ကျောင်းဆရာလေးလည်း ယောင်ချာချာ
ကျောင်းဆရာလေးလည်း ယောင်ချာချာ
ဗာဒံပင်လေးသို့ ပေးစာ- ၃
ဗာဒံပင်လေးရေ..
မင်းမှာ မိတ်ဆွေသစ်တွေ ရနေပြီလား။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ခင်မင်ခဲ့ရတဲ့ မင်းရဲ့ မိတ်ဆွေတွေကိုရော..၊ မေ့ပျောက်ကုန်ပြီလား။
မှတ်မိသေးတယ်ဆိုရင် အဲဒီထဲက ဘယ်သူတွေကို မင်း မှတ်မိနေသေးသလဲ။
ညနေစောင်းတိုင်း မင်းဆီ ရောက်ရောက်လာတတ်တဲ့ ကျောင်းဆရာတစ်ယောက်ကိုတော့ မင်း မမေ့လောက်သေးပါဘူးနော်။
သူတို့အိမ်က ငါတို့ရဲ့လမ်းထဲက နှစ်အိမ်ကျော်က ကျောင်းဆရာလေးလေကွာ။
မနက်မနက်ဆို Click အော်တိုဆိုင်လေးစီး၊ အဖြူအစိမ်းလေးနဲ့ မင်းရှေ့ကဖြတ်မယ်။
ညနေ ကျောင်းဆင်းချိန်ဆို မင်းရှေ့ကပဲ ဖြတ်ပြီး အိမ်ပြန်၊ အဖြူအစိမ်းကို ဘောလုံးကန်ဝတ်စုံနဲ့ ပြန်လဲပြီး မင်းရှေ့က တစ်ခေါက်ပြန်ဖြတ်။
အဲ.. ညနေဝင်ရီတရောဆို သုံးဗူး နှစ်ထောင်တန် ဘီယာဗူး သုံးဗူး ထည့်ထားတဲ့ ကျွတ်ကျွတ်အိပ်လေးဆွဲပြီး မင်းဆီ ညဦးတစ်ခေါက် မှန်မှန်ရောက်တတ်တဲ့ မင်းရဲ့ ဘော်ဒါအရင်းကြီးလေ။
မင်းအရိပ်အောက်က သစ်သားခုံလေးမှာ ကျကျနန ထိုင်မယ်။ ဘီယာ ပထမလုံးကို ဖောက်မယ်။
သူသင်ရတဲ့ ကျောင်းသူကျောင်းသားတွေ ဘယ်လောက်ပေတေကြောင်း၊ ဘယ်ကောင်ကတော့ ဘယ်လောက် ဉာဏ်ပြေးကြောင်း၊ ဘယ်ကျောင်းသားမိဖကတော့ သူ့ကို ဘယ်လိုဆက်ဆံကြောင်း စတဲ့ သူ့အလုပ်ကြောင်း သောင်းပြောင်းထွေလာ ပြောမယ်။
ဘီယာဒုတိယလုံးဖောက်ရင်တော့ ရွာထဲက လူငယ်တွေ ဘယ်လောက် ပျက်စီးနေကြောင်း၊ ဘယ်လူငယ်တွေက ဆေးချပြီး ဆေးကို ရွာထဲက ဘယ်သူတော်ကောင်းကြီးတွေက ရောင်းနေကြောင်း၊ ရွာဘောလုံးအသင်း ဒိုင်းဆုမရတာ ဒီမူးယစ်ဆေးဝါးကြောင့်လို့ ဘီယာဘူးမော့မော့သောက်ရင်း ပြောမယ်။
ဘီယာ တတိယလုံးကတော့ သူ့မိသားစုအကြောင်းတွေနဲ့ သူ အိမ်ထောင်ပြုမယ့်အရေးတွေ ပြောတဲ့အလှည့်ပေါ့ကွာ။
သူ့စကားတွေက မင်းလည်း နားရည်ဝ၊ ပတ်ဝန်းကျင်လည်း အလွတ်ရ။ နောက်ရက်တွေလည်း ဒီအတိုင်း၊ စကားတွေကလည်း ဒုံရင်း ဒုံရင်း။
ဒါပေမယ့်..၊ အဲဒီကျောင်းဆရာ မလာတဲ့ညဆို မင်းရော၊ ငါရော ပတ်ဝန်းကျင်က ငါတို့ဆွေမျိုးတွေရောက တစ်ခုခု လိုနေသလိုလို ခံစားရ။
ကျောင်းဆရာ ဒီည ဘယ်သွားလဲဆိုတာ အချင်းချင်း သတင်းဖလှယ်ကြရပေါ့။
ဗာဒံပင်လေးရေ..
ခုတော့ ကျောင်းဆရာလည်း မင်းဆီကို ပေါ်မလာနိုင်တော့တာ ၃ နှစ်ကျော် ကြာခဲ့ပြီပေါ့။
ဟုတ်တယ်နော်..၊
ငါတို့ရဲ့ ပုံမှန်လည်ပတ်နေတဲ့..၊ ပျက်ယွင်းမှုတွေကြားက နေပျော်ဖွယ်ကောင်းနေခဲ့တဲ့ ဝန်းကျင်လေး ပျက်စီးခဲ့တာလည်း ၃ နှစ် ကျော်ခဲ့ပါပကော ဗာဒံပင်လေးရေ..။
အဲဒီ ပျက်စီးခြင်း ဝဲဂယက်ထဲမှာ ငါတို့နဲ့ ငါတို့ရဲ့မိတ်ဆွေ ဘီယာကြိုက်တဲ့ ကျောင်းဆရာလည်း ယောင်ချာချာနဲ့ မျောပါနေခဲ့တာ ခုထိပေါ့ကွာ..။
ဗာဒံပင်လေးရေ..
ငါ့တစ်ဖို့ပဲသိတဲ့ လူ့ငနွားတွေ အာဏာ ထသိမ်းတော့ “မတရားမှုမှန်သမျှ တော်လှန်ကြ” တဲ့ လူအုပ်ထဲမှာ ငါတို့နဲ့အတူ ငါတို့ကျောင်းဆရာလေးပါ ပါခဲ့တာပေါ့။
စစ်မိစ္ဆာတွေရဲ့ အာဏာသိမ်းရတဲ့ အကြောင်းပြချက်ကလည်း ကျောင်းဆရာလေးတို့နဲ့ တိုက်ရိုက် ပတ်သက်နေတာကိုး။
“မဲလိမ်လို့” တဲ့လေ။
ကျောင်းဆရာဆရာမတွေ အသည်းနာကြပြီပေါ့။
မဲလိမ်တယ်ဆိုတော့ မဲရုံမှာ ကျရာတာဝန်ထမ်းခဲ့ကြရတဲ့ သူတို့ကို တိုက်ရိုက် စော်ကားလိုက်သလိုပဲလေ။
ဆရာဆရာမတွေက သူတို့ရဲ့ ပင်မတာဝန် မဟုတ်ပါဘဲ နိုင်ငံတော်အစိုးရက ပေးအပ်တဲ့တာဝန်အရ မဲရုံတွေမှာ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေလုပ်ခဲ့ကြရတယ်လေ။ မဲရုံမှူးသင်တန်းတွေ တက်ကြရ။ ကြိုတင်မဲကောက်ကတည်းက သူတို့ပါကြ၊ စာသင်ကျောင်းတွေကို မဲရုံအသွင်ပြောင်းတော့လည်း သူတို့ မဖြစ်မနေပါရနဲ့။
မဲပေးတဲ့နေ့ဆို မဲရုံကို မနက်ကို မနက် ၄ နာရီလောက်ကတည်းက လာကြရ၊ လူပေါင်းစုံကို မဲပေးနိုင်အောင် လုပ်ပေးကြ၊ ညနေ ၄ နာရီ မဲတွေ ရေတွက်ကြတော့လည်း ပြိုင်ဘက်ပါတီဝင်တွေရှေ့မှာ အမှားတစ်စုံတရာမရှိရအောင် ချွေးတဒီးဒီးကျခံလုပ်ဆောင်ကြရသူတွေ။
ရေပြီးလို့ ရလာတဲ့ မဲစာရင်းနဲ့ မဲလက်မှတ်ထုတ်ကြီးကို ရင်ဝယ်သားလို ပိုက်ထွေးပြီး မြို့နယ်ရုံးကို ပို့ကြရတာ အချို့ နယ်ဝေးက လှေတစ်တန်၊ ကားတစ်တန်နဲ့လာရတဲ့ ဆရာဆရာမတွေဆို သန်းခေါင်ယံထိ မြို့နယ်ရုံးမှာ ကိစ္စ မပြတ်နိုင်ကြ။
သူတို့မဲထုတ်ကြီးတွေကို ပိုက်ထွေးပြီး ငိုက်မြည်းနေကြပုံတွေ လူမှုကွန်ယက်မှာ ပြန့်လို့။
အဲလို ကြိုးစားပန်းစား တာဝန်ကျေကျေ လုပ်ခဲ့ကြတာတွေကို “လိမ်တယ်” အပြောခံရတော့ သူတို့ အသည်းမနာ ခံနိုင်ရိုးလား။
ဆိုတော့ ဆန္ဒပြပွဲတွေမှာ အဖြူအစိမ်းတပ်မဟာ ပညာရေးသပိတ်စစ်ကြောင်းကြီးက ကျက်သရေရှိနေလိုက်လို့။ အဲဒီထဲ ငါတို့ ကျောင်းဆရာလေးက တက်ကြွတဲ့ကြက်ဖ ရှေ့ဆုံးကဆိုပါတော့။
ဗာဒံပင်လေးရေ..၊
“ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတော့ အခြားဝန်ထမ်းအချို့နဲ့ ကျောင်းဆရာဆရာမအချို့လိုပဲ သူလည်း ကျောင်းမတက်တော့ဘူးလေ။
အစမှာတော့ “ကျောင်းမတက်နဲ့၊ ကျောင်းထွက်” ခဲ့တဲ့ ဆရာဆရာမတွေအပါအဝင် CDM ဝန်ထမ်းတွေကို ပြည်သူတွေက ဝိုင်းကျွေးထားနိုင်တယ် ပြောကြတာပေါ့လေ။
အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲ၊ ကိုယ့်အသက်မွေးမှုကို ကိုယ်စွန့်ရဲပြီး လုပ်ဆောင်ကြတဲ့ သူရဲကောင်းတွေအဖြစ်နဲ့ပေါ့။
ကနဦးမှာတော့ ပြည်သူတွေ၊ အချို့တော်လှန်ရေးအဖွဲ့တွေကလည်း CDM တွေကို နိုင်သလောက်၊ တတ်စွမ်းသလောက် ထောက်ပံ့ကြပါတယ်။
“ရုံးမတက်တဲ့ ဝန်ထမ်းတွေ၊ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့”
ရေရှည်မှာတော့ ပြည်သူတွေရော တော်လှန်ရေးအဖွဲ့တွေပါ ခါးညောင်းလာကြတာပေါ့။
ကိုယ်တိုင်တောင်မှ မနည်းကြံဖန်ရှင်သန်ရုန်းကန်ကြရတာကိုး။
ဆိုတော့ CDM လုပ်ထားလို့ ရွာမှာလည်း နေလို့မရ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲလည်း မဝင်ချင်၊ ထိန်းချုပ်နယ်မြေတွေမှာလည်း ယောင်လည်လည်မလုပ်နေချင်နဲ့။
ဆရာ၊ ဆရာမအချို့ဟာ ပိုလုံခြုံပြီး အင်တာနက်လိုင်းတွေ ပိုသေချာတဲ့ ထိုင်း၊ မလေးရှားဘက်ကို ထွက်ခွာလာသွားကြတော့တယ်ပေါ့။
အဲဒီနိုင်ငံတွေမှာ ရရာအလုပ်လုပ်ကြမယ်၊ ကျောင်းသူကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်မယ်ဆိုပြီးတော့ပေါ့လေ။
ဗာဒံပင်လေးရေ..
အဲလို ငါတို့နိုင်ငံက ထွက်ခွာသွားရတဲ့ ဆရာ၊ဆရာမတွေထဲမှာ ငါတို့ ကျောင်းဆရာလေးလည်း တစ်ယောက်အပါအဝင်ပေါ့။
သူက ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းလုပ်တဲ့ ကျွန်းလေးတစ်ကျွန်းမှာလေ။ အစမှာတော့ ညဘက်လုပ်ရတဲ့ အလုပ်လေးရပြီး အဆင်ပြေတော့ နိုင်ငံထဲက လိုအပ်နေတဲ့ CDM တွေကို နိုင်သလောက် လှန်းထောက်ပံ့နေပါသတဲ့။
နေ့ဘက်မှာတော့ အွန်လိုင်းက စာသင်ပေါ့လေ။
ခုတော့ မိုးဝင်ပြီဆိုတော့ ခရီးသွားတွေ အလာကြဲလို့ အလုပ်ပြုတ်သွားတယ် ပြောတယ်။
ထိုင်းမှာက အလုပ်မရှိရင် အကြွေးတွေဝိုင်းပြီး အခြားမိတ်ဆွေတွေက ဝိုင်းကျွေးဖို့ဆိုတာ ရေရှည် မရဘူးရယ်လေ။
ဆိုတော့ သူက မေးလာတယ်။
“CDM ထောက်ပံ့ရေးအစီအစဉ်တွေ ကြားမိသေးလား”တဲ့။
ဗာဒံပင်လေးရေ..၊
ငါတို့ ပေတရာလမ်းမပေါ်မှာ လက်သီးလက်မောင်းတန်းပြီး ဟစ်ကြွေးခဲ့ဖူးကြရဲ့လေ။
“ပြည်သူတွေက ရုန်းထွက်နေပြီ၊ မင်းတို့တွေက ရုံးတက်တုန်းလား”
“ရုံးမတက်နဲ့၊ ရုန်းထွက်”
“ရုံးမတက်တဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေက ကျွေးထား ကျွေးထား”
အာဏာလု စစ်အာဏာရှင်ကို ခြောက်ခြားသွားစေခဲ့တဲ့ တော်လှန်ရေးအစ ကနဦးသူရဲကောင်းတွေဟာ CDM တွေ ဆိုတာ ငါတို့ လက်ခံထားကြပြီးသားလေ။
ခုတော့ သူတို့က မေ့လျှောခံဘဝတွေ ရောက်နေကြရပေါ့။
ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိနေလဲ။
ပြည်သူတွေကလည်း သူတို့အပူနဲ့သူတို့လေ။
သူမေးတဲ့ မေးခွန်းကို ဘယ်သူ ဖြေနိုင်မလဲ။
တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာရော CDM ရဲဘော်တွေအတွက် ဘယ်လိုအစီအစဉ်တွေ ရှိနေလဲ။
ငါတွေ့ကြုံရတဲ့ CDM တွေကတော့ သူတို့ကိုယ်သူတို့ အပယ်ခံတွေလို ခံစားနေကြရတာက များနေလေရဲ့ကွာ။
ဟုတ်တယ် ဗာဒံပင်လေးရေ..၊
ငါတို့ကျောင်းဆရာလေးမှ အဲလို ကြုံနေရတာမျိုး မဟုတ်ဘူး။
ဘယ် CDM တွေမှ ငါတို့ကြွေးကြော်သံနဲ့ မကိုက်နေခဲ့ဘူး။
ဘာတဲ့။
“ရုံးမတက်တဲ့ ဝန်ထမ်းတွေ၊ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့”
“ရုံးမတက်တဲ့ ဝန်ထမ်းတွေ၊ အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့”
ဗာဒံပင်လေးရေ..၊
ငါတို့ ကျောင်းဆရာလေး ထပ်မေးတဲ့ မေးခွန်းက ပိုဆိုးလေရဲ့။
“ကျွန်တော် ရွာပြန်ပြီး စာသင်ခွင့် ဘယ်တော့လောက်ရနိုင်မလဲ” တဲ့လေ..။
အင်းလေ..၊ ငါ မင်းကို လွမ်းသလို သူလည်း ရွာနဲ့ သူကျောင်းက ကလေးတွေကို လွမ်းနေရော့မှာပေါ့။
မပြည့်စုံလှပေမယ့် ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသက လွတ်လပ်လုံခြုံခဲ့တဲ့ လွမ်းစရာ နေ့ညတွေ။ ငါ ပြန်ပြောလိုက်တာတော့ တစ်ခွန်းပါပဲ ဗာဒံပင်လေးရေ..။
“ငါတို့ရွာ ငါတို့ ပြန်ခွင့်ရအောင် ငါတို့ကိုယ်တိုင် လုပ်မှပဲ ရမယ်ကွ” လို့လေ။
ဟုတ်တယ် ဗာဒံပင်လေးရေ..
ငါတို့ မင်းဆီ ပြန်လာနိုင်ဖို့ လက်ရှိထက် ပိုရဲရင့်ကြဖို့ လိုတယ်လေ။
အလုပ်လက်မဲ့ ယောင်ချာချာ ငါတို့ ကျောင်းဆရာလေးလို CDM တွေအပါအဝင် ငါတို့အားလုံး လက်ရှိထက် ပိုရဲရင့်လာကြဖို့ ငါတို့ စိတ်ခွန်အားတွေ လိုနေလေရဲ့။
ငါတို့အချင်းချင်း ဒီထက်ပို ဖေးကူကြဖို့ လိုနေလေရဲ့ ဗာဒံပင်လေးရေ။
ဒါမှ ငါတို့အိမ်ပြန်လမ်း ငါတို့အစွမ်းနဲ့ တက်ညီလက်ညီနဲ့ ဖောက်နိုင်မှာလေ။
လုလင်
The Tanintharyi Times
