့ပါတယ်။
အဲ့ဒီ စာဟာ ဇွန်လ ၂၀ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့သွားပြီးနောက် ဆလိုင်းအိုက်ဇက်ခင်ရဲ့ ဘာသာရေး၊ လူမှုရေး အဝန်းအဝိုင်းတွေက ဖျန်ဖြေတာ၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောဆိုကြောင်း ချင်းအမျိုးသမီးအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသမီး အဖွဲ့အစည်း ၁၀ ဖွဲ့တို့ ပါဝင်ထားတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနဆီ တောင်းဆိုချက်စာထဲမှာ နစ်နာသူကို လိုအပ်တဲ့ ကာကွယ်မှုတွေ ပေးဖို့၊ နစ်နာသူ တရားမျှတမှု ရရှိရေး ဒီအမှုကိစ္စကို ပွင့်လင်းမြင်သာစွာ ချက်ချင်းအရေးယူဆောင်ရွက်ဖို့၊ အရေးယူဆောင်ရွက်တဲ့နေရာမှာ တရားမျှတမှုနဲ့ အလှမ်းဝေးစေနိုင်တဲ့ လူမှုရေး၊ ဘာသာရေး၊ ဓလေ့ထုံးတမ်းအရ ညှိနှိုင်းဆောင်ရွက်မှုတွေကို လုံးဝမပြုလုပ်ဖို့၊ ဒီအမှုကိစ္စ အရေးယူဆောင်ရွက်ပြီးရင် ဝန်ကြီးဌာန တရားရုံးစာနဲ့ ထုတ်ပြန်အသိပေးဖို့ ဒီအချက် ၄ ချက်ကို ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
“အခု ကျူးလွန်သူကလည်း နစ်နာသူကို ဘာသာရေး၊ လူမှုရေးဘက်က ပုဂ္ဂိုလ်တွေကို သုံးပြီး ဖျန်ဖြေကြေအေးဖို့ လွှတ်ထားတယ်၊ အလုပ်ပြန်ရချင်လား၊ နစ်နာသူမျိုးနွယ်စုထုံးစံအတိုင်း တောင်းပန်တာ လိုချင်လား၊ တခြားဘာလိုချင်လဲ မေးခိုင်းတယ်၊ လူမှုကွန်ရက်မှာ အားလုံးပြီးသွားပြီလို့ ပြန်တင်ရေးပေးပါတဲ့” ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်အဖွဲ့မှာပါတဲ့ ချင်းအမျိုးသမီး Senri က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
NUG လို အစိုးရတရပ်အနေနဲ့ တရားဥပဒေအောက်မှာ ဝန်ကြီးတွေ၊ သမ္မတတွေ၊ ဘုန်းကြီးတွေ မရှိစေပဲ တရားစီရင်ရေးကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့နဲ့ အမှုစီရင်ပြီးရင်လည်း NUG တရားဝင်ရုံးစာနဲ့ ထုတ်ပြန်ပေးဖို့ Senri က တောင်းဆိုထားပါတယ်။
ချင်းအမျိုးသမီးအရေး လှုပ်ရှားနေတဲ့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်ကတော့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ သူ့လက်အောက်အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေက တိုင်ကြားတဲ့အခါမှာ NUG ဘက် နှုတ်ဖြင့်သတိပေးခြင်းသာ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
“ကျူးလွန်တဲ့ ရာဇဝင်ရှိတယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျမ မြင်တယ်၊ အပြစ်ဒဏ်ဟာ နှုတ်နဲ့ သတိပေးတာထက် ပိုပြင်းထန်သင့်ပါတယ်၊ သူတို့ရဲ့ (NUG) ပေါ်လစီအတိုင်း ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးကိုလည်း အလုပ်ထုတ်မယ့်အစား လိုအပ်တဲ့ အကာအကွယ်နဲ့ ပံ့ပိုးကူညီမှုတွေကို ပေးသင့်တယ်” လို့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်က ဆိုပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အဆိုပါ အိန္ဒိယကိုယ်စားလှယ်ရုံးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာဟာ ဌာနအတွင်း စီမံခန့်ခွဲမှုအရသော်လည်းကောင်း၊ မူဝါဒအရသော်လည်းကောင်း အဆင့်ဆင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ် ပြီးမြောက်တဲ့အခါ သင့်လျော်တဲ့ သတင်းအစီရင်ခံစာ ထုတ်ပြန်သွားမယ်လို့ ဇွန် ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
ကျူးလွန်သူလို့ တိုင်းကြားခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အိန္ဒိယကိုယ်စားလှယ် အိုက်ဇက်ခင်က “လေးစားစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားပါမည်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကျားမ အခြေပြု အကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေက ဘယ်သူပဲ ကျူးလွန် ကျူးလွန် ကျူးလွန်မှုတွေကို ဖော်ထုတ်ရှုံ့ချရမှာ ဖြစ်တယ်လို့ WLB ၊ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က တိုက်တွန်းထားပါတယ်။
စနစ်နဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ပြီး ပိုမိုကောင်းမွန်တဲ့ တရားမျှတမှုရှိတဲ့ လူမှုအသိုင်းအဝိုင်းတရပ်ကို တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းအနေနဲ့ ပြစ်ဒဏ်ပေးခြင်းမှာ ကင်းလွတ်ခွင့်ပေးနေတဲ့ အလေ့အထ System of Impunity ကို ဦးစားပေးတိုက်ဖျက်သွားဖို့ အထူးလိုအပ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
The Tanintharyi Times
