ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင် ရာထူးက ဖယ်ရှားခံရ
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင် ရာထူးက ဖယ်ရှားခံရ
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာထဝီဆင်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုနဲ့ သြဂုတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာရာထူးက ဖယ်ရှားလိုက်လိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ကျင့်ဝတ်ပျက်ယွင်းသူတစ်ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာကြောင့် မလိုလားအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ကသောင်းကနင်းဖြစ်မှုတွေ ပေါ်ပေါက်စေနိုင်တဲ့အပြင် အစိုးရအဖွဲ့အတွင်း မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ရာထူးက ဖြုတ်ချလိုက်တာ ဖြစ်တယ်လို့ တရားရုံးကဆိုပါတယ်။
ဆေထာထဝီဆင် ဟာ သက်ဆင်ရှင်နာဝပ်ရဲ့ ရှေ့နေဟောင်း ပီချစ် ချွမ်ဘန်ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပီချစ် ချွမ်ဘန်ဟာ တရားရေးဝန်ထမ်းတစ်ဦးကို လာဘ်ပေးဖို့ ကြိုးပမ်းပြီး တရားရုံးကို မထီမဲ့မြင်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်အကျဥ်းချခံခဲ့ရသူ ဖြစ်ပါတယ်။
အိမ်ခြံမြေ သူဌေးကြီးတစ်ဦးလည်း ဖြစ်တဲ့ ဆေထာထဝီဆင်(၁၆) နှစ်အတွင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဖြုတ်ချတဲ့ စတုတ္ထမြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ဝန်ကြီးချုပ် ဆေထာထဝီဆင် ရာထူးကရပ်စဲခံရတာကြောင့် ထိုင်းလွှတ်တော်အနေနဲ့ အစိုးရ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ၁၅ ရက်အတွင်းဝန်ကြီးချုပ်တစ်ဦးတင်မြောက်ရမှာဖြစ်ပါတယ်။
နောက်တက်လာမယ့် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပါတီအသီးသီးက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းထားသူတွေထဲက ရွေးချယ်မှာ ဖြစ်ပါတယ်။
သက်ဆင်ရဲ့ ၃၇ နှစ်အရွယ် သမီးဖြစ်သူ ဖွေထိုင်းပါတီ ခေါင်းဆောင် ပက်တွန်တန် ရှင်နာဝပ် လည်း ဝန်ကြီးချုပ် ဖြစ်လာနိုင်ချေ ရှိပါတယ်။ ဒီလိုဆိုရင် သူမဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လပ်ရှင်နာဝပ်တို့ပြီးရင် ဝန်ကြီးချုပ်အဖြစ်တင်မြောက်ခံရတဲ့ တတိယမြောက် ရှင်နာဝပ်မိသားစုဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်နေရာအတွက် အခြား အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်ထဲရေးဝန်ကြီး အနုတင် ချမ်ဗီရာကူး (Anutin Charnvirakul) ၊ စွမ်းအင်ဝန်ကြီး ဖီရာဖမ် ဆာလီရထဗီးဖ (Pirapan Salirathavibhaga) နဲ့ ပြီးခဲ့တဲ့ အာဏာသိမ်းမှု နှစ်ကြိမ်မှာ ပါဝင်ခဲ့တဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝန်ဆူဝမ် (Prawit Wongsuwan) တို့ဖြစ်ပါတယ်။
“ကျင့်ဝတ်သိက္ခာဖောက်ဖျက်မှုနဲ့ ဝန်ကြီးချုပ်အဖြစ်က ရပ်စဲဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်” လို့ တရားသူကြီးတွေက ပြောပါတယ်။
ဆက်လက်ပြီး ဝန်ကြီးချုပ်ရဲ့ အပြုအမူတွေဟာ “ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရေးမှာ တရားရေးအာဏာပိုင်တွေရဲ့ တရားစီရင်ရေးက အထူးအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ပြုပြင်ပြောင်းလဲရေးအတွက် မဲဆွယ်စည်းရုံးခဲ့တဲ့ Move Forward Party ကို ဖျက်သိမ်းဖို့ အမိန့်ချတာလည်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သောကြာနေ့မှာတော့ Move Forward Party ရဲ့ ကျန်ရှိသေးတဲ့ လွှတ်တော်အမတ်တွေက People’s Party အမည်သစ်နဲ့ အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်းလိုက်ပါတယ်။
ဆေထာထဝီဆင် ကို ဖွေ့ထိုင်းပါတီ နဲ့ ညွန့်ပေါင်းအဖွဲ့တွေက ဝန်ကြီးချုပ်အဖြစ်တင်မြောက်ထားတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆေထာထဝီဆင် ကတော့ “ကျွန်တော့်တာဝန်တွေကို သစ္စာရှိရှိ ရိုးရိုးသားသား ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျင့်ဝတ်သိက္ခာမဲ့တဲ့ ဝန်ကြီးချုပ်အဖြစ် ရာထူးကနေ နုတ်ထွက်ရတဲ့အတွက် အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ အစိုးရအိမ်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနိုင်တဲ့ အလားအလာ ရှိပါတယ်။
အခုလို စီရင်ချက်မျိုးဟာ နိုင်ငံရေးသြဇာရှိသူ သက်ဆင်ရှင်နာဝပ်နဲ့ ကွန်ဆာဗေးတစ် အထက်တန်းလွှာ အီလစ်တွေ၊ စစ်ဗိုလ်ချုပ်တွေ ကြားမှာ ယာယီပြေငြိမ်းရေး ပျက်ပြားသွားခြင်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဘီလျံနာ သူဌေးဖြစ်သူ သက်ဆင်ဟာ ပြည်နှင်ဒဏ်ခံရပြီး ၁၅ နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး အဲဒီ့နေ့မှာပဲ ဆေထာထဝီဆင် က ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
ဆေထာထဝီဆင် ဟာ သက်ဆင်ရှင်နာဝပ်ရဲ့ ရှေ့နေဟောင်း ပီချစ် ချွမ်ဘန်ကို ဝန်ကြီးအဖြစ်ခန့်အပ်တာကို လွှတ်တော်အမတ် အယောက် ၄၀ က အခြေခံဥပဒေနဲ့ ညီမညီ စစ်ဆေးပေးဖို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒီတိုင်းကြားချက်ကို စတင်စစ်ဆေးခဲ့တဲ့ မေလမှာပဲ ပီချစ် ချွမ်ဘန် ဟာ ရာထူးကနုတ်ထွက်သွားခဲ့ပါတယ်။
Ref: ရိုက်တာ
( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
