ရိက္ခာပို့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်

ရိက္ခာပို့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်

ပုံစာ - မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ရဲဘော်တွေ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခြေမြန်တပ်ရင်းကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကမ္မလိုင်းရွာအခြေစိုက်၊ ခြေမြန်တပ်ရင်း ခမရ (၅၅၈) ကနေ ခမရ (၅၆၁) ကို ဦးတည်နေတဲ့ အင်အား ၃၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ကနေ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်း မြေမအုံရွာအနီးသို့ အရောက် ဩဂုတ် ၉ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။

“ ပစ်ခတ်မှုက ခဏပဲဖြစ်တယ်ဗျ။ သူတို့ဘက်က တစ်ယောက်ထိတာနဲ့ ကျနော်တို့လည်း ပြန်ဆုတ်တာဗျ” လို့ စစ်ကြောင်း (၁) က ရဲဘော်တစ်ဦးက ဆိုပါတယ်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) တပ်ခွဲ (၁)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF တပ်ဖွဲ့နဲ့ မြိတ်ပကဖတို့ ပါဝင်ဖွဲ့စည်းထားပါတယ်။

နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတစ်ဦးကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး ည ၁၀ နာရီဝန်းကျင်မှာ ညောင်ပင်ကွင်းရွာ အခြေစိုက်တပ်ရင် ခမရ (၅၆၁) ကနေ ညောင်ပင်ကွင်းအနောက်ရွာနဲ့ မြေမအုံရွာဘက်ခြမ်းတွေကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ လက်ရှိ မြေမအုံရွာအနီးမှာပဲ ရှိနေဆဲဖြစ်တယ်လို့ မြေမအုံရွာဒေသခံတွေက ပြောပါတယ်။

“ စစ်ကြောင်းက ကျနော်တို့ရွာ အနီးဝန်းကျင်မှာပဲရှိနေသေးတော့ ကျနော်တို့လည်းသတိထားနေနေရတယ်ဗျ” လို့ မြေမအုံရွာဒေသခံ အမျိုးသားက ဆိုပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ လေးရက်အတွင်းမှာလည်း စစ်ကောင်စီရိက္ခာကားတန်းတွေနဲ့ ခြေလျင်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေမှာလည်း ပြီးခဲ့တဲ့ဇူလိုင် ၈ ရက်၊ တမုတ်ချုံးရွာအနီးကတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦး ကျဆုံးခဲ့သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများနေတဲ့ တနင်္သာရီမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ပြီးတဲ့ ဩဂုတ် ၇ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

The Tanintharyi Times