“ဖုတ်ထွက်ချိန်”
“ဖုတ်ထွက်ချိန်”

သလွန်ညောင်စောင်း၊ ရွဲ့စောင်းစောင်းဝယ်
လူးလွန့်ကာသာ၊ ခါခါမြည်တမ်း
ဘယ်ညာရမ်း၍၊ ကြီးစွာဒုက္ခ
ခံရရှာသည်၊ တိုင်းပြည်ငယ်က
ဖုတ်ကောင်အို။
တိုင်းသူပြည်သား၊ လူအများ၏
ပို့သမေတ္တာ၊ မုန်းကျိန်စာကြောင့်
ငရဲထက်ဝယ်၊ လာမရောက်ခင်
ဘုံပေါက်နှင့်သည်၊ ကြီးစွကုသိုလ်
ဖုတ်ကောင်အို။
ကုသိုလ်ကြောင်းပြင်၊ တန်ဆာဆင်၍
ယုတ်မာနှလုံး၊ သွင်ဖုံးစေရန်
ဟန်ဆောင်မျက်နှာ၊ ချိုပါသော်ငြား
လူသတ်မိစ္ဆာ၊ မျိုးယုတ်မာသည်
မြန်မာပြည်က၊ ဖုတ်ကောင်အို။
မင်းဆိုးမင်းညစ်၊ မင်းသွေးမစစ်
သေနတ်အားကိုး၊ ဓါးလှံမိုး၍
ပြည်သူ့အာဏာ၊ တင်းလုပါလည်း
မေတ္တာမရ၊ ကျိန်စာရသည်
မျက်နှာငယ်နှင့်၊ ဖုတ်ကောင်အို။
တရားသောစစ်၊ အောင်ပွဲဖြစ်မည်
ပြည်သူနှလုံး၊ ပေါင်းစုရုံး၍
လွတ်မြောက်စေရန်၊ ညီညာကြိုးစား
ရုန်းသောအားကြောင့်၊ နီးကပ်လာသည်
နေဝင်ချိန်နှင့် ဖုတ်ကောင်အို။
ယမ်းယောင်မြည်တမ်း၊ ဖြန်းဖြန်းကြောက်လန့်
အားကိုးအံ့ဟု၊ ကောက်ရိုးမျှင်စာ
လိုက်၍ရှာလည်း၊ ဘယ်ခါမတွေ့
စီရင်နေ့တွင်၊ နိဂုံးကမ္ဗတ်
ဆုံးသတ်တော့မည်
ကြီးစွာသဲဖို၊ ဖုတ်ကောင်အို။
ပြည်သူ့နှလုံး၊ မသိမ်းကြုံးနိုင်
မနိုင်ဝန်ထမ်း၊ ကြမ်းကြမ်းယမ်းယုတ်
အာဏာပုဒ်၌၊ နှစ်ခြိုက်ပျော်ပါး
တရားမစောင့်၊ ဖြောင့်ဖြောင့်ဗုံးကြဲ
မီးရှို့ပွဲနှင့်၊ ဥစ္စာခိုးဝှက်
လူသတ်ပျော်ပါး၊ ပြုသောအားတွက်
ပေးဆပ်ရမည်
ရှုံ့တွလဲပြို၊ ဖုတ်ကောင်အို။
ကြမ္မာဆိုက်ငို၊ ဖုတ်ကောင်အို။
ဂျော့လင်းညို
The Tanintharyi Times