ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာတစ်ဝိုက်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်
ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာတစ်ဝိုက်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာတဝိုက်မှာ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အခုလ ၈ ရက်နေ့က ပကာရီကျေးရွာကတဆင့် တောလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ဟာ အခုလ ၁၀ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ ကျောက်မဲတောင်ရဲစခန်းကိုရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် မနေ့ကမနက်ပိုင်းမှာတော့ တောင်သုံးလုံးကျေးရွာဘက်ကို ခြေလျင်ဆက်လက်ထွက်ခွာလာချိန် ကျောက်မဲတောင်နဲ့ တောင်သုံးလုံးကျေးရွာကြားမှာ ပထမကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မှာလည်း မနက် ၄ နာရီခွဲလောက်ကစပြီး တောင်သုံးလုံးကျေးရွာတဝိုက်မှာ နှစ်ဖက်ပစ်ခတ်သံတွေထွက်ပေါ် နေတယ်လို့ဒေသခံတွေကဆိုပါတယ်။
“စစ်ကြောင်းရောက်လာတဲ့အချိန် ကြားဖြတ်ပစ်ခံထိတာမျိုးပါ။ ပစ်သံတွေကတော့ ငြိမ်သွားလိုက် ပြန်ပစ်လိုက်ပဲ။ သူတို့ဘာသာလည်း ရမ်းပစ်နေသေးတယ်။ လက်ရှိကတော့ ပစ်သံပြန်ငြိမ်နေတယ်” လို့ အရှေ့တောဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဒီကနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။
တိုက်ပွဲဖြစ်စဥ်အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက တောင်သုံးလုံးကျေးရွာက နေအိမ်တွေကို ရိုက်ဖျက်ပြီး မွှေနှောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ကျောက်တိုင်နားကအိမ်တွေကို ရိုက်ဖွင့်နေတာပါ။ လမ်းမတန်းပေါ်ကအိမ်တွေပါပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စတင်ဝင်ရောက်လာတဲ့အချိန် လမ်းတလျှောက်ကဒေသခံ ဆယ်ဦးကျော်ကိုဖမ်းဆီးခဲ့ပေမဲ့ ကျောက်မဲတောင်ရဲစခန်းရောက်တဲ့အချိန်မှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာသူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ကထောင်းနီ၊ မြောင်းပြို စတဲ့ရွာတွေက ဒေသခံတွေ နီးစပ်ရာကိုတိမ်းရှောင်နေကြပါတယ်။
အဲဒီကျေးရွာတွေဟာ အခုနှစ်ဖေဖော်ဝါရီလကစလို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် လေးလဝန်းကျင်လောက်အထိ စစ်ဘေးရှောင်ခဲ့ရတဲ့ရွာတွေဖြစ်ပါတယ်။
အခုလက်ရှိ ပကာရီရဲစခန်းမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားထပ်တိုးထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသဟာ KNU တပ်မဟာ ၄ ကတပ်ဖွဲ့တွေ၊ ကော်သူးတပ်မတော်(KTLA) တပ်ဖွဲ့တွေနဲ့ ထားဝယ်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားနေတဲ့ဒေသဖြစ်ပါတယ်။
The Tanintharyi Times
