SSPP/SSA နဲ့ TNLA ပစ်ခတ်မှုဖြစ်ပွားပြီး TNLA သီပေါမြို့နယ်မှူး ကျဆုံး

SSPP/SSA နဲ့ TNLA ပစ်ခတ်မှုဖြစ်ပွားပြီး TNLA သီပေါမြို့နယ်မှူး ကျဆုံး

ဓာတ်ပုံ - တအောင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်တပ် မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေ။

နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းပြီး အပစ်အခတ်ရပ်စဲ ခဲ့တယ်လို့ဆို

ရှမ်းပြည်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကို သယ်ယူပို့ဆောင်နေစဉ်မှာ SSPP/SSA တပ်ဖွဲ့ကစတင်ပစ်ခတ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် အပါအဝင် မိုင်းအလင်း၊ မိုင်းအညီ၊ မိုင်းထွန်းအေးတို့ လေး ဦးဟာစစ်သုံ့ပန်းတွေ ပို့ဆောင်ဖို့ သွားရောက်ချိန် သီပေါမြို့နယ် ၊ ကြံခင်း (ရေပူ) ရွာအနီး ကားလမ်းမဘေးမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ အသင့် စောင့်ဆိုင်းနေတဲ့ SSPP/SSA တပ်ဖွဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SSPP/SSA ရဲ့ ပစ်ခတ်မှုကြောင့် TNLA သီပေါမြို့နယ်မှူး ကျဆုံးသွားသလို ရဲဘော် ၃ ဦးကလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်သုံ့ပန်းသယ်ဆောင်လာတဲ့ မြို့နယ်မှူးတို့အဖွဲ့ကို ပစ်ခတ်တာကြောင့် TNLA တပ်ဖွဲ့တွေ ရောက်ရှိကာ ဖြေရှင်းဖို့ ကြိုးစားစဉ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနဲ့ နောင်ပိန်ကြီးကျေးရွာတို့မှာလည်း SSPP/SSA နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ အရင်က သီပေါနဲ့ ကျောက်မဲမြို့တွေကို ဖြတ်သန်းသွားလာရာမှာ SSPP/SSA က TNLA ကို ပစ်ခတ်ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

SSPP/SSA ဘက်ကတော့ TNLA တပ်က SSPP တပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

“ကျနော်တို့ SSPP တပ်ကို TNLA တပ်က ၃ နေရာ စပစ်ခတ်ခဲ့တာ၊ ၃ နေရာစလုံးကို TNLA ဘက်ကပဲ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေချည်းပဲ၊ ဒီဖက်မှာ ကျနော်တို့တပ်စခန်းရှိတယ်၊ စစ်ကြောင်းရှိတယ်ဆိုတာကို TNLA ဘက်ကို ကျနော်တို့က အသိပေးပြောထားပြီးသား၊ TNLA ဘက်က မဟာမိတ်ကျင့်ဝတ်လေးစားလိုက်နာမှု မရှိကြောင်း လုပ်ရပ်တွေက ဖော်ပြနေတယ်” လို့ SSPP စစ်မြေပြင်အရာရှိတဦးက ပြောဆိုကြောင်း SSPP ပြန်ကြားရေးစာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုဖြစ်စဉ် မဖြစ်ခင်ကတည်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်းတလျှောက်မှာ SSPP/SSA က လုံခြုံရေး တပ်ချ ဖြန့်ကျက်နေရာယူထားတဲ့အကြောင်း TNLA ကို အကြောင်းကြားထားတယ်လို့လည်း SSPP/SSA ဘက်က ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်အောက်ခြေ နားလည်မှု လွဲမှားပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာကို သက်ဆိုင်ရာ ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရပ်တန့်အဆုံးသတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ ‘ဝ’ တပ်မတော် UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း နမ့်ခမ်းမြို့နယ်မှာ တပ် ၂ တပ်ကြား နယ်မြေလှုပ်ရှားမှု ပြဿနာတွေ ဖြစ်ခဲ့ကြပြီးနောက် ခေါင်းဆောင်ပိုင်း အချင်းချင်းကြား ညှိနှိုင်းမှု ပြေလည်သွားကာ SSPP/SSA တပ်ဖွဲ့ဝင်တွေကို မူဆယ်မြို့နယ်ဘက်ဆီ ပြန်ပို့ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တပ် ၂ တပ် နယ်မြေလှုပ်ရှားမှု၊ တပ်အပြောင်းအရွှေ့ကိစ္စ၊ အခွန်ကောက်မှု ပြဿနာတွေ ဖြစ်ပွားခဲ့တဲ့ နမ့်ခမ်းမြို့ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ရရှိထားတဲ့ မြို့ဖြစ်ပါတယ်။

The Tanintharyi Times