လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်

လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်

ဈေးမှာ ကုန်စိမ်းထမ်းတဲ့ ကောင်လေးတစ်ယောက် ဆန္ဒပြမှုနဲ့ ထောင်ထဲရောက်သွားခဲ့တယ်။ ဖုန်းဆက်ခွင့်ရတော့ သူကပဲ အထဲကနေပြီး သူ့မိန်းမကို အားပေးနေရှာရဲ့။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားဖို့အကြောင်း၊ တစ်နေ့ သူပြန်လွတ်လာတဲ့အခါ ပြန်ပြီးရှာဖွေလုပ်ကိုင်ကျွေးမယ်ဆိုတဲ့အကြောင်း စကားတွေနဲ့ နှစ်သိမ့်လို့ နေရှာပါတယ်။ “ပူမနေပါမိန်းမရယ်၊ ဈေးကြီး ရှိနေသရွေ့ ငါတို့ လုပ်စားလို့ ရပါသေးတယ်” တဲ့။ ဟုတ်တာပဲ။ စိတ်ဓာတ်ခိုင်မာပြီး အကောင်းမြင်တတ်သူရယ်လို့ သူ့ကို စိတ်ထဲကနေ ချီးကျူးမိပါတယ်။ နောက်တစ်လလောက်ကြာသွားတဲ့အခါ ဖုန်းဆက်ခွင့်ရပြန်တော့ အဲဒီကောင်လေးဟာ သူ့မိန်းမနဲ့ စကားပြောဖြစ်ပြန်တယ်။ သူ့မိန်းမပြောလို့ သိရတာက သူတို့အားကိုးတဲ့ ဈေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မီးလောင်သွားတယ်ဆိုပဲ။

ငြိမ့်လွင့်

The Tanintharyi Times