လေယာဉ်လုပ်တဲ့ ဂျန်ဇီတွေ

လေယာဉ်လုပ်တဲ့ ဂျန်ဇီတွေ

စစ်ရှုံးတပ်ပျက်ကြီးရဲ့ကာချုပ် မင်းအောင်လှိုင်က သူ့တို့စစ်ရှုံးနေရတာဟာ ပြည်ပက ပေးအပ်တဲ့ လက်နက်၊ နည်းပညာနဲ့ ရိက္ခာတွေကြောင့်လို့ ငြီးတွားတာ ကြားလိုက်ရတယ်။

စစ်ကောင်စီပိုင် ရုပ်မြင်သံကြားကတစ်ဆင့် မနေ့က (ဩဂုတ် ၅ ရက်)ညနေမှာ ပြောသွားတာပါ။

ဘယ်သတင်းအရင်းအမြစ်ကို ကိုးကားပြောဆိုတယ်တော့ မသိဘူးပေါ့လေ။

သူပြောတဲ့အချို့အချက်အလက် အမှားအမှန်က တော်လှန်ရေးရဲဘော်တွေရယ်၊ တော်လှန်ရေးကို နိုင်ရာဝန်ထမ်း ပါဝင်နေကြတဲ့ ထောက်ပို့တွေရယ်၊ တော်လှန်ရေးနယ်မြေက ပြည်သူတွေရယ်က အသိဆုံးပါ။

ဒီလူ(မင်းအောင်လှိုင်)ဟာ ဒီဘက်ခေတ်နည်းပညာနဲ့ နည်းပညာ လေ့လာမှုအပိုင်းမှာ ရှက်

ဖွယ်လိလိကို ဉာဏ်ရည် မမီဘူးဆိုတာကို ပြသသွားတဲ့ စကားတစ်ခွန်း ပြောသွားပါတယ်။

တော်လှန်ရေးအဖွဲ့တွေ သုံးနေတဲ့ ဒရုန်းတွေကို “ပြင်ပကြေးစား နည်းပညာရှင်များ”က အကူအညီပေး အဆင့်မြင့်ထားသတဲ့။

ကိုယ့်ကိုကိုယ် “လူပိန်း” ဆိုတာ တိုင်းသိပြည်သိကမ္ဘာသိ ဖော်ပြလိုက်တာပါပဲ။

ဒီလူကို ဖမ်းမိရင်တော့ လေယာဉ်လုပ်နေတဲ့ ဂျန်ဇီရဲဘော်လေးတွေဆီ နားရွက်ဆွဲ ခေါ်ပြရတော့မှာပဲ။

အေးလေ။

မင်းအောင်လှိုင်လိုလူက သူ့အရွယ်၊ သူ့အသိနဲ့ အဲလိုထင်နေတာ အသာထား။ ကိုယ်တွေတောင် လူငယ်လေးတွေက တောထဲမှာ စက်ရုံမဆိုထား၊ လျှပ်စစ်တောင် နှပ်မမှန်ဘဲ လေယာဉ် ကိုယ်တိုင်လုပ်ကြတယ်ဆိုတာ ကိုယ့်တွေ့မျက်မြင်မို့သာ ယုံရတာပါ။

ဟိုစက္ကူပြားလေး လှီး၊ ဒီသစ်သားပြားလေးဖြတ်၊ ဒီရော်ဘာပြားလေး ဝိုင်း၊ ကော်နဲ့ကပ်၊ တူနဲ့ရိုက်၊ လေယာဉ်ပုံလေးထွက်။

ကက်ဆက်တွေမှာ တွေ့ရတတ်တဲ့ ဆားကစ်ပြားလိုမျိုးလေးတွေ လေယာဉ်မှာတပ်ပြီး မိုးပေါ်လွှတ်တင်၊ အောက်က ကွန်ထရိုးနဲ့ စမ်းသတ်မောင်းနှင်နေတဲ့ တောထဲက ဂျန်ဇီလေးတွေ။

သူတို့လေးတွေ လေယာဉ်ပျံသန်းစမ်းသပ်ရင် ကိုယ်တွေလည်း ရွာထဲက ကလေးတွေနဲ့အပြိုင် လိုက်ပြေးကြည့်ရတာ အမော။ အံ့ဩလွန်းလို့လေ။

လေယာဉ်လုပ်တဲ့ ဂျန်ဇီရဲဘော်လေးတွေကို မြင်ရတာက စာထဲ သင်ရတဲ့ လေယာဉ် ပထမဆုံးလုပ်တဲ့ ရိုက်(လ်)ညီနောင်ကို အပြင်မှာ ကိုယ့်တွေ့ မြင်ရတာမျိုး။

သူတို့ ပြောစကားအရဆို သူတို့လေယာဉ်လေးတွေက ၅ နှစ်သား ကလေးငယ်တစ်ယောက်စာ အလေးချိန်ရှိတဲ့ ပစ္စည်းတွေ သယ်နိုင်သတဲ့။

“ဟာ..၊ မင်းတို့ကောင်တွေ ပစ္စည်းသာ ကောင်းကောင်းရှိရင် လူစီးတဲ့ လေယာဉ်တောင် ကိုယ့်ဘာသာကိုယ် လုပ်မယ့်ကောင်တွေပဲ” ဆိုတော့ သူတို့က ပြုံးပါတယ်။

“အရင်းအနှီး ထုတ်ပေးကြည့်လေ..” တဲ့။

ရန်သူ့စခန်းမှာ “ စခန်းပေါ် လေယာဉ်မပျံသန်းနိုင်အောင်” ဘယ်လိုနည်းပညာမျိုးနဲ့ပဲ လုပ်ထားပါစေ၊ သူတို့လေယာဉ်တွေ ပျံနိုင်သတဲ့လေ။

သူတို့နဲ့အတူ မင်းအောင်လှိုင် ပြောသလို “ပြင်ပကြေးစားပညာရှင်တွေလည်း တစ်ယောက်မှ မတွေ့ရပါဘူး။

သူတို့အဖွဲ့ကတောင် အခြားမြို့နယ်တွေက အဖွဲ့တွေကို စုခေါ်ပြီး လေယာဉ်လုပ်နည်း၊ ဗုံးချနည်းတွေ သင်တန်း ပြန်ပေးလိုက်သေး။

အဲဒါ အခြားနေရာတွေမှာ မဟုတ်ဘူးနော်။

တနင်္သာရီတိုင်းထဲက ထားဝယ်ခရိုင်မှာ။

တနင်္သာရီတိုင်းက ဘယ်မြို့နယ်က ဒရုန်းသမားတွေမဆို လေယာဉ်လုပ်တတ်နေပြီးသား၊

ဆိုတော့ ကိုယ့်မျက်စိရှေ့မှာပဲ ဒါးတစ်ချောင်းနဲ့ လေယာဉ်တွေလုပ်၊ ပျံသန်းပြနေတဲ့၊ လေယာဉ်လုပ်တဲ့ သင်တန်း၊ လေယာဉ်နဲ့ ဗုံးချတဲ့သင်တန်းတွေကို ပေးနေတဲ့၊ အဲဒီသင်တန်းသားတွေနဲ့ တိုင်ပင်နှီးနှောနေတဲ့ ဂျန်ဇီရဲဘော်လေးတွေကို မေးကြည့်ရတာပေါ့။

“မင်တို့ ဘယ်က သင်လာကြတာလဲကွာ”

ဆိုတော့ သူတို့ ပြုံးပြုံးလေးဖြေတယ်။

“ကျနော်တို့ လည်း အခြေခံကို အခြားနယ်က ရဲဘော်တွေဆီက သွားသင်ရ၊ လေ့လာရတာပေါ့။ ပြီးရင် သူတို့နဲ့ စုပေါင်းပြီး ပိုကောင်းအောင် တီထွင်ကြတာပေါ့” တဲ့လေ။

ကြည့်စမ်း၊

ဒါဟာ နည်းပညာတစ်ရပ်ကိူ သင်ကြားယုံမက ဆင့်ပွားဖြန့်ကျက် စုပေါင်းတီထွင်ကြံဆမျှဝေမှုစနစ်ပဲ။

ဘယ်တော့မှ မပြီးဆုံးတဲ့ အသစ်အသစ်သော ခေတ်မှီစက်ရုံထုတ် နည်းပညာတွေကို တောနဲ့တောင်ကနေ စိန်ခေါ်ဖြတ်ကျော်ဖို့အတွက် စုပေါင်းတီထွင်ကြံဆမျှဝေမှုစနစ်ကို ဂျန်ဇီလေးတွေ ဖော်ဆောင်နေကြတယ်လေ။

အင်တာနက်အွန်လိုင်းပေါ်ကလည်း သူတို့ နည်းပညာတွေ ရှာကြတယ်။ သူတို့ အဲ့လိုရှာဖို့ မအားလပ်ကြရင် နိုင်ငံတကာရောက် သူ့တို့မိတ်ဆွေဂျန်ဇီလေးတွေက ကူရှာပေးကြ၊ ကူစဉ်းစားပေးကြတယ်။

လွယ်လွယ်ပြောရရင်တော့ စစ်ကောင်စီက သူတို့တပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေ၊ ကားတွေ၊ သင်္ဘောတွေပေါ် ဒရုန်းတွေ ပျံလို့မရတဲ့ ဂျန်ဘာစက်တွေ တပ်ဆင်ကြတယ်။ ဂျန်ဇီလေးတွေက အဲဒီစက်တွေ ရှိလည်း သူတို့လုပ်ထားတဲ့ လေယာဉ်တွေ ပျံလို့ရအောင် လုပ်ကြတယ်ဆိုပါတော့။

ဒီတီထွင်မှုတွေက တစ်ကြိမ်တည်းနဲ့ ပြီးသွားတာမျိုးမဟုတ်ဘူး။

စစ်ကောင်စီဘက်ကလည်း အခြားစက်တွေ လဲလှယ် တပ်ဆင်ပြန်တယ်။ ဂျန်ဇီလေးတွေကလည်း အသစ်တပ်ဆင်တဲ့စက်ကို ကျော်လို့ရအောင် လုပ်ကြပြန်တယ် ဆိုတာမျိုး။

စက်ရုံထုတ်၊ နိုင်ငံတကာပညာရှင်ကြီးတွေထုတ်တဲ့ နည်းပညာကို တောနဲ့တောင်က စုပေါင်းတီထွင်ကြံဆ မျှဝေမှုစနစ်နဲ့ ပြန်တိုက်နေတဲ့ ဂျန်ဇီလေးတွေ။

သူတို့နဲ့အတူ “ပြင်ပကြေးစားပညာရှင်တွေ” တစ်ယောက်မှ ရှိမနေဘူးဆိုတာ မင်းအောင်လှိုင်ကို နားရွက်ဆွဲပြီး ပြချင်တယ်။

ဒီဂျန်ဇီလေးတွေလား..၊

“ပြင်ပကြေးစားပညာရှင်တွေ”ကို ငွေကုန်ခံ ငှားမယ့်အစား လူစီးလို့ရတဲ့ လေယာဉ်တွေ စက်ရုံမရှိဘဲ လုပ်ပြလိမ့်မယ်။ မယုံရင် သူတို့ကို အရင်းအနှီး ထုတ်ပေးလိုက်ကြ။

မောင်ဂျေ

The Tanintharyi Times