ထားဝယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို တော်လှန်ရေးအဖွဲ့တစ်ခုဖမ်းဆီး
ထားဝယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို တော်လှန်ရေးအဖွဲ့တစ်ခုဖမ်းဆီး
ထားဝယ်မြို့ပေါ်က ဆင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို တော်လှန်ရေးအဖွဲ့ တစ်ခုက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ ဆင်ဆိပ်ရပ်ကွက်လမ်းဆုံအနီး ရေးလမ်းမပေါ်ကနေအိမ်တစ်ဆောင်ထဲကို လက်နက်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့တစ်ခုကဝင်ရောက်လာပြီး အသက် ၆၀ ဝန်းကျင်အရွယ် ဦးကျော်မြင့်ကို ဖမ်းဆီးသွားတာပါ။
“ဝင်လာပြီးတော့ အိမ်ထဲကလူတွေကို ဒူးထောက်ပြီးလက်မြှောက်ခိုင်းထားတယ်။ ဖုန်းတွေလည်းစစ်တယ်” လို့ ဆင်ဆိပ်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
အဲဒီနောက်မှာတော့ ဦကျော်မြင့်ကိုခေါ်ဆောင်သွားပြီး လက်ကိုင်ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရသူဟာ ကြံခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး အုပ်၊ သဲ၊ ကျောက်ရောင်းဝယ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
သူ့ကိုဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီနေရာတဝိုက်မှာပဲ ဆင်ဆိပ်လမ်းဆုံအနီးက ရေးလမ်းပေါ်ကိုဖြတ်သွားတဲ့ စစ်ကောင်စီယာဥ်တန်း သေနတ်တွေနဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီယာဥ်တန်းပေါ်မှာ စစ်ကောင်စီရဲ့နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်ပစ်ခတ်ခဲ့တာကတော့ မှန်ကန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေကဆိုပါတယ်။
ယာဥ်တန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေကလည်း အနီးအနားဝန်းကျင်ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုညနေပိုင်းအထိလည်း စစ်ကောင်စီတပ်သားတွေ ဆင်ဆိပ်လမ်းဆုံတဝိုက်မှာ အင်အားအများအပြားနဲ့ ဆက်ရှိနေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေကိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့အဝင်၊ အထွက်တွေကို စစ်ဆေးရေးဂိတ်တွေချကာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာဖြစ်ပြီး အခုဖြစ်စဥ်တွေဖြစ်ပွားခဲ့တဲ့ ဆင်ဆိပ်ရပ်ကွက်ကတော့ မြို့အဝင်စစ်ဆေးရေးဂိတ်ရှိတဲ့ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ကပ်လျက်ဖြစ်ပါတယ်။
The Tanintharyi Times
