“လက်နက်နဲ့အုပ်ချုပ်နေတဲ့ခေတ်မှာ အသက်ရင်းပြီးတော့ ဘယ်သူမှမပြောဆိုရဲကြဘူး”

“လက်နက်နဲ့အုပ်ချုပ်နေတဲ့ခေတ်မှာ အသက်ရင်းပြီးတော့ ဘယ်သူမှမပြောဆိုရဲကြဘူး”

ခဲမဖြူ၊ အဖြိုက်နက်အများဆုံးထွက်ရှိပြီး ရွှေနဲ့ ကျောက်မီးသွေးတွေလည်း တူးဖာ်ထုတ်လုပ်ကြတဲ့ တနင်္သာရီတိုင်းမှာ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အစိုးရလက်ထက်က သယံဇာတတူးဖော်ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ခွင့်တွေကိုထိန်းချုပ်တင်းကြပ်တာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ထိန်းသိမ်းကြပ်မတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ကိုင်ခွင့်ထိန်းချုပ်တာ၊ ထိခိုက်မှုကြပ်မတ်တွေမရှိတော့တဲ့အပြင် တရားမဝင် သယံဇာတတူးဖော်ထုတ်လုပ်မှုတွေက တစ်နှစ်ထက်တစ်နှစ်ပိုပိုများလာနေပါတယ်။ ပရမ်းပတာသတ္တုတူးဖော်ထုတ်လုပ်မှုတွေကြောင့် ဒေသခံတွေရဲ့ လူမှုဘဝ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေပေမယ့် ဘယ်သူကမှ ထုတ်ဖော်ပြောဆိုဖို့ မဝံ့ရဲကြပါဘူး။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာ သတ္တုတူးဖော်ထုတ်လုပ်တဲ့ လုပ်ကွက်တွေအနီးအနားက ဒေသခံတွေကို မေးမြန်းထားပါတယ်။

(တောင်ပိုင်းသားတို့အသံ)

အသက် ၃၂ အရွယ်အမျိုးသား(ကံပေါက်ကျေးရွာ၊ ရေဖြူမြို့နယ်)

မေး – ကိုယ့်ရွာအနီးအနားမှာ သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလား။ အာဏာမသိမ်းခင်ကထက် ဘယ်လောက်များလာလဲ။
ဖြေ – အရင်က ဒယ်လ်ကို (delco) နဲ့ ပုပ္ပါး(popa) ကုမ္ပဏီနှစ်ခုပဲ ရှိတယ်။ စစ်တပ်အုပ်ချုပ်ပြီးမှ ခဲလုပ်ကွက်(အသစ်)တွေပေါ်လာတာပါ။ ခြံမြေကွက်တွေဝယ်ပြီးတူးဖော်နေကြတာ လုပ်ကွက်ပေါင်းနှစ်ဆယ်ကျော်လောက်ရှိမယ်ထင်ရဲ့။ လုပ်ကွက်တွေကတော့ အရမ်းမကြီးဘူး။ အသင့်အတင့်နဲ့ အသေးစားလုပ်ကွက်တွေပဲ။

မေး – ခဲတူးတာတွေရဲ့ နောက်ဆက်တွဲအကျိုးအဆက်တွေအနေနဲ့ရော ဘယ်လိုတွေဖြစ်လာတာမျိုးရှိလဲ။
ဖြေ – မိကျောင်းအိုင်ချောင်းဆိုရင် အမှိုက်တွေတောင် ကောင်းကောင်းမစီးချင်တော့ဘူး။ လူတွေကလည်း အဲဒီချောင်းထဲကိုပဲ အမှိုက်ပစ်တာ။ ရေမစီးတော့ အမှိုက်တွေ ဒီနားဒီနားမှာပဲသောင်တင်နေတယ်။ အရင်က ချောင်းနံဘေးမှာ စိုက်ခင်းတွေရှိတယ်။ ကန်စွန်း၊ ရုံးပတီလိုမျိုး စိုက်ခင်းတွေပေါ့။ အခု အဲဒီစိုက်ခင်းတွေလည်း မဖြစ်ထွန်းတော့ဘူး။

မေး – စိုက်ခင်းတွေက ဘာလို့မဖြစ်ထွန်းတာလဲ။
ဖြေ – ဒယ်လ်ကိုကုမ္ပဏီက စွန့်ထုတ်လိုက်တဲ့ နုန်းတွေစီးလာလို့ ဘာမှစိုက်မရတော့တာ။ အဲဒီနားက ခြံရှင်တစ်ယောက်ပြောတာတော့ အပင်တွေ စိုက်သေစိုက်သေပဲတဲ့။

မေး – ရွာက ရေချောင်းတွေရော အရင်ကနဲ့ ဘာကွာသွားတာမျိုးရှိလဲ။
ဖြေ – ရေချောင်းတွေကတော့ ခုနကပြောသလို ရေကောင်းကောင်းမစီးတော့တာတွေရှိတယ်။ ပြီးတော့ ရေကလည်း မကြည်တော့ဘူး။ ကျွန်တော်ငယ်ငယ်ကဆို မိကျောင်းအိုင်ချောင်းထဲမှာချည်းပဲ။ ဒီနောက်ပိုင်းဆိုရင် ကလေးတွေလည်း အဲဒီချောင်းထဲမှာ မဆော့ကြတော့ဘူး။ လူကြီးတွေလည်း ခွင့်မပြုကြတော့ဘူး။ ကျွန်နော်ဆိုလည်း ဖြတ်လျှောက်လောက်ပဲ လုပ်ဖြစ်တော့တယ်။

မေး – ဘာလို့လူကြီးတွေက သူတို့ရဲ့ကလေးတွေကို အဲဒီချောင်းမှာ ရေကစားဖို့ ခွင့်မပြုကြတော့တာလဲ။
ဖြေ – ရေက အစီးမသန်တော့ အနည်ထိုင်နေတဲ့နုန်းတွေနဲ့ လူတွေပစ်ထားတဲ့အမှိုက်တွေနဲ့ ရေကမသန့်တော့ဘူး။ ချောင်းထဲမှာ ရေဆော့ပြီး‌ နေမကောင်းဖြစ်မှာ အရေပြားပြဿနာတွေဖြစ်မှာစိုးလို့ထင်တယ်။

မေး – ပုံမှန်အားဖြင့် မိုးရာသီတွေမှာဆိုရင် သတ္တုလုပ်ကွက်တွေက မြေစာတွေချောင်းထဲကျလို့ ချောင်းရေနောက်တာ၊ ချောင်းကောတာ၊ ရေလျှံတာတွေဖြစ်လေ့ရှိတယ်။ ဒီနှစ် မိုးရာသီမှာ ဘယ်လိုဖြစ်တာတွေရှိနေလဲ။
ဖြေ – ဒီနှစ်မိုးရာသီမှာ သိသာနေတာက စက်အင်းတွေအများကြီးပဲ။ ရွာထဲကနေရာတော်တော်များများစက်အင်းကြီးတွေတွေ့လာရတယ်။ ချောင်းကတော့ ပိုပိုပြီးကျယ်လာတယ်။ ချောင်းနံဘေးမှာရှိတဲ့ လူနေအိမ်တွေ၊ ခြံတွေ၊ လယ်တွေထဲထိ ရေတွေကဝင်လာတယ်။

မေး – စက်အင်းဆိုတာဘယ်လိုမျိုးကိုပြောတာလဲ။ ချောင်းတွေကရော ဘယ်လိုဖြစ်ပြီးကျယ်လာတာလဲ။
ဖြေ – စက်အင်းဆိုတာက အခုနောက်ပိုင်းခဲလုပ်ကွက်တွေပေါ်လာတယ်မလား။ အဲဒီလုပ်ကွက်တွေမှာ မြေတူးစက်တွေနဲ့တူးကြတယ်လေ။ အဲဒီစက်တွေနဲ့ တူးပြီးကျန်တဲ့ ရေအိုင်ကြီးတွေပေါ့။ အဲဒီလိုကျန်ခဲ့တဲ့ နေရာတွေက ဘာအပင်မှစိုက်လို့မရတော့ဘူးလေ။ တောပြုန်းတောင်ပြုန်းဖြစ်ကုန်တာပေါ့။ ချောင်းကျယ်လာတာက သတ္တုလုပ်ကွက်တွေကနေ ဆင်းလာတဲ့ နုန်းတွေနဲ့ အနည်ထိုင်လို့ ဖြစ်လာတာ။ ချောင်းမှာ နုန်းတွေအနည်ထိုင်လာတော့ ချောင်းကတိမ်လာပြီး ရေတွေကရေချာင်းအတိုင်းမစီးတော့ဘူး။ အဲဒါနဲ့ ရေတွေက နံဘေးခြံထဲထိရောက်ကုန်တဲ့သဘောပေါ့။ ကျွန်တော်တို့ အသက်အရွယ်တစ်ခုရောက်လို့ ဒီလုပ်ငန်းတွေသာ ဆက်ရှိနေအုံးမယ် ဆက်လုပ်နေကြအုံးမယ်ဆိုရင် ရွာတွေ ရေလွှမ်းသွားနိုင်တယ်။

မေး – သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလို့ ဒေသခံတွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ – ဒယ်လ်ကိုလိုကုမ္ပဏီကြီးတွေကြောင့် ဖြစ်နေတာကတော့ ချောင်းတွေတိမ်လာတာ စိုက်ခင်းတွေလုပ်လို့မရတော့တာကို နှစ်တွေအကြာမှာ လက်ညှိုးညွှန်ပြလို့ရနေပြီ။ ဒါပေမယ့် မနှစ်နဲ့ဒီနှစ်ထဲမှာပေါ်လာတဲ့ ခဲလုပ်ကွက်လေးတွေကြောင့်ကတော့ သိပ်မသိသာသေးဘူး ပြောရမယ်။ နှစ်တွေကြာလာရင်တော့ ရုပ်လုံးပေါ်လာလောက်တယ်။ ဘာလို့ဆို အခုတစ်နှစ်မပြည့်တပြည့်အချိန်ခဏလေးအတွင်းမှာတင် စက်အင်းတွေ နေရာတကာတွေ့လာရတယ်။ ဒါပထမအချက်ပေါ့။ ပြီးတော့ စက်သံကြောင့် လုပ်ကွက်နဲ့အနီးအနားအိမ်တွေက ဆူညံသံတွေခံနေရတယ်။ ဒါကသိသာတဲ့အချက်တွေပေါ့။

မေး – ဒီလိုသက်ရောက်မှုတွေကို ဒေသခံတွေအနေနဲ့ ဘယ်လိုတုံ့ပြန်တာမျိုးတွေရှိလဲ။
ဖြေ – လောလောဆယ် ဘယ်သူမှတော့ဘာမှမပြောဘူး။ မြေဝယ်တဲ့သူတွေကလည်း ဝယ်နေတုန်းပဲ။ ရောင်းတဲ့သူတွေကလည်း ရောင်းထုတ်နေကြတုန်းပဲ။ တုံ့ပြန်ဆို လက်နက်နဲ့အုပ်ချုပ်နေတဲ့ခေတ်မှာ အသက်ရင်းပြီးတော့ ဘယ်သူမှမပြောဆိုရဲကြဘူးဖြစ်နေတာပေါ့။

မေး – အခုလိုအတိုင်းသာဆက်ပြီး သတ္တုလုပ်ကွက်တွေဆက်တူးနေရင် ရေရှည်မှာဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ – နှစ်တွေသာကြာလာရင်တော့ စိုက်ခင်းတွေလုံးဝပျောက်သွားတာ ရေတွေမကောင်းတော့တာ ခဲဆိပ်သင့်တာမျိုးပေါ့။ ပြီးတော့ ချောင်းတွေအကုန်ကောကုန်တာ၊ လူတွေလည်းနေစရာပျောက်လာမှာမျိုးတွေထိ အဆိုးဆုံးခြေနေထိ ဖြစ်လာနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကို လူတွေက မထိန်းကွပ်ရင် သဘာဝတရားက တုံ့ပြန်လာတဲ့အခါ အထိန်းအကွပ်မရှိ ပျက်စီးတာတော့ ကြုံရမှာပဲ။

မေး – ဒေသခံတစ်ယောက်အနေနဲ့ ဒီလိုဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ – အမှန်အတိုင်းပြောရရင် ကိုယ့်ရပ်ကိုယ့်ရွာထိခိုက်ပျက်စီးမှာကိုတော့ မလိုလားဘူး။ လုပ်ငန်းရှင်တွေက မြေလာဝယ်ရင် ဒေသခံတွေက ဘယ်လိုဖြစ်ဖြစ်မရောင်းကြဖို့ လူညီကြတာမျိုးတော့ဖြစ်ဖို့ လိုတယ်။ အဲလိုသာဆိုရင် လုပ်ငန်းရှင်တွေလည်း တွန့်သွားမှာပဲ။ ကျနော်တို့ဒေသလည်း ပျက်စီးလာမယ့်ဘေးကနေ အနည်းနဲ့အများတော့ Cover ဖြစ်မယ်ထင်ရတာပဲ။

(အိမ်ထောင်ရှင် အမျိုးသားတစ်ဦး(ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်)

မေး – ကိုယ့်ရွာအနီးအနားမှာ သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလား။ အာဏာမသိမ်းခင်ကထက် ဘယ်လောက်များလာလဲ။
ဖြေ – ကြိမ်ချောင်းနဲ့ သဘော့လိပ်မှာ အရင်ကမရှိဘူး။ အာဏာသိမ်းပြီးနောက်မှာ လုပ်ကွက်တွေရုတ်ခြည်းပေါ်လာတာပဲ။ သဘော့လိပ်မှာကျတော့ ၁၉၈၈ နောက်ပိုင်းတစ်ခါ ခဲတူးလိုက်သေးတယ်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ ခဲတူးတာ ရပ်လိုက်တယ်။ အခု အာဏာသိမ်းပြီးနောက်မှာ အစုလိုက်အပြုံလိုက်ပြန်ပေါ်လာတာ။

မေး – ခဲတူးတာတွေရဲ့ နောက်ဆက်တွဲအကျိုးအဆက်တွေအနေနဲ့ရော ဘယ်လိုတွေဖြစ်လာတာမျိုးရှိလဲ။
ဖြေ – ချောင်းကောလာတယ်။ ကျွဲထိန်းကွင်းနဲ့ ပျို့အိုင်နားမှာ သဘော့လိပ်ဘက်ကို သွားတဲ့ ချောင်းတစ်ချောင်းရှိတယ် အဲဒီချောင်းဆိုရင် လူကြီးအရပ်ကျော်တဲ့ နေရာမှာတောင် နွေရာသီဆိုခြေကျင်းဝတ်လောက်ပဲရှိတာမျိုးရှိတယ်။ ချောင်းက တော်တော်လေးကို ကောသွားတယ်။ အဓိက သဘော့လိပ်ခဲမိုင်းကြောင့်မို့ သဘော့လိပ်မှာခဲမိုင်းက အများဆုံးပဲ။

မေး – ရွာက ရေချောင်းတွေရော အရင်ကနဲ့ ဘာကွာသွားတာမျိုးရှိလဲ။
ဖြေ – ရေပြန်ကျသွားပြီးရင် နုန်းတစ်တောင်လောက်ထိကျန်ရစ်တဲ့နေရာတွေလည်း ရှိတယ်။ အရင်တုန်းကအင်းတွေဆိုရင် အခုကောနေတာတွေရှိတယ်။ ချောင်းတွေမှာဆိုရင်လည်း အရင်တုန်းက ကမ်းပါးတွေဆိုလည်း ကျယ်ပြန့်သွားတာတွေရှိတယ်။ အဓိကက ရေတိုက်စားတဲ့ ဟာတွေကြောင့်ပေါ့။ အရင်တုန်းကဆို မြေထိန်းနံရံတွေလုပ်ပေးတာရှိအုံးမယ်။ အခုအနေအထားက ဘာမှကိုမရှိတာ။ တနင်္သာရီမြို့နယ်က လူထုအတွက် ဘာအကျိုးခံစားခွင့်မှမရှိဘူး။ လူတစ်ဦးတစ်ယောက်အတွက်ပဲ ချမ်းသာလိမ့်မယ်။ နိုင်ငံတော်အတွက်အတွက်လည်း အကျိုးမရှိဘူး။ လူအတွက်လည်း အကျိုးမရှိဘူး။ အခြေအနေမကောင်းရင် အားလုံးခဲဆိပ်သင့်သွားနိုင်တယ်။

မေး- ပုံမှန်အားဖြင့် မိုးရာသီတွေမှာဆိုရင် သတ္တုလုပ်ကွက်တွေက မြေစာတွေချောင်းထဲကျလို့ ချောင်းရေနောက်တာ၊ ချောင်းကောတာ၊ ရေလျှံတာတွေဖြစ်လေ့ရှိတယ်။ ဒီနှစ် မိုးရာသီမှာ ဘယ်လိုဖြစ်တာတွေရှိနေလဲ။
ဖြေ – ဒီနှစ်မိုးရာသီကတော့ ရေမျက်နှာပြင်ပိုကျယ်လာတယ်။ ကျွန်တော်တို့ဘက်က ချောင်းတွေက နွေရာသီကျမှပိုသိသာတာဗျ။

မေး – သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလို့ ဒေသခံတွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ – နွေရာသီဆို ရေရှားတယ်။ ခဲတူးပြီးနောက်ပိုင်းမှာမှ ဒီလိုတွေဖြစ်လာတာ။ တောတောင်ရေမြေပြုန်းတီးတာတွေ၊ သယံဇာတတွေတူးဖော်တာတွေကြောင့် နှစ်စဉ်နှစ်တိုင်းမခမ်းတဲ့ရေတွေင်းတွေလည်း ခမ်းတယ်။ ချောင်းရေကလည်း ခြေကျင်းဝတ်လောက်ပဲကျန်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လည်း ထိခိုက်တယ်။ စိုက်ပျိုးဖို့အတွက် ချောင်းကနေ ရေသယ်လို့ မရတော့၊ ရေတွင်းရေကလည်း ခမ်းကုန်တာတွေကြုံလာရတယ်။

မေး – ဒီလိုသက်ရောက်မှုတွေကို ဒေသခံတွေအနေနဲ့ ဘယ်လိုတုံ့ပြန်တာမျိုးတွေရှိလဲ။
ဖြေ – တစ်ဦးတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ အများအနေနဲ့သော်လည်းကောင်း အဲဒီဟာက သွားပြောလို့ ရမှာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ်တိုင်က လုပ်နေတာဆို‌တော့ ဒီဟာက ဒီတိုင်းပဲရှိနေတာပေါ့။ ခေတ်ကောင်းလာတဲ့ အချိန်ကျရင်တော့ ဒီဟာတွေက စကားပြောလာရလိမ့်မယ်လို့ ယူဆတယ်။

မေး – လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ ဘယ်အဖွဲ့တွေကို ပြောတာလဲ။
ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်းမှာလေ့လာသိရှိရသလောက်ဆိုရင် KNU နဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်နေတဲ့ ခဲမိုင်းလို့သိထားရတယ်။ ကြိမ်ချောင်းမှာရော သဘော့လိပ်မှာရော နှစ်ခုစလုံးမှာပေါ့။

မေး – အခုလိုအတိုင်းသာဆက်ပြီး သတ္တုလုပ်ကွက်တွေဆက်တူးနေရင် ရေရှည်မှာဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ – သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ချောင်းကောတဲ့ ပြဿနာက ပိုဆိုးလာပြီး ရေတွေပါပျောက်သွားလိမ့်မယ်။ ပြီးရင်နောက်တစ်ခုက ရေတွေသောက်သုံးမိလို့ ခဲဆိပ်သင့်တဲ့ပြဿနာတွေက ရှိနေတယ်။ တချို့ကိစ္စတွေက ပြောမရဲဆိုမရဲ လုပ်မရဲကြလို့သာ အသံတွေတိတ်နေတာ။

မေး – ဒေသခံတစ်ယောက်အနေနဲ့ ဒီလိုဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ – အမှန်အတိုင်းပြောမယ်ဗျာ။ သယံဇာတတွေမတူးဖော်ရဘူးဆိုတာကတော့ ကျွန်တော့်ရင်ထဲမှာမရှိခဲ့ဖူးဘူးပေါ့ဗျာ။ တူးဖော်သင့်တဲ့အထဲမှာလည်းပါတယ်။ နိုင်ငံတော်အတွက် တကယ် အထောက်အပံ့ဖြစ်ခဲ့မယ်ဆိုရင် တူးဖော်လို့ရတယ်။ နိုင်ငံတော်ကလည်း တူးဖော်ပြီးရတဲ့ဟာကို ပြည်သူတွေမှာဘာတွေထိခိုက်သွားနိုင်တယ်၊ ထိခိုက်သွားတဲ့ဟာတွေအတွက် နိုင်ငံတော်က ပြန်လုပ်ပေးရမယ်။ အခုလောလောဆယ်ကျတော့ တစ်ဦးတစ်ယောက် အဖွဲ့တစ်စုအနေနဲ့ ချမ်းသာဖို့လုပ်နေကြတာဆိုတော့ ဒေသမှာ ရှိတဲ့လူတွေပဲထိခိုက်သွားမှာကိုး။ လုံးဝမတူးဖော်ရဘူးလို့တော့ ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်မပြောလိုဘူး။ ဒါပေမယ့် တူးဖော်ပြီးရင် ပြည်သူတွေအတွက် ခဲမိုင်းကရလာတဲ့အကျိုးအမြတ်တွေနဲ့ ဘာတွေဆက်လုပ်ပေးမှာလဲပေါ့။ အဲဒါမျိုးနှစ်ဦးနှစ်ဖက်အပြန်အလှန်ဖြစ်စေချင်တယ်။

ဒေသခံအမျိုးသားတစ်ဦး (ဇာဒီရွာ၊ ရေဖြူမြို့နယ်)

မေး – ကိုယ့်ရွာအနီးအနားမှာ သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလား။ အာဏာမသိမ်းခင်ကထက် ဘယ်လောက်များလာလဲ။
ဖြေ – ပယဘက်မှာပိုများလာတယ်။ အကြီးအကျယ်လုပ်လိုက်တာက ပြီးခဲ့တဲ့ ၂၀၂၃ မှာ။ အစကတည်းက နည်းနည်းပါးပါးတော့ ရှိတယ်။ ဒါပေမယ့် စစ်တပ်က ရွာထဲမှာလာထိုင်ပြီးနောက်မှာ စစ်တပ်နဲ့ပေါင်းပြီး ပိုပိုလုပ်လာကြတယ်။ မြေတွေအများကြီးဝယ်ပြီး လမ်းတလျှောက်လုံးလုပ်လိုက်တာ။ ကျွန်တော်တို့ဇာဒီဘက်မှာက လာလာစမ်းလုပ်ပြီး ပြန်ပြန်သွားတယ်။

မေး – လမ်းတလျှောက်ဆိုတာ ဘယ်နေရာလဲ။
ဖြေ – ဖက်တောင်မှာရယ်။ အုန်းပင်ကွင်းကနေ တောင်ပယထဲဝင်တဲ့ လယ်ကွင်းတောက်လျှောက်ပဲ ဝယ်ပြီးလုပ်နေတာ။ အခုဆိုရင် ၈ လလောက်ရှိပြီ။

မေး – ခဲတူးတာတွေရဲ့ နောက်ဆက်တွဲအကျိုးအဆက်တွေအနေနဲ့ရော ဘယ်လိုတွေဖြစ်လာတာမျိုးရှိလဲ။
ဖြေ – ရေချောင်းတွေနုန်းတက်ပြီး‌ ရေမကောင်းတော့ဘူး။ ချောင်းကမ်းဘေးမှာရှိတဲ့ ခြံတွေထဲရေတွေဝင်ကုန်တယ်။ ဇာဒီ၊ခွေးမဖော ၊ ပယ ဒီသုံးရွာအဓိကထိတာ။ ရေတွေကောင်းကောင်းမစီးနိုင်တော့ဘဲ ဘေးနားပြန့်ကြဲကုန်တာ။ ကမ်းနားခြံတွေထဲ ရေတွေဝင်ကုန်တယ်။ အဓိကပင်မချောင်းကတော့ ပယနဲ့ဇာဒီကြားဆက်ထားတဲ့ချောင်းပေါ့။ ချောင်းကြီးက ပိုပြဲလာတာ။

မေး – ဒီအကျိုးဆက်တွေက ဘယ်အချိန်လောက်ကစပြီး သိသာလာတာလဲ။
ဖြေ – ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင် လောက်ကတည်းကပဲ။

မေး – ရွာက ရေချောင်းတွေရော အရင်ကနဲ့ ဘာကွာသွားတာမျိုးရှိလဲ။
ဖြေ – ရာသီအလိုက်ကွာတယ်။ အရင် ပုံမှန်ချောင်းကမ်းနံဘေးအနက်တောင် လူနှစ်ရပ်လောက်ရှိတယ်။ အခုက နုန်းမြေတွေအနည်ထိုင်လာတော့ လူတစ်ရပ်လောက်တောင်မရှိချင်တော့ဘူး။ နွေရာသီဆို ခြေမျက်စိလောက်ထိပဲ ရေကကျန်တယ်။အရင်က သဲစက်တွေလုပ်ထားတဲ့ဒဏ်လည်းပါတယ်။ သဲလုပ်ကွက်တွေကတော့ အာဏာသိမ်းပြီး တစ်နှစ်လောက်ကတည်းက မလုပ်တော့ဘူး။ ဒါပေမယ့် အဲဒီတုန်းကတည်းက ကျန်တာနဲ့ ခဲလုပ်ကွက်တွေကစလိုက်တော့ ပိုဆိုးသွားတာ။ သဲလုပ်တုန်းကတည်းကတောင်ရေချောင်းကတိမ်နေပြီး အခုခဲလုပ်လိုက်တော့ ပိုဆိုးသွားတာပေါ့။

မေး – ပုံမှန်အားဖြင့် မိုးရာသီတွေမှာဆိုရင် သတ္တုလုပ်ကွက်တွေက မြေစာတွေချောင်းထဲကျလို့ ချောင်းရေနောက်တာ၊ ချောင်းကောတာ၊ ရေလျှံတာတွေဖြစ်လေ့ရှိတယ်။ ဒီနှစ် မိုးရာသီမှာ ဘယ်လိုဖြစ်တာတွေရှိနေလဲ။
ဖြေ – လယ်ကွင်းထဲရေတွေဝင်ပြီး အားလုံးနားထားရတယ်။ ရေစီးရေလာကောင်းဖို့လိုတယ်။ မိုးကောင်းကောင်းရွာတဲ့နှစ်တွေဆိုရင် ဇာဒီတံတားတွေထိ ရေထိတယ်။ ဒီနှစ်ကတော့ မိုးအစပဲရှိသေးတော့ သိပ်မပြောနိုင်သေးဘူး နောက်ထပ်စောင့်ကြည့်ရမယ်။

မေး – မလုပ်နိုင်တဲ့လယ်ဧက က ဘယ်လောက်လောက်ရှိလဲ။
ဖြေ – ဧကကတော့ ခပ်များများပဲ။ ဇာဒီတစ်ရွာတည်းမှာတောင် ဧကလေးဆယ်လောက်ရှိတယ်။

မေး – သတ္တုလုပ်ကွက်တွေအရင်ကထက် ပိုများလာလို့ ဒေသခံတွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ – လယ်တွေမလုပ်ရတော့ဘူး ချောင်းတွေတိမ်လာတယ်။ တချို့ စိုက်ခင်းတွေကလည်း လယ်တွေမှာ စိုက်ကြတာဆိုတော့ အဲဒါတွေလည်း မလုပ်ရတော့ဘူး။ မြေတွေမှာ နုန်းဆီတွေ မြေဆီတွေကျန်ခဲ့တယ်လေ။ ဒါတွေကအပင်အတွက် အကျိုးမဖြစ်ဘူး။

မေး – ဒီလိုသက်ရောက်မှုတွေကို ဒေသခံတွေအနေနဲ့ ဘယ်လိုတုံ့ပြန်တာမျိုးတွေရှိလဲ။
ဖြေ – ပြောခွင့်ရရင်တော့ ပြောကြမှာပေါ့။ ဒါပေမယ့် အခုက ဘယ်သူ့ကို သွားပြောရမှာလဲ။ အခုစစ်တပ်ကိုယ်တိုင်က လုပ်နေတော့ စစ်တပ်ကိုလည်းသွားမပြောရဲဘူး။ ကြောက်နေရတာကိုး။ ပြောခွင့်ရရင်တော့ အကုန်ပြောကြမှာပဲ။

မေး – အခုလိုအတိုင်းသာဆက်ပြီး သတ္တုလုပ်ကွက်တွေဆက်တူးနေရင် ရေရှည်မှာဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ – ရှိနေတဲ့စစ်တပ်အပေါ်မှာမူတည်တယ်။ သူတို့သာလက်ခံပြီးလုပ်နေရင် လယ်တွေ၊ ယာတွေဒီထက်ပိုဆုံးရှုံးလာမှာပဲ။ ပြီးတော့ အခုက လူတွေလည်း မရှိတော့ဘူးဆိုတော့ သူတို့လုပ်ချင်ရာလုပ်နေကြတာ။ ပြီးတော့ အခုက ရွာထဲမှာစစ်တပ်ဝင်နေနေတော့ ဇာဒီမှာ တစ်ရွာလုံးမရှိတော့ဘူး။ သူတို့လုပ်ချင်တာဆက်လုပ်လို့ ရအောင် တစ်ရွာလုံးကို ပထုတ်လိုက်သလိုတောင်ဖြစ်နေတယ်။

မေး – ဒေသခံတစ်ယောက်အနေနဲ့ ဒီလိုဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ – ခဲလုပ်ငန်းတွေဆက်မလုပ်တော့ရင်တော့ ပိုကောင်းတာပေါ့။ လောလောဆယ်ဖြစ်စေချင်တာကတော့ ဆုံးရှုံးသွားတဲ့လယ်မြေဧရိယာတွေအတွက် လျော်ကြေးငွေပေးဖို့၊ ပြီးရင် တိုင်လို့ရတဲ့ နေရာတစ်ခုရှိနေဖို့ ဒါတွေကို မြန်မြန်ဖြစ်စေချင်တာပဲဗျာ။ အခုက ထိုးပဲထိုးခံနေရပြီး ကိုယ့်ဘက်က ပြန်လုပ်လို့မရတဲ့အနေအထားမျိုးဖြစ်နေတယ်။

The Tanintharyi Times