အပျိုစင်ယဉ်ကျေးမှု အရွေ့
အပျိုစင်ယဉ်ကျေးမှု အရွေ့
အိမ်ထောင်မကျမီကာလ ရေတစ်စက်မရောတဲ့ အပျိုစင်တစ်ယောက်ဖြစ်ခြင်းကို မိန်းမတစ်ယာက်ရဲ့ တန်ဖိုးလို့ဆိုသော် အသက်၄၀နဲ့အထက် ကာလသားကြီး၊ ကာလသမီးကြီးတွေက လက်သီးလက်မောင်းတန်း ထောက်ခံကြမယ်လို့ ထင်တယ်။
အိမ်ထောင်မကျမီ အပျိုစင်စစ်ဖြစ်ခြင်းကို မိန်းမတစ်ယောက်အတွက် ဧရာမတန်ဖိုးတစ်ရပ်လို့ ကျနော်တို့လူ့အဖွဲ့အစည်းက မျိုးဆက်အလီလီ ခေတ်လရှည်ကြာလက်ဆင့်ကမ်းသွန်သင်ခဲ့ကြတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းက မိန်းမတွေရဲ့တန်ဖိုးကို ဗိုင်းကောင်းကျောက်ဖိ လို့လည်း ဆိုတယ်။
မိန်းမဆို ပျိုပျို အိုအို လူရှေ့သူရှေ့တွေမှာ ယားလို့တောင် မကုပ်ရဲ၊ အောင့်အီးသည်းခံနိုင်စွမ်းကို မိန်းမတို့ရဲ့ အိန္ဒြေလို့ မြှောက်ထိုးပင့်ကော်ခဲ့ကြသေးတယ်။ မိန်းမဆိုတာ ယားရင်လည်း အောင့်ခံ၊ ရယ်မိတဲ့အခါဆိုလည်း တော်ရုံတန်ရုံထက် ပိုမရယ်နဲ့၊ ဝတ္ထုတချို့ထဲက အမျိုးသမီးဇာတ်ကောင်တွေဆိုရင် ပါးစပ်ကို လက်ဖဝါးနဲ့ မလုံ့တလုံအုပ်ကာ တိုးတိုးညှင်းညှင်းရယ်ပြတဲ့အထိ၊ အိန္ဒြေကြီးလှတဲ့ မိန်းမတို့ရဲ့စတိုင်ကို အဲဒီလိုဖွဲ့နွဲ့ခဲ့တယ်။
ဒီနေ့ခေတ် အခမဲ့ လွတ်လပ်စွယ်စုံကျမ်း ဝီကီပီးဒီးယားမှာတောင် “မိန်းမတို့အိန္ဒြေရွှေပေးလို့ မရ”ဆို တဲ့စာသားကို ဖော်ပြထားပြီး “မိန်းမမြတ်တို့သည် မိမိတို့အိန္ဒြောကို အထူးစောင့်ထိန်းကြသည်”လို့တောင် အနက် ဖွင့်ထားသေးတယ်။
ဘုန်းကြီးတွေလိုပဲ မိန်းကလေးတွေ လမ်းသွားတဲ့အခါ ဘေးဘီဝဲယာ မျက်လုံးမကစားရ၊ ရှေ့တည့် တည့်ကိုတောင်ရှေ့မလှမ်းမကမ်းကိုသာ ကြည့်ရတာ မိန်းမတို့ရဲ့ အိန္ဒြေလို့လည်း မှတ်သားခဲ့ရဖူးတယ်။အဲဒီ လို အိန္ဒြေကြီးတခွဲသားနဲ့အိမ်တွင်းပုန်းဘဝနဲ့ ဖြစ်နိုင်ရင် ရည်းစားသနတွေဘာတွေလည်းမရှိ၊ မိဘပေးစားတဲ့ လင်သားကို ဘုရားအမှတ်နဲ့ကိုးကွယ်ကာ လင့်ဝတ္တရား၊သားသမီးဝတ္တရားတွေနဲ့လုံးချာလည်။ အသက်တွေ ကြီးလာတော့ ဥပုသ်စောင့်၊ ပုတီး တဂျောက်ဂျောက်စိပ်။လူဘဝဆိုတာ ဘာမှလည်း မမှန်ဘူးသလိုဘာမှ လည်း မမှားဖူးဘူးဆိုတာကိုလည်း မိန်းမတို့ရဲ့ တန်ဖိုးလို့ဆိုရမယ်ထင်ရဲ့။
အခု အသက်၅၀ကျော်အရွယ် ဘွဲ့ဒီဂရီနှစ်ထပ်ကွမ်းနဲ့သင့်တင့်ဝင်ငွေ ပုံမှန်ရနေတဲ့ ကျနော့်မိတ်ဆွေ ကိုသော်ကြီးကလည်း မိန်းမကောင်း မိန်းမမြတ်ဆိုတာကို အဲဒီလိုပဲ ဒီနေ့ထိဖွင့်ဆိုတယ်။ကိုယ်နဲ့ရမှ ကိုယ့်မိန်းမ အပျိုစင်စစ်ဘဝကို စွန့်တယ်ဆိုတာမျိုးကိုလည်း ကိုသော်ကြီးတို့ မျိုးရိုးအစဉ်အဆက် ဂုဏ်ယူလေ့ရှိကြ တယ်။
ကိုသော်ကြီးတို့က တရုတ်နွယ်ဖွားတွေ။သူတို့ဘိုးဘွားတွေလက်ထက် မင်္ဂလာဦးကုတင်ပေါ်တက် သွားတဲ့ အပျိုရည်စွန့်တော့မယ့် သတို့သမီးဟာ အပျိုစစ်၊မစစ် မွေ့ယာပေါ် ပိတ်ဖြူခံကာ အဲဒီပိတ်ဖြူပေါ် သွေးစွန်း၊မစွန်း စောင့်ကြည့်ခဲ့ကြတယ်လို့ ဂုဏ်ယူစွာ ပြောလေ့ရှိတယ်။
အပျိုစင်စစ်ဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်အပျိုရည်အမှေးပါးစုတ်နေတာမို့ မင်္ဂလာဦးည ပိတ်ဖြူပေါ်သွေးမစွန်းခဲ့ရင် အဲဒီမိန်းကလေးခမျာ ဘဝတစ်သက်တာကြမ္မာဆိုး ဝင်တဲ့ကိန်းနဲ့ကြုံရ။ အပျိုစင်မ ဟုတ်ဘူးဆိုတဲ့စွပ်စွဲချက်နဲ့ လင်နဲ့ လင့်အသိုင်းအဝိုင်းကြား ရာသက်ပန်အနှိမ်ခံ အပယ်ခံဘဝ။
“အဲဒီလို ပိတ်ဖြူပေါ် သွေးမစွန်းလို့ ယောက္ခမအသိုင်းအဝိုင်းက တစ်သက်လုံး နှိမ်တာမျိုး ကြားခဲ့ဖူး တယ်”လို့လည်း ကိုသော်ကြီးက ပြောပြဖူးတယ်။
ကိုသော်ကြီးမှာလည်း အခု အသက်၄၀ကျော်အရွယ်ယောကျာ်းသားအများစုရဲ့ ရောဂါ အပျိုစင်စိတ္တဇ ရှိရုံတင်မက ငါယူတဲ့မိန်းမ ရည်းစားသနတောင် မထားဖူးသူဖြစ်ရမယ်လို့တောင် အတ္တကြီးခဲ့တယ်။
ဒါပေမဲ့၊သူ ကိုယ်တိုင်ကတော့အသက်၂၀စွန်းစအရွယ်မှာတင် ပြည့်တန်ဆာတစ်ဦးရဲ့ ပေါင်ပေါ် လူပျိုရည် စတင်စွန့်ခဲ့ပြီး နောက် အကြိမ်ကြိမ်အလီလီ။နယ်မြို့တစ်မြို့မှာ အဆောင်နေကျောင်းသားဘဝနဲ့အဆင့်မြင့်ပညာ သွား ရောက်သင်ယူခဲ့စဉ်ကလည်း အဲဒီမြို့သူ၃ယောက်လောက်နဲ့ ရည်းစားဖြစ်။ရည်းစား၂ယောက်နဲ့လည်း အချစ်နယ်ကျွံခဲ့မိတာ အခါခါ။
ဒါပေမဲ့၊ကိုသော်ကြီး အိမ်ထောင်ပြုတော့ သူ့မိဘတွေပေးစားတဲ့ အပျိုစင်စစ်စစ်လို့ ယုံရသူနဲ့ လက်ထပ်ခဲ့တယ်။ကိုသော်ကြီးက သူ့မိန်းမဟာအပျိုစစ်စစ်တင်မက ရည်းစားသနတောင် မထားဖူးသူလို့လည်း ယူခါစ ၅နှစ်ကျော်အထိ စကားကြုံတဲ့အခါတိုင်း ဂုဏ်ယူစွာ ပြောလေ့ရှိတယ်။
ဒါပေမဲ့၊အိမ်ထောင်ကျပြီး ၇နှစ်၊၈နှစ်အကြာ ဘယ်ကဘယ်လို သိရှိသလဲမသိ။သူ့မိန်မဟာ သူ့အိမ်နီးချင်းတစ်ယောက်နဲ့ နှစ်အတန်ကြာ ရည်းစားဖြစ်ခဲ့တယ်လို့ ဆိုတယ်။အိမ်နီးချင်းလည်းဖြစ်၊အပြန်အလှန် သူ့ အိမ်ကိုယ့်အိမ် ဝင်ထွက်သွားလာနေကြပြီး နှစ်ဦးတည်း အပြင်ထွက်ကြတာမျိုးလည်း မရှိကြတာကြောင့် သူတို့ ရဲ့သမီးရည်းစားဘဝဟာအင်မတန်သိုသိုသိပ်သိပ်၊လူမသိ။
ကိုသော်ကြီး အဲဒီသတင်းကိုကြားပြီးနောက် သူ့ဘာသာအကျယ်ချဲ့ ဆက်တွေးတော့တယ်။အိမ်နီး ချင်းဖြစ်ခဲ့ရုံတင်မက နှစ်အတန်ကြာ ရည်းစားဖြစ်ခဲ့တာကြောင့် အနည်းဆုံးအဆင့် ညဘက် ခြံထဲချိန်းတွေ့နိုင် ပြီး အခန်းထဲတောင် ညဘက်ခိုးဝင်နိုင်တယ်လို့ တွေးကာ သူ့မိန်းမ သူနဲ့ယူတဲ့အချိန်မှာအပျိုအစစ်တောင် ဟုတ်ရဲ့လားလို့ သံသယဝင်တော့တယ်။
“မင်း စဉ်းစားကြည့်ကွာ၊ငါက ရည်းစားတောင် မထားဖူးဘူးလို့ ထင်ခဲ့တာ။အခုတော့ ဒင်းက အတူ တောင်အိပ်ခဲ့ဖူးသလားမသိဘူး”လို့ ရီဝေရောင်သန်းနေတဲ့ ညနေခင်းတစ်ခုမှာကိုသော်ကြီး အဲဒီလို ရင်ဖွင့် တယ်။
သူ့မိန်းမက ရည်းစားဖြစ်ခဲ့ဖူးတာကို ဝန်ခံပေမဲ့ လက်ကိုင်ဖူးတာထက်ပိုတဲ့ ဆက်ဆံရေးတောင်မရှိဘူး လို့ ကျိန်တွယ်ပြောပေမဲ့ ကိုသော်ကြီးက မယုံ၊စိတ်ထဲတနုံ့နုံ့။
“မင်းပဲပြောတော့ မင်းမိန်းမက အပျိုအစစ်ဆို”
“ယူတုန်းက အဲလိုထင်တာ၊ရည်းစားလည်းမထားဖူးဘူးဆိုတော့။အခု ရည်းစားရှိတာသိတော့ အပျိုစစ် တာဟုတ်ချင်မှ ဟုတ်မှာပေါ့။ဟုတ်တယ် ထားဦးတော့၊ သူတို့ဘယ်အဆင့်ထိဖြစ်ခဲ့သလဲ သိနိုင်မလား”
“အဲဒီတွေ အရေးကြီးတော့လို့လားကွာ။မင်းတို့အိမ်ထောင်သက်လည်း မနည်းတော့ဘူး။မင်းမိန်းမ လည်းမင်းနဲ့ ယူပြီးတောက်လျှောက် ဘာမှ ဖောက်ပြန်တာမှ မဟုတ်တာ။မင်းသာ ကေတီဗီက ကောင်မလေး နဲ့ ငြိနေတာ”
“ငါက ယောကျာ်းလေး၊ပြဿနာမရှိဘူး။ဒီလောက်တော့ရှိမှာပဲ။မိန်းမက အရေးကြီးတာကွ”တဲ့။
ကိုသော်ကြီးတို့ ဖိုဝါဒကြီးက အဲဒီလို ကြောက်စရာ။ယောကျာ်းဖြစ်ခြင်းက ခြွင်းချက်တွေ ရှိနေတဲ့သ ဘော။ယောကျာ်းဟေ့ဆို အိမ်ထောင်ကျပြီးလည်း ရည်းစားလောက် ထားလို့ရတဲ့သဘောလားလို့ မေး လိုက်တော့ ဖန်ခွက်ထဲက လက်ကျန်ကိုသာ ကိုသော်ကြီး မော့ချလိုက်တယ်။
အပျိုဘဝတုန်းက သူ့မိန်းမ ရည်းစားထားခဲ့မိမှုမှာမူ တကယ့်ကို ပြဿနာကြီး။ ကိုသော်ကြီး ရင်ထဲမှာ တနုံ့နုံ့နဲ့ မပြီးနိုင်တာမို့ မူးလာတဲ့အခါတိုင်း သူ့မိန်းမကို ရန်လုပ်တယ်။မိန်းမကဘယ်လိုပြောပြော မယုံဘူးဆို တာချည်း။ မိန်းမက မခံနိုင်လို့ပြန်ပြောတော့ ရန်ဖြစ်ကြ။သူတို့အိမ်ထောင်ရေးဟာ အဲဒီအချိန်ကစ မသာမ ယာ။အခု အသက်၅၀ကျော်တဲ့ထိတိုင် ကိုသော်ကြီး မူးလာတဲ့အခါ အပျိုစင်စိတ္တဇနဲ့ ခပ်ရိရိစကားတွေနည်း နည်းတော့ ပါလာမြဲမို့ သူ့မိန်းမခမျာ ကိုသော်ကြီး မူးလာမှာကို ကြောက်နေရတယ်လို့ ဆိုရဲ့။
ကိုသော်ကြီးတင် ဘယ်ကမလဲ။ရန်ကုန်မြို့သား ကိုဝင်းမောင်ခမျာလည်း အပျိုစင်စိတ္တဇက ဖိစီး လွန်းလေတော့ သူ့သမီး၃ယောက် အတွက် ပူပန်ခဲ့ရတာ အခု သူ့အသက်၅၀ကျော်အထိ အပူလှိုင်းကြီးနေဆဲ။ ကိုဝင်းမောင်ကျတော့ မိန်းမနဲ့က ဘာပြဿနာမှမရှိ။ သူ့အပူလုံးကြီးက သူ့သမီးတွေ အိမ်ထောင်မကျမီ အပျို စင်မဖြစ်တော့မှာ စိုးရိမ်ကြောင့်ကြ၊အဲဒီကိစ္စက သူ့ရင်ဘတ်ထဲ မီးမြှိုက်ထားသလိုမျိုး။
သူ့သမီးတွေ ကျူရှင်သွားတာကအစ သူတို့လင်မယား အပို့အကြို၊ဘယ်သွားသွား မျက်ခြေမပြတ်၊ဝတ် တာစားတာကအစ လုံလုံခြုံခြုံ၊ကိုဝင်းမောင်တို့ခေတ် ဗိုင်းကောင်းကျောက်ဖိနည်းစဉ်အတိုင်း ပိပိပြားပြားပျိုး ထောင်မှုနဲ့ တန်ဖိုးရှိတဲ့မိန်းမကောင်းဖြစ်ရေး။ကိုဝင်းမောင်တို့ လင်မယားနှစ်ယောက်တက်ညီလက်ညီ သူတို့ သမီးတွေ အိမ်ထောင်မကျမီအပျိုရည်မပျက်ဖို့ အသဲအသန် ကာကွယ်စောင့်ရှောက်ကြ။
သမီးကြီးနဲ့ သမီးလတ်က သူ့ခေတ်အခါအရ ထိန်းသိမ်းရမခက်လှပေမဲ့ အခုသူတို့ သမီးငယ် အသက် ၂၀ကျော်အရွယ်ရောက်လာတဲ့အချိန်ကျတော့ တော်တော့်ကို မလွယ်။ဂျင်းဘောင်းဘီအကျပ်ဝတ်တော့လည်း ဝတ်ပြန်ပြီ၊စကတ်အတိုဝတ်တော့လည်း ကိုဝင်းမောင် ဒေါသထွက်ရ။အခု အခန်းထဲငုတ်တုတ်ထိုင်နေရင်း ရည်းစားထားလို့ရနေတဲ့ ပင့်ကူမျှင် အင်တာနက်ခေတ်မှာ သူ့သမီးငယ် ရည်းစား၂ယောက်တောင် ရပြီးပြီလို့ ကြားတော့ ညအိပ်ရာဝင်တိုင်း သွေးကျဆေးသောက်နေရ။
“အကြီး၂ယောက်က အိမ်ထောင်ကျသွားလို့ စိတ်အေးရပေမဲ့ အငယ်မက မလွယ်ဘူးကွာ။ပြောရင် လည်း ပြန်ပြောတယ်။ရည်းစားလည်း ရနေတယ်။အပြင်သွားရင် ဖုန်းပိတ်ချင်လည်း ပိတ်ထားတယ်”လို့ ကို ဝင်းမောင် ချွေးဒီးဒီးကျ ညည်းပြတယ်။
ခေတ်ကြီးက ပြောင်းနေပြီဆိုတာကို ကိုဝင်မောင်လက်မခံ။ အပျိုစင်ဖြစ်ခြင်း၊မဖြစ်ခြင်းဟာ မိန်းမ တစ်ယောက်ရဲ့တန်ဖိုးမဟုတ်တော့ဘူးလို့ ဆိုတော့ လက်သီးကို ကျစ်ကျစ်ပါဆုပ်မြဲ။
“မိန်းမတစ်ယောက်ဟာ အိမ်ထောင်မကျခင် အပျိုစင်ဖြစ်ဖို့ မလိုဘူးလား”
“လိုတဲ့သူအတွက် လိုမှာပေါ့။ အပျိုစင်မဖြစ်လို့လည်းဘာမှမဖြစ်ဘူးလို့ ပြောနေတာမဟုတ်ဘူး။အ ပျိုစင်ဖြစ်ကိုဖြစ်ရမယ်လို့လည်း ပြောနေတာမဟုတ်ဘူး။အပျိုစင်ဖြစ်ခြင်း၊မဖြစ်ခြင်းဟာ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးလို့ မသတ်မှတ်တော့တာကိုပြောတာ”လို့ ကျနော်ကဆိုတော့ ကိုဝင်းမောင် ငေးငေါင်မြဲ။
သူ့သမီးငယ် စင်ကာပူမှာ ကျောင်းသွားတက်ချင်တဲ့ကိစ္စ ကိုဝင်းမောင်ရဲ့ အဲဒီစိတ်ကြောင့်ပဲ ချိတုံချိချ။
အသက်၂၀ရှိပြီဖြစ်တဲ့ ကျနော့်တူကတော့ သူတို့ခေတ်အမျိုးသားလူငယ်တွေကိုယ်တိုင်က ကိုယ့်ရည်း စား၊ကိုယ့်ယူမယ့်မိန်းမ အပျိုရောစစ်ရဲ့လားဆိုပြီး အာရုံများနေသူ မရှိသလောက် ရှားသွားပြီလို့ ဆိုတယ်။
“ယောကျာ်းတွေကျတော့ ကဲလို့ရတယ်။မိန်းကလေးကျမှ အပျိုစစ်မှ တန်ဖိုးရှိမယ်ဆိုတာမျိုး လာလုပ် လို့မရဘူးလို့ကျနော်တို့ခေတ် ကောင်မလေးတွေကိုယ်တိုင်က အဲဒီလိုပြောလာတာ”လို့လည်း ကျနော့် တူက ဆက်ပြောတယ်။
တန်ဖိုး ဆိုတာက ခေတ်ကာလအလိုက် အပြောင်းအလဲဖြစ်လာတာ ဘယ်ဆန်းမလဲ။ကျနော်တို့ ၄၀ကျော်၊၅၀နဲ့ဟိုဘက် အန်းဒိတ်ကြီးတွေ ဆုပ်ကိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ဂျန်နရေးရှင်း ဇက် တို့ရဲ့ ရှုမြင်ချက်နဲ့ တော်တော့်ကိုအ လှမ်းကွာသွားတာသေချာတယ်။ဒီနေ့ခေတ်ကိုကိုယ်ဆုပ်ကိုင်ထား တဲ့ တန်ဖိုးနဲ့ တိုင်းထွာနေမယ်ဆိုရင် ကိုဝင်းမောင်လို တောက်လောင်နေရမှာလည်း သေချာတယ်။
အပျိုစင်ယဉ်ကျေးမှုရဲ့ တန်ဖိုးကို ငြင်းပယ်မှုမှာ ကျား၊မတန်းတူရေး တောင်းဆိုချက်နဲ့ ဆက်စပ်နေတာ တွေ့ရတယ်။
အခု စာရှုသူတွေကရော အပျိုစင်ယဉ်ကျေးမှုအပေါ် ဘယ်လို ထင်မြင်မိပါသလဲ။
ထွန်းလင်း
The Tanintharyi Times
