ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

လက်နက်ကြီး ထိမှန်လို့ စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်ထဲမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၊ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့အကြား ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

“တိုက်ပွဲတွေ ဖြစ်ပွားတာ ရှိပါတယ်၊ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက် လွယ်ထွယ်ရွာအနီးမှာပေါ့နော်၊ တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ အလောင်း ၁၀ လောင်း၊ ဒရုန်း ၁ စင်းနဲ့ လက်နက် ၁၀ လက် သိမ်းဆည်းရမိတာ ရှိပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တနင်္သာရီတိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်တွေဟာ မြို့အရှေ့ဘက်ရှိ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ပအိုဝ်းကျေးရွာ၊ ပအိုဝ်းနယ်မြေတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ဆီဆိုင်မြို့နယ် မီရဲ့ ရွာမှာပေါ့နော် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ရှောင်နေတဲ့ ပြည်သူလူထု ထိမှန်သေဆုံးခဲ့တာ ရှိပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆိုပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသွားရတဲ့ အမျိုးသမီး ၂ ဦးဟာ ထီရီးကျေးရွာကဖြစ်ပြီး မီးရဲ့ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေချိန် မီးရဲ့ရွာအတွင်း လက်နက်ကြီး ကျရောက်တာကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကလည်း ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာတွေအတွင်းကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တမင်သက်သက်ပစ်ခတ်နေတယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ သွားလာကြဖို့ကိုလည်း PNLA က တိုက်တွန်းထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ၅ လတာ အတွင်းမှာ ရှမ်းတောင်ရှိ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ရပ်စောက် စတဲ့ မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၄၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၀၀ ဝန်းကျင် သေဆုံးကာ ပြည်သူ ၇၀,၀၀၀ နီးပါး စစ်ရှောင်ခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ကောက်ယူရရှိထားတဲ့ စာရင်းအရ သိရပါတယ်။

The Tanintharyi Times