တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် ကားလမ်းရက်ရှည်ပိတ်နေ
တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် ကားလမ်းရက်ရှည်ပိတ်နေ
တနင်္သာရီမြို့နယ်ထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကားလမ်းတွေရက်ရှည်ပိတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ပင်ကွင်း-မောတောင်လမ်းနဲ့ တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းတွေ အသုံးပြုမရဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ညောင်ပင်ကွင်းအနောက်ကမ်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဒရုန်းနဲ့တိုက်ခိုက်လို့ နှစ်ဖက်စစ်ရေးစပြီးတင်းမာခဲ့တဲ့ အခုလ ၈ ရက်နေ့ကစလို့ ညောင်ပင်ကွင်း-မောတောင်လမ်းပိုင်း ပိတ်နေတာလို့ သိရပါတယ်။
ညောင်ပင်ကွင်းအနောက်ကမ်းရွာမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၁) ရှိပြီး အဲဒီတပ်ရင်းအရှေ့မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာပါ။ အဲဒီဂိတ်ကပိတ်ချထားတဲ့အတွက် ကားလမ်းအသုံးပြုမရဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“ပြည်ထောင်စုကားလမ်းမပေါက်ခင်ကတည်းက ညောင်ပင်ကွင်း-မောတောင်လမ်းပိုင်းကို သုံးလာတာပါ။ ဒီလမ်းပိတ်လိုက်တော့ ကုန်တွေလည်းမဝင်တော့ဘူး။ လူတွေလည်း သွားလာလို့ စစ်ရှောင်ထွက်ပြေးလို့မရတော့ဘူး။” လို့ ညောင်ပင်ကွင်းရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ညောင်ပင်ကွင်း-မောတောင်လမ်းပိုင်းကို သုံးလို့မရတော့သလို တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကိုလည်း ဒီကနေ့ကစပြီးအသုံးမပြုဖို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်အသိပေးထားပါတယ်။
တနင်္သာရီဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာရွာမှာလည်း ဒီကနေ့မနက်က တိုက်ပွဲစဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် အခုလိုပိတ်ချလိုက်ရတာလို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
“လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်။ ကားလမ်းပေါ်ကျတာလည်းရှိတယ်။ နေရာပေါင်းစုံကျနေတယ်။ အန္တာရာယ်များလွန်းလို့ ပိတ်လိုက်တာပါ။” လို့ တိုက်ပွဲအတွင်းပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
လယ်တောင်ယာရွာတိုက်ပွဲကြောင့် ပြည်သူတချို့ နေရပ်စွန့်ခွာနေကြသလို တချို့ကလည်း ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်ချိန်လုံးဘုရားတနေကြတယ်။ ပစ်သံခတ်သံ ပတ်ပတ်လည်ကြားမှာနေနေရတယ်။ ရုတ်တရက်ထပြေးတော့ ပြေးပေါက်မတွေ့တော့ဘူး။ ကျွန်တော်တို့တစ်မိသားစုလုံးအိမ်မှာပဲ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လမ်းအသုံးပြုမရတာကြောင့် ကားရာချီပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက ခရီးသည်တင်ကားတွေကတော့ ပြန်လှည့်နေကြပြီး ကုန်ကားတွေကတော့ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း ကားလမ်းမတလျှောက်မှာ တိုက်ပွဲတွေကြောင့် ကားလမ်ရက်ရှည်ပိတ်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
The Tanintharyi Times
