နောင်ချိုနဲ့ သီပေါမြို့တွေကို စစ်ကောင်စီက တပတ်အတွင်း လေကြောင်းက ၇၅ ကြိမ်ဗုံးကြဲ တိုက်ခိုက်
နောင်ချိုနဲ့ သီပေါမြို့တွေကို စစ်ကောင်စီက တပတ်အတွင်း လေကြောင်းက ၇၅ ကြိမ်ဗုံးကြဲ တိုက်ခိုက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)က နောင်ချိုနဲ့ သီပေါမြို့နယ်တို့ကို စစ်ကောင်စီက တပတ်အတွင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ၇၅ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။
တအာင်းတပ်မတော် တပ်မဟာ (၂) နယ်မြေဖြစ်တဲ့ မြို့တွေကို ဩဂုတ် ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း
စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၅ အထိ လုပ်ဆောင်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့ ဩဂုတ် ၁၄ က နောင်ချိုနဲ့ သီပေါမှာ စစ်ကောင်စီ လေကြောင်းနဲ့ ၂၁ ကြိမ်၊ ၁၃ ရက်နေ့က ၂၆ ကြိမ်အထိ လေကြောင်းကနေ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
နောင်ချိုမြို့နယ်၊ တောင်လမ်းကျေးရွာနဲ့ နောင်လင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ ခမရ (၃၀၂) တပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတွေနဲ့ တအာင်းတပ်မတော်အကြား မနေ့က တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားခဲ့တာပါ။
အဆိုပါ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ နောင်ချိုမြို့နယ်ထဲကို Y12 လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
သီပေါမြို့နယ်မှာလည်း စစ်ကောင်စီ ခလရ (၂၃) တပ်စခန်းနေရာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲချိန်အတွင်း ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ Y12 လေယာဉ်နဲ့ ၁၆ ကြိမ် ဗုံး ၁၂၄ လုံးအထိ စစ်ကောင်စီက ကြဲချခဲ့ပါတယ်။
ဩဂုတ် ၁၃ ရက်ကလည်း အဆိုပါ နေရာတွေမှာပဲ လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ ဗုံးအလုံးရေ ၁၃၀ လောက် ကြဲချခဲ့ပါတယ်။
သီပေါမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ် ၉ ကနေ ၁၃ အထိ ၅ ရက်တာအတွင်း ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သီပေါမြို့နေ ဒေသခံတွေကလည်း လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ကျောက်မဲမြို့နယ်ရှိ နမ့်လန်၊ ပန်လုံဘက်ကို စစ်ဘေးရှောင်ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ TNLA နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွင်မှာသာ မဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ စတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေကို ဦးတည်ကာ ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာ ရှိတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလ ၂ ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်၊ သီပေါ၊ နမ့်ဆန်မြို့နယ်ရှိ ပြည်သူ ၁၈ ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
The Tanintharyi Times