မိုးကြီး ရေကြီး ကြုံတဲ့အခါ
မိုးကြီး ရေကြီး ကြုံတဲ့အခါ
မိုး သည်းသည်းမည်းမည်း ရွာပြီး ရေကြီးတဲ့ အခါမျိုးမှာ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခြေအနေတွေ အများကြီး ကြုံရတတ်ပါတယ်။ ဒါကြောင့် မိုးသည်း ရေကြီး ဖြစ်နေစဉ် နဲ့ ဖြစ်ပြီးချိန်တွေမှာ ကျန်းမာရေး မထိခိုက်အောင် လုပ်ဆောင်စရာတွေ သိးထားစေချင်ကြပါတယ်။
- မိုးကြီး ရေကြီး ဖြစ်နေချိန်မှာ
- တက်လာတဲ့ ရေတွေကို မထိတွေ့တာ ကောင်းပါတယ်၊ ရေကြီးတဲ့အခါ အဲဒီရေထဲမှာ အမှိုက်တွေ၊ ဓာတုပစ္စည်းတွေနဲ့ ရောဂါပိုးမွှားတွေ ပါလာတာမို့ အရေပြား ရောဂါအပါအဝင် ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်စေပါတယ်။ ရေကြီးတဲ့ ရေထဲ သွားလာထိတွေ့ရမယ်ဆိုရင် တိုက်ရိုက် မထိတွေ့အောင် အကာကွယ် အဝတ်အစားတွေ နဲ့ ဖိနပ်တွေ ဝတ်ဆင်ဖို့ လိုအပ်သလို ထိတွေ့ပြီးရင်လည်း လက်တွေ အသေအချာ ဆေးကြောရပါမယ်။
- အိမ်ထဲမှာသာ နေပါ။ တကယ်လို့ မိုးမိရင်လည်း အမိုးအကာအောက်ကို တတ်နိုင်သမျှ မြန်မြန် ရှာဖွေ ခိုဝင်ပါ။ ရေကြီးနေတဲ့ အထဲမှာ လမ်းလျှောက်တာ၊ ယာဉ်မောင်းတာတွေ မလုပ်ပါနဲ့။ ရေတိမ်တိမ် ကလေးတောင်မှ ခြေထောက်ကို ထိရှနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
- မိုးကြီး ရေကြီး ဖြစ်ပြီးနောက်မှာ
- အဲဒီ ရေတွေနဲ့ မထိတွေ့အောင် ဆက်လက် သတိပြုပါ။ ရေကြီးထားတဲ့ ရေတွေက ရောဂါပိုးမွှားတွေနဲ့ ညစ်ညမ်းမှုကို ရက်ပေါင်းများစွာကနေ သီတင်းပတ်တွေ တိုင်အောင် ရှိနေတတ်ပါတယ်။
- အဲဒီ ရေတွေ ထိမိထားတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ။ ရေကြီးတဲ့ ရေထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြား ရောဂါပိုး များစွာ ကပ်ငြိနေပြီး ရောဂါ ပေါင်းစုံ ဖြစ်စေနိုင်ပါတယ်။ အဲဒီရေတွေ ထိတွေ့ထားတဲ့ အစားအသောက် အားလုံးကို စွန့်ပစ်ရမှာပါ။
- သောက်ရေတွေကိုလည်း ကြိုချက်သောက်သင့်ပါတယ်၊ ရေကြီးတဲ့ ရေတွေ ထိတွေ့ထားတဲ့ သောက်ရေတွေမှာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် နဲ့ တခြား ပိုးမွှားတွေ ကပ်ြငိနေတာမို့ သောက်သုံးမယ့် ရေတွေကို မသောက်သုံးမီ အနည်းဆုံး ၅ မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပြီးမှ သောက်သင့်တာပါ။
- အိမ်မှာ အပျက်အစီးတွေ ရှိမရှိ စစ်ဆေးပါ။ ရေကြီးတာက အိမ် အဆောက်အဦတွေ ၊ လျှပ်စစ်စနစ်တွေ၊ ရေပိုက်တွေ ပျက်စိးဆုံးရှုံးစေတတ်ပါတယ်။ တခုခု ပျက်စီး ထိခိုက်နေတယ်လို့ သံသယ ရှိရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသ စစ်ဆေးပြီးမှသာ အိမ်ထဲ ပြန်ဝင်သင့်ပါတယ်။
- ရေစိုစွတ်ပြီးရင် mold လို့ ခေါ်တဲ့ ဖားဥ ပုံစံ မှိုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီ မှိုတွေက စိုစွတ်တဲ့ ဝန်းကျင်မှာ ပေါက်ပွားလာကြတာပါ။ အဲဒီ မှိုတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ဓာတ်မတည့်မှုတွေ နဲ့ တခြား ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေတာကြောင့် တိုက်ချွတ် ဖယ်ရှား ပစ်ရပါမယ်။
- စိတ်ကျန်းမာ ကြံ့ခိုင်ဖို့လည်း ဂရုစိုက်ရပါမယ်။ ရေကြီးတာက စိတ်မှာ အနာတရ ဖြစ်စေတဲ့ ထိခိုက်မှုတခုပါဘဲ။ကိုယ့်ဖာသာ မဖြေဖျောက်နိုင်တဲ့ စိတ်ဖိစီးမှုမျိုး ကြုံခဲ့ရင်တော့ နှစ်သိမ့် အညးပေးမှု ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးရပါမယ်။
- မိုးကြီး ရေကြီးချိန်မှာ အထောက်အကူပြုမယ့် သိမှတ်စရာတွေ
- မိုးလေဝသဆိုင်ရာ သတင်းတွေ၊ သတိပေးချက်တွေကို အမြဲ စောင့်ကြည့်နေသင့်ပါတယ်။ သတင်းတွေ အရ ကိုယ့်အိမ်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း လုပ်ထားသင့်ပါတယ်။
- အရေးပေါ် အစီအစဉ်တွေ ရှိထားသင့်ပါတယ်။ ရေကြီး လာရင် ဘာတွေ လုပ်ရမယ် ဆိုတာ သိဖို့ အရေးကြီးပါတယ်။ အိမ်ကို အပျက်အစီးနည်းအောင်စီမံဖို့၊ ဘယ်ကိုသွားမယ် ဆိုတာ သိဖို့ နဲ့ မိသားစုတွေ ဘယ်လို ဆက်သွယ်ကြမယ် ဆိုတာတွေ နည်းလမ်း ရှာဖွေထားရပါမယ်။
- အရေးပေါ် အစုံပါတဲ့ အိတ် တခုလောက်တော့ စုစည်းထားရပါမယ်။ အဲဒီထဲမှာ စားစရာ၊ သောက်ရေ၊ သောက်နေကျ ဆေးဝါး စသဖြင့် တစုံတရာ အကြောင်းရှိရင် မဖြစ်မနေ သယ်ဆောင်သွားရမှာတွေ ပါဝင်အောင် ထည့်သိုထားသင့်ပါတယ်။
- သတင်း ပြတ်လပ်မှု မရှိအောင် သတိထား နေရပါမယ်။ ရေကြီးနေတဲ့ အခြေအနေ၊ ကယ်ဆယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ လမ်းပန်း အခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိနေအောင် ကြိုးပမ်းရပါမယ်။
အထက်မှာ ဝေမျှခဲ့တာလေးတွေ လိုက်နာခြင်းအားဖြင့် မိမိကိုယ်တိုင်ရော ၊ မိသားစု အသိုင်းအဝိုင်း တွေကိုရော ရေကြီး မိုးကြီး ကာလ မှာ ကျရောက်တတ်တဲ့ အန္တရာယ်တွေ ကာကွယ် ပေးနိုင်မှာ အသေအချာပါဘဲ။ ။
The Tanintharyi Times
