တနင်္သာရီက စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးတပ်တွေ လေးရက်ဆက် တိုက်ခိုက်

တနင်္သာရီက စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးတပ်တွေ လေးရက်ဆက် တိုက်ခိုက်

ပုံစာ - ခမရ ၅၆၁ တပ်ရင်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ရဲဘော်တွေ သွားရောက်တိုက်ခိုက်ခဲ့ချိန်။ ဓာတ်ပုံ - မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)

တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရင်းသုံးခုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လေးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်၊ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်နေ့တွေမှာ ခမရ (၅၅၇) တပ်ရင်းနဲ့ ခမရ (၅၅၈) တပ်ရင်းတွေကို ADF ဒရုန်းအဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပြပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁) တပ်ရင်းနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ ညောင်ပင်ကွင်းတံတားတို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့တိုက်ပွဲဖြစ်တာကတော့ မနေ့ကပါ။ ကျန်ရက်တွေက ဒရုန်းနဲ့ စစ်ဆင်ရေးလုပ်တာပါ။ စစ်ဆင်ရေးလေးရက်မှာ ရန်သူဘက်က ထိခိုက်ကျရှုံးတွေရှိပေမဲ့ အတိအကျကို အတည်ပြုနေဆဲဖြစ်တယ် “ လို့ စစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုပါတယ်။

ခမရ (၅၆၁) တပ်ရင်းကို သွားရောက်တိုက်ခိုက်ချိန်မှာ ၂ နာရီလောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

လေးရက်အတွင်း စစ်ကောင်စီတပ်ရင်းသုံးခုကို အကြိမ် ၂၀ လောက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခမရ (၅၅၇) နဲ့ ခမရ (၅၅၈) က တပ်ရင်းအဆောက်အအုံ တချို့ပျက်စီးခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်မှာပါဝင်တဲ့ ADF ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

“ကျနော်တို့ရဲ့ ကျဆုံးသွားတဲ့ မဟာမိတ်ရဲဘော်တွေအတွက် တုံ့ပြန်တိုက်ခိုက်နေတာပါဗျ” လို့ စဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် ၊ မနက်အစောပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်မှုကြောင့် သမုတ်ချုံးရွာအနီးမှာ စစ်ဆင်ရေးလုပ်ဖို့ရောက်ရှိနေတဲ့ Dragon Squad – TNI UAV Force ရဲ့ ဒရုန်းတပ်ဖွဲ့ဝင်ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာပါ။

လက်ရှိမှာ တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက တပ်သားတွေဟာ သမုတ်ချုံးရွာကနေ ပဝရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ တနင်္သာရီမြို့နယ် မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ကို မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)၊ မြိတ်ပကဖနဲ့ ADF ဒရုန်းတပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။

The Tanintharyi Times