ထားဝယ်က သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ကော်သူးလေတပ်မတော် မီးရှို့ဖျက်ဆီး
ထားဝယ်က သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ကော်သူးလေတပ်မတော် မီးရှို့ဖျက်ဆီး
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက သံသတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ကော်သူးလေတပ်မတော်က ဝင်ရောက်၊ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူနဲ့ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့မိုင်းလုပ်ငန်းခွင်ဟာ ဟိန္ဒားကျေးရွာအုပ်စု၊ ဖွတ်လက်တိုရွာချောင်းဖျားမှာတည်ရှိပြီး တောင်ပိုင်းကမ္ဘာကုမ္ပဏီက သတ္တုတူးဖော်နေပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၃၀ ခုနစ်အထိ အလတ်စားသတ္တုတူးဖော်ခွင့်ရထားတဲ့ အဲဒီသတ္တုလုပ်ကွက်ကို ဒေသခံတွေကဖိုးလမိုင်းလို့လည်းခေါ်ကြပါတယ်။
ဗိုလ်အယ်ခွီးဦးဆောင်တဲ့ ကော်သူးလေတပ်မတော်- KTLA အဖွဲ့ဟာ အခုလ ၇ ရက်နေ့က အဲဒီသတ္တုလုပ်ငန်းခွင်ရဲ့ ကုမ္ပဏီအဆောက်အအုံနဲ့ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

လုပ်ပိုင်ခွင့် သက်တမ်းမကုန်သေးပေမဲ့ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကုမ္ပဏီတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်ကတည်းက တဖြေးဖြေးပြောင်းရွှေ့သွားပြီး လုပ်ငန်းရပ်နားထားတာလို့ ဒေသခံတွေကပြောပါတယ်။
“ကုမ္မဏီကလူယုံတွေကတော့ မရှိတော့ဘူး။ ဂိုဒေါင်ထဲကပစ္စည်းတွေ စာရွက်စာတမ်းတွေအကုန်လုံး ဘာမှကိုမယူဘဲ ပြောင်းသွားတာ။ လက်ရှိ အစောင့်တချို့ပဲကျန်တယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ရုပ်သံမှာတော့ တပ်ဖွဲ့ဝင်တွေက အဆောက်အအုံတွေထဲ ဝင်ရောက်ရှာဖွေပြီး အဆောက်အအုံတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ၊ မြေတင်ကားတွေနဲ့ စက်ယန္တရားတွေကိုမီးရှို့နေတာကို တွေ့ရပါတယ်။
ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကတော့ မီးရှို့တဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ အသေးစိတ် တင်ပြလာတာမျိုးမရှိသေးတဲ့အတွက် သေသေချာချာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
“ကနဦးသိထားရတာကတော့ စကစရယ်၊ တရုတ်ရယ်၊ တပ်မဟာ ၄ ရယ် ပူးပေါင်းပြီး အဓိကလုပ်နေကြတဲ့ လုပ်ကွက်လို့ကြားသိရပါတယ်” လို့ ရဲဘော်ကိုချမ်းကပြောပါတယ်။
သတ္တုလုပ်ငန်းနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကတော့ အရှေ့တောဒေသက အကြီးစားနဲ့အလတ်စား သတ္တုမိုင်းလုပ်ငန်းတိုင်းဟာ စစ်ကောင်စီနဲ့ပတ်သက်နေတဲ့လုပ်ငန်းတွေချည်းဖြစ်သလို တပ်မဟာ ၄ ကလည်း အရင်ကတည်းက ပုံမှန် အခွန်ကောက်ခံနေတာမျိုးရှိတယ်လို့ ဆိုပါတယ်။
အခုမီးရှို့ခံရတဲ့မိုင်းလုပ်ငန်းဟာ ၂၀၂၀ ခုနစ်လောက်ကစလို့ မိုင်းတွင်း နှစ်ခု၊ သုံးခုလောက်အထိတူးပြီး အလုပ်သမားနှစ်ရာလောက်နဲ့ အကြီးအကျယ်သတ္တုတူးဖော်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
သတ္တုထုတ်ယူမှုကနေ ထွက်လာတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေနဲ့စွန့်ပစ်မြေစာတွေကြောင့် ချောင်းတွေတိမ်ကောသွားပြီး ဥယျာဥ်ခြံတွေပျက်စီးခဲ့ပါတယ်။
ကုမ္ပဏီလုပ်ငန်းရပ်နားပြီးနောက် ပြီးခဲ့တဲ့လလောက်ကတည်းက လက်လုပ်လက်စား သတ္တုလုပ်ကိုင်သူ ဒေသခံတွေ လာရောက်လုပ်ကိုင်နေကြပြီး ကော်သူးလေတပ်မတော်ကလည်း လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ်ဇွန်လကလည်း စစ်ကောင်စီခေါင်းဆောင်က အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ညွှန်ကြားထားတဲ့ ထားဝယ်မြို့နယ်၊ ဖောင်းတောရွာက ရေအားလျှပ်စစ်စီမံကိန်းဟောင်းက အဆောက်အအုံ၊ စက်ပစ္စည်းနဲ့ ဘတ်ဖိုးတွေကို ကော်သူးလေတပ်မတော်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
