“ကိုယ့်ဘာသာ ရေထဲမျောပါမသွားအောင်လည်း နေရသေးတယ်။ ဗုံးလာကျမှာလည်းကြောက်ရသေးတယ်”
“ကိုယ့်ဘာသာ ရေထဲမျောပါမသွားအောင်လည်း နေရသေးတယ်။ ဗုံးလာကျမှာလည်းကြောက်ရသေးတယ်”
ပြီးခဲ့တဲ့လနောက်ဆုံးပတ်ကစလို့ တနင်္သာရီတိုင်းထဲက မြို့နယ်အများစုမှာ ရေကြီးရေလျှံတာတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲမှာ တနင်္သာရီမြို့နယ်ကတော့ ရေကြီးတဲ့ဒဏ်ကို အဆိုးရွားဆုံးခံစားနေရတာပါ။ တနင်္သာရီမြို့နယ်ထဲက ရွာအားလုံးနီးပါးဟာ ရေကြီးဒဏ်ကြောင့် ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်ကြရပြီး စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေး အခက်အခဲတွေကြုံနေရပါတယ်။
အခုလက်ရှိ တနင်္သာရီမြို့နယ်ကဒေသခံတွေ ဘယ်လိုအခက်အခဲတွေကြုံတွေ့နေရလဲဆိုတာတွေကို သိရဖို့ ရေဘေးကြောင့်ရေဘေးသင့်ဒေသခံတစ်ဦးနဲ့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးတို့ကို ဒီတစ်ပတ်ရဲ့တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေမေးမြန်းတင်ဆက်ထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ကင်းနီကျွန်းရွာခံအမျိုးသမီးတစ်ဦး
မေး - ဘယ်လိုအခြေအနေကြောင့် ပြောင်းရွေ့လာတာလဲ။
ဖြေ - အခြေအနေက ရေအရမ်းများလာတယ်လေ။ ၂၇ ရက်နေ့လောက်ကပေါ့။ အန်တီတို့နေတဲ့ တဲတွေအားလုံးမျော၊ ပစ္စည်းတွေအားလုံးမျှောသွားတဲ့အချိန်မှ ပြောင်းလာခဲ့တာ။ လှေတွေနဲ့ပဲလာကြတာပဲ။ အခုလက်ရှိ သာရဘွင်ရွာဘက်ကို ရောက်နေတယ်။
မေး - တဲက ဘယ်လိုဖြစ်လို့ရေထဲမျောသွားတာလဲ။
ဖြေ - တဲအောက်ကိုရေရောက်နေတဲ့အထိနေသေးတယ်။ ရေတဖြည်းဖြည်းများလာပြီး ရေစီးလည်းကြမ်းလာတယ်။ အဲတော့ အဲဒီတဲပေါ်မှာတော့ အကုန်လုံးပါတာပေါ့။ အိုးကွက်ပန်းကန်တွေ၊ အဝတ်အစားတွေ အစုံပေါ့။ ဘာမှကိုမကျန်ဘူး။ ပြောင်းလာတာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ။
မေး - မိသားစုဝင်ဘယ်နှယောက်ရှိတာလဲ။ အကုန်လုံးပြောင်းလာကြတာလား။
ဖြေ - မိသားစုဝင်နှစ်ယောက်ပေါ့နော်။ အန်တီ့အမျိုးသားကတော့ ဝါးဖောင်လေးလုပ်ပြီးတော့မှ အဲဒီမှာပဲနေတယ်။ အိမ်နားတဝိုက်မှာပဲနေတယ်။ သူက ဖောင်လေးပေါ်မှာ မီးဖိုလေးနဲ့ပဲ ထမင်းလေးတည်၊ ငါးပိရှိရင်ငါးပိ ဆားရှိရင်ဆားနဲ့စားနေရတာပေါ့။
မေး - လက်ရှိမှာ ဘာတွေလိုအပ်နေလဲ။
ဖြေ - လိုအပ်တာဆိုတော့ လောလောဆယ်များနေတာပေါ့ကွယ်။ အားလုံးကုန်သွားတော့ အကုန်လိုအပ်တာပေါ့။ အဝတ်အစားတွေကအစလေ။ လောလောဆယ်ဆိုရင်တော့ စားဖို့သောက်ဖို့ပဲ အဓိကလိုအပ်တာပေါ့နော်။ လောလောဆယ်ကတော့ အဆင်ပြေပါတယ်။ ဒီနေ့ဆိုလည်း ငါးပိကြော်နဲ့ ထမင်းထုပ်နဲ့စားတာပေါ့။
မေး - အန်တီ့လိုမျိုးပဲ လုံးဝနေလို့မရတော့လို့ ရွာကထွက်လာတဲ့သူတွေရှိလား။ ဘယ်လောက်လောက်ရှိလဲ။
ဖြေ - တော်တော်ကိုများတယ်။ ရှစ်ဆယ်တစ်ရာ ယောက်လောက်တောင်ရှိမယ်။ အကုန်လုံးဒီဘက်ရောက်လာတဲ့သူတွေပေါ့။ အခုကတော့ ရေလွတ်ရာမှာ ဟိုတစ်ခုဒီတစ်စုနေကြတာပေါ့။ တောင်ပေါ်တွေမှာ ရေလွတ်တဲ့နေရာတွေမှာပေါ့နော်။
မေး - အန်တီတို့နေတဲ့တဲကရေထဲမျောသွားပြီဆိုတော့ ရေပြန်ကျသွားရင် ဘယ်လိုလုပ်ဖို့တွေးထားတယ်။
ဖြေ - ဒါကတော့ အခြေအနေပြန်ကြည့်မှရမှာပေါ့နော်။ ရေကျသွားပြီးရင် အခြေအနေပြန်ကြည့်ပြီးတော့မှ စဥ်းစားရမှာပေါ့။ ဘာမှကိုမစဥ်းစားတတ်သေးပါဘူး။
မေး - အန်တီတို့ရွာဘက်မှာ ရေးဘေးသင့်နေတဲ့သူတွေကို လာကူညီတဲ့သူတွေ၊ အဖွဲ့တွေရှိလား။ ဘယ်လိုတွေကူညီပေးနေလဲ။
ဖြေ - ဘာမှမရှိပါဘူး။ ဘယ်သူမှမလာကြပါဘူး။ မီးသတ်တွေဘာတွေလည်း ဘာမှမရှိဘူး။ အကူအညီတွေလိုနေတယ်လေ။ အခုကတော့ဖြစ်သလို လုပ်နေရသလိုဖြစ်နေတယ်။ ကူညီကြစေချင်တယ်။
မေး - အခုလိုရေကြီးနေတဲ့ကြားကပဲ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်ဆိုတော့ အဲဒီအပေါ်မှာရောစိုးရိမ်တာမျိုးရှိလား။
ဖြေ - အားလုံးကတော့စိတ်ပူနေရတာပဲ။ လက်နက်ကြီးလည်း ကြောက်ရတယ်။ လေယာဥ်လာမှာကိုလည်းကြောက်ရတယ်။ ရေဘေးကြောင့်လည်း ဘာဆက်လုပ်ရမလဲဆိုပြီးဒုက္ခရောက်တယ်။ ဒုက္ခကတော့ ဒုက္ခချည်းပါပဲ။
နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦး
မေး - တနင်္သာရီမြို့နယ်ထဲမှာ ဘယ်ရွာတွေမှာရေကြီးနေတယ်ဆိုတာလေး အရင်ဆုံးပြောပြပေးပါ။
ဖြေ - တနင်္သာရီမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၉ ခုရှိတယ်။ အခုက ကျေးရွာအုပ်စု ၁၉ စုလုံးက ရေကြီးနေတယ်။ အိမ်တွေကအမြင့်မတူတော့ အမျိုးမျိုးပေါ့။ မြေနိမ့်ပိုင်းကအိမ်တွေဆိုရင် အကုန်မြုပ်တယ်။ နှစ်ထပ်အိမ်တောင် ခေါင်မိုးပါမြုပ်သွားတာ။ လောလောဆယ် အိမ်ပျက်စီးတာက နှစ်ဆယ်လောက်အနည်းဆုံးရှိတယ်။ ရေနဲ့မျှောလာတာတောင် အိမ်ဆယ်ဆောင်လောက်ရှိမယ်။ ကမ်းပါးကနေမြင်နေရတာပဲ။
မေး - အိမ်တွေပါတစ်ဆောင်လုံးရေနစ်နေတယ်ဆိုတော့ ဘယ်လိုတွေနေထိုင်နေကြလဲ။ ဘာတွေအဓိကလိုအပ်နေကြလဲ။
ဖြေ - ခေါင်မိုးပေါ်မှာတက်နေကြတာရှိတယ်။ ချုပ်တန်းပေါ်မှာတက်နေကြတာတွေလည်းရှိတယ်။ ပြောင်းနေတာကလည်း ကျေးရွာအုပ်စု ၁၉ ခုလုံးကပြောင်းနေနေရတာပဲ။ လိုအပ်တာကတော့ အများကြီးပေါ့နော်။ အိမ်တွေပါ မြုပ်သွားတာဆိုတော့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အစစအရာရာပေါ့။ ဆေးဝါးတွေရော အင်္ကျီအဝတ်အစားတွေရော။ အဓိကလိုအပ်တာကတော့ စားရေးသောက်ရေးပေါ့။
မေး - အစ်မတို့အနေနဲ့ ဘယ်လိုဟာတွေကို အဓိကကူညီလုပ်ဆောင်ဖြစ်လဲ။
ဖြေ - လက်ရှိမှာတော့ အရေးပေါ်ပြောင်းရွှေ့ပေးတာတွေ နေရာချပေးတာတွေအဓိကလုပ်နေတာပေါ့။ ပြီးတော့ လောလောဆယ် စားရေးသောက်ရေး အဆင်ပြေအောင်ပေါ့။ ဆန်နဲ့လိုအပ်တာတွေ အိမ်တွေမှာလိုက်ပြီး လှူဒါန်းတာမျိုးတွေပေါ့။
မေး - စားရေးသောက်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုဟာတွေလှူဒါန်းပေးနေလဲ။ အဲဒါတွေကလုံလောက်မှုရှိလား။
ဖြေ - ကျမတို့သွားလှူတာက ဆန်နဲ့စားသောက်ကုန်ပဲ။ အဲဒါက မိသားစုများတဲ့အိမ်တွေဆိုရင် တစ်ရက်စာပဲရမယ်။ မိသားစုနည်းရင်တော့ နှစ်ရက်စာရမယ်ပေါ့နော်။ အဲလောက်အနေအထားပဲရမယ်။ အဲတော့ လုံလောက်မှုက မရှိဘူး။ ကိုယ်တွေမှာလည်း ဒီလိုအခြေအနေကို ကြိုမသိဘူးလေ။ အဲတော့ ဒီအခြေအနေအတွက်ဘာမှ ကြိုတင်မပြင်ဆင်မထားရဘူး။ ပြီးတော့ ဖုန်းလိုင်းတွေကလည်းပြတ်နေတယ်။ တချို့ရွာတွေမှာဖြစ်နေတာတွေကို အချိန်နဲ့တပြေးညီ မသိရဘူးပေါ့။ အခုကတော့ လှူမယ့်ရိက္ခာတွေက ကျမတို့ဆီမရှိတော့ပြီ။ အားလုံးကုန်သွားပြီ။ အခုဆိုရင် ကျေးရွာရှစ်ရွာပေါ့နော်။ အဲဒီမှာ လိုက်လှူတာ ဆန်အိတ်ပေါင်း သုံးရာလောက်ကုန်တယ်။ ဒီသုံးရာမှာတောင် အိမ်စေ့မရဘဲ ကျန်ခဲ့တာတွေလည်းရှိတယ်။
မေး - လှူမယ့်ရိက္ခာတွေမရှိတော့ဘူးဆိုတော့ ဘယ်လိုဖြစ်လို့လဲ။ အဲဒီအခြေအနေကိုလည်းပြောပြပေးပါဦး။
ဖြေ - ကျမတို့ဆီကို ရေဘေးအတွက်လာလှူတဲ့သူကသိပ်မရှိဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း လှူကြတာမရှိဘူး။ NUG တို့လိုအဖွဲ့တွေရောပဲ။ ရေကြီးနေတဲ့ကြားကပဲ ငှက်ဖျားတွေလည်းဖြစ်ကြတယ်။ အရမ်းသွားလှူချင်တယ်။ ကုန်ကျစရိတ်ကလည်းများတယ်။ ကျန်းမာရေးထောက်ပံ့မှုပေးနိုင်မယ့်သူတွေလည်းလိုတယ်။
မေး - စားဖို့သောက်ဖို့လုံးဝမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေရောရှိလား။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ ရှိတယ်။ အခုကလမ်းကြောင်းတွေအကုန်မြုပ်နေတော့ ခန့်မှန်းပြီးသွားရတဲ့ အနေအထားတွေဖြစ်တယ်။ ဘယ်ရွာကတော့ ဘယ်နားလောက်မှာရှိတယ်ဆိုတာမျိုးပေါ့နော်။ အဲဒါကြောင့် သစ်ပင်တွေကြားမှာ ခြံတွေထဲမှာ ဖြစ်နေတဲ့အိမ်တွေဆိုရင် ကျန်ခဲ့တာရှိတယ်။ သူတို့မှာက သွားစရာလာစရာကလည်း ဝါးဖောင်တွေပဲရှိတယ်။ အိမ်မှာပဲနေတဲ့အနေထားဆိုရင် ခက်ခဲကြတယ်။ ရှိတာရှာစားနေရတာတွေရှိတယ်။
မေး - ကင်းနီကျွန်းဒေသခံတစ်ယောက်က သူတို့ရွာတွေဘက်မှာ ဘာအကူအညီမှမရဘူးလို့ပြောတယ်။ ဘယ်လိုအခြေအနေကြောင့်လဲ။
ဖြေ - ကင်းနီကျွန်းတို့ ကျောက်လုံးကြီးတို့က စစ်တပ်ကြောင့်ပြောင်းရွေ့နေထိုင်နေရတဲ့ရွာတွေပေါ့နော်။ ဒီဘက်ကနေဆိုရင် လုံးဝလက်လှမ်းမမှီဘူး။ ကျောက်လုံးကြီးဆိုရင် တစ်ရွာလုံးပြောင်းနေရတဲ့ရွာပါ။ လက်နက်ကြီးပစ်တာတို့၊ လေယာဥ်နဲ့ဗုံးလာကြဲတာတို့ရှိတယ်။ ကျမတို့ဘက်ကနေ မနက် ၆ နာရီသွားရင် အဲဒီကိုညနေ ၆ နာရီလောက်မှရောက်မယ်။ ရေဆန်ကိုလှေနဲ့အကြာကြီးတက်ရတယ်။ ပြီးတော့ သွားမယ်ဆိုရင် လုံခြုံရေးလည်းကျန်သေးတာပေါ့နော်။ ကိုယ်ကသွားထောက်ပံ့မယ်ဆိုရင် သူတို့ (စစ်ကောင်စီတပ်သားတွေ) ဘယ်အပေါက်ကနေထွက်လာမယ်ဆိုတာ ကိုယ်မသိရဘူး။ ပရဟိတသမားတွေမှာက ဘာသေနတ်တွေ၊ လက်နက်တွေမှမပါဘူး။ လိုက်ပစ်ရင်ဘာမှ ပြန်မလုပ်တတ်ဘူးလေ။ ကုန်းကြောင်းလမ်းဆိုရင် ကျမတို့လက်နက်ကြီးတွေ ဗုံးတွေကြားမှာသွားနိုင်တယ်။ သွားပြီးကူညီခဲ့တာတွေလည်းရှိတယ်။ ပြေးလို့ ပုန်းလို့ရတယ်လေ။ အခုရေလမ်းကျတော့ သွားလို့အဆင်မပြေဘူးပေါ့နော်။ အဲလိုနေရာတွေကိုကူညီဖို့ ကျမတို့တိုင်ပင်ထားတာတွေတော့ရှိတယ်။ အလှူရှင်တွေမရှိသေးတော့ မသွားရဖြစ်နေတယ်။
မေး - အစ်မတို့အဖွဲ့အပြင် တနင်္သာရီမြို့နယ်အတွင်းမှာဘယ်အဖွဲ့တွေက ကူညီပေးနေတာရှိလဲ။
ဖြေ - ကျမတို့ဘက်မှာဆိုရင် တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရှိမယ်၊ ကျမတို့နွေဦးမေတ္တာအဖွဲ့ရှိမယ်၊ ကိုယ့်ဘာသာလူစုပြီး လိုက်ကူညီနေတာတွေရှိမယ်၊ တခြားပရဟိတအဖွဲ့တွေကကူညီတာမျိုးရှိမယ်ပေါ့။ အရေးပေါ်အနေအထားမှာ လူသားချင်းစာနာတာကြောင့် လိုက်ကူညီနေကြတာမျိုးပေါ့။ မြို့ပေါ်မှာဆို ကြက်ခြေနီအဖွဲ့တွေရှိမယ်။
မေး - ရေကြီးပြီး ရေတွင်း၊ ရေကန်တွေအသုံးပြုလို့မရတော့ဘူးဆိုတော့ သောက်သုံးရေအတွက်ရောဘယ်လိုဖြေရှင်းနေကြလဲ။
ဖြေ - အဓိကကတော့ သောက်ရေပေါ့နော်။ အခုက မိုးရွာနေတော့ အဲဒါကိုပဲခံပြီး သောက်နေသုံးနေကြတာပေါ့။ မိုးတိတ်ပြီး ရေကလည်းမကျဘူးဆိုရင်တော့ သောက်ရေ၊ သုံးရေကခက်ခဲလာတော့မယ်။ အဲဒီအချိန်ဆိုရင်တော့ ရေလွတ်တဲ့နေရာက ရေတွင်းတွေမှာယူနိုင်ဖို့စီစဥ်ရမှာပေါ့။ ရှိနေတဲ့ ရေတွင်း၊ ရေကန်အများစုက ရေတွေဝင်ပြီးရွံ့တွေ၊ နွံတွေနဲ့ဖုံးကုန်ပြီလေ။
မေး - အခုရေကြီးနေတုန်းမှာပဲ လယ်သစ်ရွာဘက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ဗုံးလာကြဲတဲ့ဖြစ်စဥ်ရှိတယ်။ အဲဒီတော့ အခုလက်ရှိဒေသခံတွေစစ်ရေးနဲ့ပတ်သတ်ပြီး စိုးရိမ်နေတာတွေရောရှိလား။
ဖြေ - လေယာဥ်ကိုကြောက်ရတယ်။ မိုးတိတ်သွားလို့ နေထွက်လာပြီဆိုရင် လေယာဥ်ရန်ကိုကြောက်ရတယ်။ နေထွက်လာပြီဆို လေယာဥ်လာလာဝဲနေတာ။ ဘန်လောတို့ဘက်မှာဆိုလည်း လက်နက်ကြီးနဲ့ပစ်နေတာရှိတယ်။ လူတွေကတော့ ဗုံးကိုကြောက်နေကြတာပေါ့။ ဘယ်အချိန်မှာ လာပစ်ချမယ်ဆိုတာမသိဘူး။ ကိုယ့်ဘာသာ ရေထဲမျောပါမသွားအောင်လည်း နေရသေးတယ်။ ဗုံးလာကျမှာလည်းကြောက်ရသေးတယ်။ ပြေးမယ့်နေရာလည်းမရှိဘူး။ ဗုံးခိုကျင်းတွေလည်း သုံးလို့မရတော့ဘူးလေ။
မေး - အခုလိုမျိုးဆိုးဆိုးရွားရွားရေကြီးရေလျှံဖြစ်တာမျိုး အရင်က ရောဖြစ်ဖူးလား။ အခုရေက အချိန်ဘယ်လောက်ကြာကြာဆက်ရှိနိုင်တယ်လို့ ခန့်မှန်းလဲ။
ဖြေ - အရင်ကဆိုရင် အခုလိုပုံစံရေကြီးတဲ့က ၁၉၉၄ လောက်ကဖြစ်ဖူးတယ်။ ကျမတို့ရွာမှာ ရုတ်တရက်ဒီရေတက်လာတာပေါ့။ လူတွေလည်း အရေးပေါ် ပြောင်းရတယ်။ အခုကတော့ မြစ်အပေါ်ပိုင်းကရွာတွေ ရေပြန်ကျနေတာတော့ရှိတယ်။ ပင်လယ်နဲ့နီးတဲ့ တနင်္သာရီမြို့တို့ ပဝတို့ သရဖုံတို့ကျတော့ရေသိသိသာသာမကျသေးဘူး။ ချောင်းဖျားရေဆင်းပြီး ရေပြန်မြင့်တာမျိုးလည်း ရှိတယ်။ ရေဘယ်လောက်ကြာကြာရှိမလဲဆိုတာကတော့ မိုးရွာတာနဲ့အများကြီးမူတည်လိမ့်မယ်။ ပြောလို့မနိုင်ဘူး။ ကျမထင်တာ တစ်ပတ်ဆယ်ရက်လောက်တော့ ရှိနိုင်တယ်။ မိုးတအားရွာမယ်ဆိုရင်တော့ ပုံမှန်အခြေနေဖြစ်ဖို့ လနဲ့ချီအထိကြာနိုင်တယ်။ မိုးအပေါ်မှာမူတည်တယ်။
မေး - နောက်ဆုံးအနေနဲ့ ရေကြီးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ရေဘေးခံစားနေရတဲ့ ဒေသခံတွေကိုရော တခြားဒေသကလူတွေကိုရော ဖြည့်စွက်ပြီး ပြောပြချင်တာမျိုးရှိရင် ပြောပေးပါဦး။
ဖြေ - ဖြည့်စွက်ပြောရရင် ကျမတို့သတိပေးချင်တာရှိတယ်။ ရေတက်နေတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က ထောင်ထားတဲ့မိုင်းတွေရှိတယ်။ ဒီမိုင်းတွေက ရေကြီးတော့ရွေ့တတ်တယ်လေ။ ရေကြီးပြီးပြန်ကျတဲ့အချိန် ရွာသားတွေကလည်းသွားလာပြီး အလုပ်တွေပြန်လုပ်ကြမှာဆိုတော့ အဲဒါတွေနင်းမိမှာ ကျမတို့စိတ်ပူတယ်။ ဒီဟာကို သတိထားကြဖို့ ပြောချင်တာပါ။ အဲဒီမိုင်းတွေက ကျမတို့သိရသလောက် ရေဘယ်လောက်ပဲမြှုပ် ထားထားသွားထိတဲ့အချိန်ပေါက်နိုင်တယ်လေ။ အဲဒါကို အရမ်းစိတ်ပူတယ်။ ရေကျသွားသွားတဲ့အချိန်မှာလည်း တော်လှန်ရေးအဖွဲ့တွေက ကူညီပြီးရှင်းလင်းတာတွေကို လုပ်ဆောင်ပေးလို့ရအောင်ပေါ့။ အဓိကကတော့ ရွာသားတွေပေါ့နော်။ ဒီလိုဟာတွေကို သတိထားရမှာပါလားဆိုတာမျိုးကိုတွေးမိအောင် ကျမသတိပေးချင်တယ်။
The Tanintharyi Times
