တနင်္သာရီ မြို့နယ်ငါးခုက စစ်ကောင်စီတပ်သားတွေ တရက်တည်းတိုက်ခိုက်ခံရ

တနင်္သာရီ မြို့နယ်ငါးခုက စစ်ကောင်စီတပ်သားတွေ တရက်တည်းတိုက်ခိုက်ခံရ

ပုံစာ -လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေ။(photo-Nway Oo Guerrilla Force)

တနင်္သာရီတိုင်းထဲက တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း၊ လောင်းလုံးနဲ့ ထားဝယ်စတဲ့ မြို့နယ် ငါးခုက စစ်ကောင်စီတပ်သားတွေကို အခုလ ၃ ရက်နေ့ တစ်ရက်တည်းမှာပဲ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။

တနင်္သာရီမြို့နယ် မြေမအုံရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ကော်သူးလေအာမီ (KTLA)ပူပေါင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတို့ အခုလ ၃ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က ၁၀ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“စကစက မြေမအုံရွာပတ်ဝန်းကျင်မှာ ကင်းဝပ်နေတာကြာပြီ။ သူတို့ကလည်း အထွက် ကျနော်တို့ဆီကလည်းနယ်မြေလုံခြုံရေးလှုပ်ရှားအဖွဲ့နဲ့ သွားတိုးပြီး ပစ်ကြတာပေါ့။” လို့ KTLA-tcjf-Tanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညနေ ၅ နာရီခွဲဝန်းကျင်မှာပဲ ဘုတ်ပြင်းမြို့နယ် လေညာရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၀)ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းထားတဲ့ KTLA ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဆယ်မိနစ်ဝန်းကျင် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ KTLA-tcjf ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ခမရ(၅၆၀) တပ်ရင်းကနေ မနေ့ညနေကနေ ဒီကနေ့အထိ တပ်ရင်းအနီးဝန်းကျင်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

တစ်နေ့တည်းမှာပဲ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ပါကလပ်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်တွေ မနက်တစ်ကြိမ်၊ မွန်းလွဲတစ်ကြိမ်၊ ညတစ်ကြိမ်သုံးကြိမ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ဝင်တွေနေထိုင်တဲ့ စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်ရဲ့ ဇနီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနေ့ မွန်းတည့်ပိုင်းမှာပဲ ထားဝယ်မြို့နယ်၊ ဝက်သေရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

အဲဒီတိုက်ပွဲ‌တွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ကော့သောင်းနဲ့ဘုတ်ပြင်းမှာ အချိန်မရွေးစစ်ရေးအရှိန်မြှင့်သွားမယ်လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖော်ဆောင်နေတဲ့ ကော်သူးလေအာမီကလည်း သူတို့ရဲ့ တနင်္သာရီတိုင်း ကော်သူးလေတပ်မတော်က ကြေညာထားပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လတစ်လလုံးမှာ တိုက်ပွဲနဲ့ ပြောက်ကျားတိုက်ခိုက်မှုစုစုပေါင်း အကြိမ် လေးဆယ်ကျော် ဖြစ်ပွားခဲ့ပါတယ်။

The Tanintharyi Times